Thursday 1 October 2020

နောက်ဆုံးတိုက်ပွဲ


      သမ္မတ စဖြစ်ပြီဆိုကတည်းက အရင့်အရင်သမ္မတတွေနဲ့ မတူဘဲ ဘာပဲလုပ်လုပ် ပွဲဆူလေ့ရှိတဲ့ သမ္မတထရမ့် လေးနှစ်သက်တမ်းပြည့်ခါနီးမှာ နောက်ဆုံးတိုက်နေရတဲ့ တိုက်ပွဲကတော့ တရားရုံးချုပ် တရားသူကြီးတစ်ယောက် ကွယ်လွန်လို့ လစ်လပ်သွားတဲ့တစ်နေရာ အစားထိုးပြန်ခန့်ဖို့ ကြိုးစားနေရခြင်း ဖြစ်ပါတယ်။
.
. . . သာမန်အားဖြင့်ကတော့ အမေရိကန်အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်း လစ်လပ်သွားတဲ့ တရားသူကြီးတစ်ယောက်ကို သမ္မတက အမည်စာရင်းတင်သွင်း လွှတ်တော်က လိုအပ်တဲ့ စိစစ်ကြားနာမှုတွေလုပ်ပြီး အတည်ပြုခန့်အပ်လိုက်တာဆိုပေမယ့် အခြေအနေက ထင်သလောက် မရိုးရှင်းပါဘူး။
.
. . . ပထမဆုံးအချက်က သမ္မတရွေးကောက်ပွဲ အလွန်ကိုနီးကပ်နေတဲ့အချိန်ဖြစ်တဲ့အပြင် အမေရိကန်တစ်လွှားက ကြိုတင်မဲပေးမယ့်သူတွေက မဲပေးပြီးကုန်ကြပါပြီ။ ဒီလိုအချိန်မျိုးမှာ လစ်လပ်တရားသူကြီးတစ်ယောက်ကို အမည်စာရင်းတင်သွင်းပြီး ခန့်အပ်ဖို့ ကြိုးစားတာက အမေရိကန်သမိုင်းမှာ မရှိခဲ့သေးဘူးလို့ ဆိုပါတယ်၊ အခြေခံဥပဒေအရ သမ္မတရဲ့ လုပ်ပိုင်ခွင့်ဘောင်ဝင်ပေမယ့် ဒီလိုအခြေအနေမျိုးမှာ ဒီလိုလုပ်တာက ကျင့်ဝတ်နဲ့မညီတဲ့ သဘောမျိုး ကန့်ကွက်နေကြတာတွေရှိပါတယ်
.
. . . အထူးသဖြင့် သမ္မတလောင်းပြိုင်ဘက် ဂျိုးဘိုင်ဒင်က သူသမ္မတဖြစ်ခဲ့ရင် ဒီအမည်စာရင်းတင်သွင်းမှုကို ပြန်လည်ရုပ်သိမ်းပြီး အမည်စာရင်းအသစ်ပြန်တင်မယ်လို့ ဆိုပါတယ်၊ အောက်လွှတ်တော်ဥက္ကဌ ဒီမိုကရက်အမတ် နန်စီပလိုစီကလည်း ဒါကို ခုချိန်မှာ မလုပ်သင့်ဘူးလို့ ကန့်ကွက်နေပါတယ်၊ ဒါ့အပြင် တခြားသော ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေးသမားတွေအပိုင်းက ကန့်ကွက်နေကြတာတွေ ကျယ်ကျယ်လောင်လောင် လုပ်နေကြပေမယ့် ထောက်ခံတဲ့သူတွေကလည်း ဒုနဲ့ဒေးပါပဲ၊
.
. . . ဒုတိယ အချက်ကတော့ လက်ရှိ တရားသူကြီးတွေရဲ့ ဝါဒစွဲတွေနဲ့ ဆိုင်ပါတယ်၊ တရားသူကြီးဆိုသော်လည်း သူတို့လည်း လူဖြစ်တဲ့အတွက် သူတို့ယုံကြည်ရာ ဝါဒစွဲတွေ ကိုယ်စီရှိကြပါတယ်။ သူတို့ကို ဘယ်သမ္မတက ခန့်ခဲ့သလဲ ဆိုတာအပေါ် မူတည်ပြီး သူတို့ရဲ့ ဝါဒစွဲကို ပြောကြတာ ဖြစ်ပါတယ်၊ အခုလက်ရှိ တရားသူကြီးချုပ်အပါအဝင် တရားသူကြီးစုစုပေါင်း ရှစ်ဦး ရှိတဲ့အနက် ရီပတ်ပလစ်ကင် သမ္မတွေဖြစ်တဲ့ ဘုရှ် စီနီယာနဲ့ ဂျူနီယာ၊ လက်ရှိသမ္မတ ထရမ့် တို့ ခန့်ခဲ့တဲ့ တရားသူကြီးက ငါးဦးရှိနေပြီး ဒီမိုကရက်သမ္မတတွေဖြစ်တဲ့ ကလင်တန်နဲ့ အိုဘားတို့ ခန့်ခဲ့တဲ့ တရားသူကြီးက သုံးဦးပဲ ရှိပါတယ်။ ထရမ့်ရဲ့ လေးနှစ်သက်တမ်းအတွင်းမှာ ယခင်က တရားသူကြီး ၂ ယောက်နေရာလွတ်လို့ ခန့်အပ်ခဲ့တာရှိပြီး အခုအခါ တရားသူကြီး Ruth Bader Ginsburg ကွယ်လွန်သွားတဲ့အတွက် သူ့နေရာကို တစ်ယောက်ထပ်ခန့်ခဲ့ရင် ရီပတ်ပလစ်ကင် တရားသူကြီး ၆ ဦးအထိဖြစ်လာမှာဖြစ်ပါတယ်၊ တရားရုံးချုပ်လို နိုင်ငံတော်တရားစီရင်ရေး အထွတ်အထိပ် အာဏာအပ်နှင်းထားရတဲ့နေရာမှာ အခုလိုမျိုး နိုင်ငံရေးဝါဒစွဲ မမျှမတဖြစ်နေမှာကို မလိုလားဘူးလို့ ဝေဖန်သူတစ်ချို့က ဆိုကြပေမယ့် သမ္မတ ထရမ့်ကတော့ ဒါဟာ အခြေခံဥပဒေက ပေးထားတဲ့ သမ္မတ အခွင့်အာဏာသာဖြစ်လို့ သူ့မှာ ခန့်ခွင့်ရှိတယ်လို့ ဆိုနေပါတယ်။
.
. . . အထက်မှာ ဆိုခဲ့သလို ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ဖြစ်နေတဲ့ ကြားကပဲ အစားထိုးခန့်အပ်မည့် တရားသူကြီးတစ်ဦး အမည်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ကသမ္မတထရမ့် ကြေညာခဲ့ပါတယ်။ အသက် ၄၈ နှစ်အရွယ် နော်တာဒိမ်းတက္ကသိုလ်က ဥပဒေပညာရှင် လက်ရှိမှာလည်း တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အေမီကော်နီဘားရက် ဆိုသူကို အမည်စာရင်းတင်သွင်းလိုက်ခြင်းပဲ ဖြစ်ပါတယ်။
.
. . . ရှေးရိုးစွဲဘာသာရေးကိုင်းရှိုင်းတယ်လို့ နာမည်ကြီးတဲ့ အေမီတစ်ယောက် တရားသူကြီးခန့်အပ်ရေး လုပ်ငန်းစဉ်အရ ဆီးနိတ်မှာ လိုအပ်တဲ့ ကြားနာစစ်ဆေးမှုနဲ့ မဲခွဲဆုံးဖြတ်မှုကို ခံယူရအုံးမှာပါ။ လက်ရှိ ဆီးနိတ် အထက်လွှတ်တော်ထဲမှာ ဥက္ကဌဖြစ်တဲ့ ထရမ့်ရဲ့ ဒုသမ္မတ မိုက်ခ်ပန့်စ် နဲ့ ရီပတ်ပလစ်ကင် အမတ် ၅၂ ဦး၊ ဒီမိုကရက်အမတ် ၄၇ ဦးနဲ့ တစ်သီးပုဂ္ဂလအမတ် ၂ ဦးရှိနေတဲ့အတွက် အများစုနဲ့ အနည်းစု အမတ်ဦးရး သိပ်မကွာလှပါဘူး။ သမ္မတ ထရမ့်အနေနဲ့လည်း သူလုပ်သမျှတိုင်းကို သူ့ရဲ့ မိခင်ပါတီ ရီပတ်ပလစ်ကင်က ထောက်ခံလေ့ မရှိတာမို့ ခုတစ်ကြိမ် တရားသူကြီးခန့်တဲ့ ကိစ္စမှာ လွှတ်တော်ထဲက ရီပတ်ပလစ်ကင်အမတ်တွေရဲ့ ရပ်တည်ချက်အပေါ်မူတည်ပြီး သမ္မတထရမ့် (ပထမ)သက်တမ်းရဲ့ နောက်ဆုံးတိုက်ပွဲ အနိုင်အရှုံးက အဆုံးအဖြစ်အဖြေဖြစ်သွားမှာမို့ ငွေရောင်ပိတ်ကားပေါ်မှ ဆက်လက်စောင့်မျှော်ကြည့်နေရမှာဖြစ်ပါကြောင်း
.
ဗိုလ်ကောင်း
၁ အောက်တိုဘာ ၂၀၂၀
.
Photo credit
http://www.financetwitter.com/.../us-supreme-court-judges...
See Less

No comments:

Post a Comment