Tuesday 2 February 2021

အရေးပေါ်အခြေအနေဆိုတာ



သာမန်လုပ်ရိုးလုပ်စဉ် ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေအတိုင်း ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းစဉ်တွေ အဆင်ပြေချောမွေ့မှုရှိတော့မှာ မဟုတ်လို့ သက်ဆိုင်ရာ အာဏာပိုင်ကို လိုအပ်တဲ့ နည်းလမ်းတွေသုံးခွင့်ပြုနိုင်ဖို့ ကြေညာရတဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါတယ်၊
.
အမေရိကန်လို နိုင်ငံမျိုးမှာ သဘာဝဘေးအန္တရာယ်ကျရောက်ရင်တောင် အရေးအပေါ်အခြေအနေ ကြေညာရပါတယ်၊ ကြေညာရတဲ့ အဓိက အကြောင်းရင်းက သက်ဆိုင်ရာ ကယ်ဆယ်ရေးတပ်ဖွဲ့တွေက လိုအပ်တဲ့ ကယ်ဆယ်မှု လုပ်ငန်းတွေကို အနှောင့်အယှက်မရှိလုပ်နိုင်အောင်ပါ၊ ဒါကြောင့်မို့လို့ အရေးပေါ်အခြေအနေ ကြေညာတာနဲ့အတူ နိုင်ငံသားတွေရဲ့ အခွင့်အရေးတစ်ရပ် သို့မဟုတ် တစ်ရပ်ထက်ပိုပြီး ရုပ်သိမ်းခွင့်ကိုပါ တစ်ပါတည်း ပေးအပ်ရပါတယ်၊ ဥပမာ အားဖြင့် ကိုယ့်အိမ်မှာ ကိုယ်နေတာ ကိုယ်အခွင့်အရေးဆိုပေမယ့် လိုအပ်လို့ အိမ်ကို စွန့်ခွာစေတဲ့ အမိန့်ကို ပေးတဲ့အခါ သာမန်အခြေအနေမျိုးမှာ သူ့ရဲ့ နိုင်ငံသားအခွင့်အရေးကို ထိပါးစေတာမျိုးမို့လို့ တရားဥပဒေနဲ့ ညီညွတ်ခြင်း မရှိပေမယ့် အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ကာလဒေသအတွင်းမှာ အစိုးရ သို့မဟုတ် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက လူတစ်ယောက်ကို အိမ်ထဲကနေ အတင်းအကျပ် အင်အားသုံးပြီး ဆွဲထုတ်နိုင်တဲ့ တာဝန်ရော လုပ်ပိုင်ခွင့်ပါ အပ်နှင်းထားတဲ့အခါ အဲသည်အလုပ်ကို ဥပဒေနဲ့အညီ လုပ်ဆောင်နိုင်ဖို့အတွက် သက်ဆိုင်ရာ နိုင်ငံသားရဲ့ မူလအခွင့်အရေးတစ်ရပ်ကို ရုပ်သိမ်းပေးထားရပါတယ်
.
အခြေခံဥပဒေ ပုဒ်မ ၄၂၀ မှာ အရေးပေါ်ကာလ ကြေညာထားစဉ်အတွင်း နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေး ကန့်သတ် ရုပ်သိမ်းထားနိုင်တဲ့ အခွင့်အာဏာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အပ်နှင်းထားတာဖြစ်တဲ့အတွက် အခြေခံ ဥပဒေ အခန်း ၁၁ အသက်ဝင်ကျင့်သုံးနေတဲ့ ကာလအတွင်း အခန်း ၈ မှာ ပြဌာန်းထားတဲ့ အခွင့်အရေးတွေကို နှိုင်းနှိုင်းဆဆ ဆင်ခြင်ကျင့်သုံးကြဖို့ လိုတယ်ဆိုတာ သတိထားမိနိုင်အောင်လို့ ဒီစာကို မိတ်ဆွေများအတွက် ရေးသားတင်ပြခြင်းဖြစ်ပါတယ်
.
ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျ

No comments:

Post a Comment