Wednesday 16 August 2017

ပန်းပွင့်လေး သတိရ


. . . လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်တုန်းက မန္တလေးမှာ ကျောင်းတက်နေတဲ့ ညီမငယ်လေးကို "ဇေယျာကမ်းအလှပန်းချီ" သီချင်းဆိုတတ်အောင် လေ့ကျင့်ဖို့နဲ့ နေရာကျကျ ဆိုပြတတ်ပြီဆိုရင် မုန့်ဖိုး တစ်သောင်း ဆုချမယ်လို့ ကမ်းလှမ်းဖူးတယ်။ အဲသည်တုန်းက တစ်သောင်းဆိုတာ ကျွန်တော် တစ်လသုံးငွေရဲ့ သုံးချိုးတစ်ချိုးလောက်ရှိပါတယ်။ ဒါပေမယ့် ညီမလေးက အဲသည်သီချင်းကို ဆိုပြဖို့ နေနေသာသာ အဆုံးထိအောင်တောင်မှ နားထောင်ဖြစ်ခဲ့ရဲ့လား မသိပါဘူး။ ကိုယ်တွေက ကိုယ်မြတ်နိုးတဲ့ အနုပညာကို ကိုယ့်ချစ်တဲ့သူတွေလည်း မြတ်နိုးစေချင်တာကိုး . . .
.
. . . အခု ပန်းပွင့်လေး တဖြည်းဖြည်းနဲ့ ကြီးလာတော့ ပန်းပွင့်လေးကို ဖြစ်စေချင်တာလေးတွေက တဖြည်းဖြည်း များလာသလိုပဲ။ ဒါတောင် သိပ်လောဘတကြီးနဲ့ ဘက်စုံကြီးထူးချွန်နေစေချင်လောက်အောင် ဇောကပ်နေတာကြီးမျိုး မဟုတ်သေးဘူး။ တစ်ခါတစ်ခါကျတော့လည်း ကိုယ့်စိတ်ကူးယဉ်တဲ့အထဲမှာ မပါတဲ့ နေရာမှာ သူက အစွမ်းပြချင် ပြနေပြန်ရော။ ဥပမာ ပန်းချီဆွဲတာမျိုးပေါ့။ ကိုယ်ကိုယ်တိုင်လည်း အရုပ်ဆွဲတာတွေဘာတွေ သိပ်ဝါသနာလည်းမပါဘူး၊ မြန်မာပြည်မြေပုံတောင် အဖြစ်ရှိအောင် ဆွဲတတ်တာ မဟုတ်ဘူးရယ်။ ဟော ပန်းပွင့်လေးကျတော့ အရုပ်တွေဘာတွေ ဆွဲတာ ၀ါသနာပါတယ်၊ ပန်းချီလည်းဆွဲတယ်၊ ဆရာနဲ့ဘာနဲ့ သေချာသင်လိုက်တော့ ကိုယ်တောင် အံ့သြယူရတဲ့ ပုံလေးတွေ ထွက်လာရော။ ဘ၀က အဲလိုပါဆို၊ ကိုယ်ဖြစ်စေချင်တာက တစ်မျိုး၊ သူဖြစ်နေတာက တစ်မျိုး . . .
.
. . . ကိုယ်မြင်ချင်တဲ့ ပန်းပွင့်လေးရဲ့ အရွယ်ရောက်တဲ့ အခြေအနေတွေကို ခြုံငုံကြည့်လိုက်ရင် ပန်းပွင့်လေးကို မြန်မာဆန်တဲ့ မြန်မာမလေး ဖြစ်စေချင်တာပါလား ဆိုတာ တွေ့မိတယ်။ မြန်မာမလေးဆိုလို့ ဆံပင်ကြီးပေါင်လယ်လောက်နဲ့၊ လုံခြည်ခြေဖျားထိအောင်ဝတ်ပြီး မျက်လွှာလေးချလို့ နေရာတကာ ဣိနြေ္ဒကြီးတစ်ခွဲသားနဲ့ လူကြားမတိုးတဲ့ မိန်းကလေးမျိုးကို ပြောတာ မဟုတ်ပါဘူး။ ဖတ်ဖူးတဲ့ ၀တ္ထုတစ်ပုဒ်ထဲက (ဂျာနယ်ကျော်မမလေး ထင်တယ်) မြန်မာဆန်ဆန် ထက်ထက်မြက်မြက် နဲ့ ကိုယ့်ယဉ်ကျေးမှုကို အထင်တကြီး လေးစားမြှင့်တင်တတ်တဲ့ မိန်းကလေးမျိုးကို ပြောတာပါ . . .
.
. . . အိနြေ္ဒရရ ထက်ထက်မြက်မြက် မြန်မာ့ယဉ်ကျေးမှုကိုလည်း အတန်အသင့်တီးမိခေါက်မိရှိတဲ့ မိန်းကလေးတွေ မြင်မိရင် ပန်းပွင့်လေးအတွက် အားကျစိတ်နဲ့ ကြည့်မိတယ်။ ပန်းပွင့်လေးကို မြန်မာအကလေး အခြေခံကျကျ နည်းလမ်းတကျ ကတတ်စေချင်တယ်။ မြန်မာကဗျာနဲ့ စာပေတွေကိုလည်း မြတ်နိုးတတ်စေချင်တယ်။ မြန်မာ့ဂီတကိုလည်း တီးမိခေါက်မိရှိပြီး တူရိယာတစ်ခုကိုတော့ ကျွမ်းကျွမ်းကျင်ကျင် တီးတတ်စေချင်တယ်။ အားကစားဆိုရင်လည်း လူဝင်ဆံ့လောက်တဲ့ အတိုင်းအတာအထိ တစ်ခုခုမှာ အစွမ်းပြနိုင်စေချင်တယ် . . .
.
. . . ပညာရေးမှာတော့ ပန်းပွင့်လေးကို အတန်းထဲမှာ အဆင့်တစ်ရတာတွေဘာတွေအတွက် ဖိအားမပေးကြေး ဆိုပြီး ပန်းပွင့်လေးမေမေနဲ့ နှစ်ဦးသဘောတူထားတာ ရှိတယ်။ မိဘဖိအား မရှိသော်လည်း သူကျင်လည်နေတဲ့ ပတ်ဝန်းကျင်ဖိအားက ရှိနေအုံးမှာမို့ အဲလို ဖိအားမရှိတဲ့ (နည်းတဲ့) ၀န်းကျင်ကောင်းလေးကိုလည်း ရှာရတာအမောပေါ့။ အဓိကကတော့ သူ့ဘ၀အတွက် သိပ်ပြီး တန်ဖိုးမရှိတဲ့၊ ပေးဆပ်ရတဲ့ စိတ်ဖိစီးမှု ကြိုးစားအားထုတ်မှုတွေနဲ့ မထိုက်တန်ဘူးလို့ ကိုယ်တွေထင်တဲ့ တန်ဖိုးတွေနောက် လိုက်နေရတာထက်စာရင် ကလေးတစ်ယောက်ရဲ့ ဘ၀ကို အဓိပ္ပာယ်ရှိရှိ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခွင့်ရပြီး တစ်သက်တာအတွက် လိုအပ်တဲ့ စိတ်ခွန်အား ခန္ဓာခွန်အားနဲ့ ပညာခွန်အားတွေ ရနိုင်တဲ့ ရေခံမြေခံကောင်းမှာ ကလေးကို ကြီးထွားရှင်သန်ခွင့် ပေးချင်တယ်။ ပန်းပွင့်လေးရဲ့ ဘ၀တစ်သက်တာလုံး ဘယ်တော့ပြန်တွေးတွေး သူမှတ်မိနိုင်သလောက် မှတ်မိမယ့် ကလေးဘ၀ဟာ ပျော်စရာလေးတွေ ပြည့်နေစေချင်တယ်။ ယုံကြည်မှုတွေ ပြည့်နေစေချင်တယ်။ သူ့ရဲ့ ကလေးဘ၀က လှပတဲ့ နေ့ရက်ကလေးတွေကို သူရောက်ရာအရပ်မှာ အခြားသူတွေကို မျှဝေပေးချင်စိတ်ရှိတဲ့ နှလုံးလှမိန်းကလေးတစ်ယောက် ဖြစ်စေချင်မိတယ် . . .
.
. . . တစ်ခါတစ်လေ ပန်းပွင့်လေး ကျောင်းကပြန်လာတဲ့အခါ သူနားချိန်မှာ ကျောင်းကအကြောင်းတွေ မေးလို့ ပြောပြတဲ့အခါ သင်ခန်းစာတွေအကြောင်းရောက်ရင် ကိုယ်က တစ်ခုခုဆို နှိုက်နှိုက်ချွတ်ချွတ် အပြည့်အ၀ သိစေချင်တဲ့ လောဘမျိုးနဲ့ ဖိအားပေးမိတတ်လေးကိုလည်း ကိုယ့်ဘာသာ သတိထားနေရတယ်။ ပန်းပွင့်လေးတင် မဟုတ်ပါဘူးလေ၊ နေပြည်တော်က သားတော်မောင်ဆိုရင်လည်း ဒီလိုပဲ၊ သင်ထားသမျှစာ အကုန်သိနေရမယ်လို့ ကိုယ်က လိုချင်စိတ်ဖြစ်မိတဲ့အခါ သူတို့ခမျာ ကိုယ်နဲ့ စကားပြောဖို့တောင် စိတ်မပါတော့တာမျိုးပေါ့။ သားကတော့ နည်းနည်းကြီးပြီဆိုတော့ ဖိအားကို နည်းနည်းပါးပါး ခံနိုင်ရည်ရှိနေပါပြီ။ ပန်းပွင့်လေးကို စာနဲ့ ပတ်သက်တဲ့ ဖိအား မပေးဘူး ဆိုပေမယ့် နေ့စဉ်ကြုံတွေ့နေရတဲ့ သူ့အခက်အခဲလေးတွေအတွက်တော့ ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ သတ္တိမျိုး မွေးပေးဖို့ ကြိုးစားရတာပါပဲ။ တစ်ခုခုဆို နေရာတကာ ၀င်မကူညီဘဲ သူ့ဘာသာ ပြေလည်အောင် ကြိုးစားတာကို နံဘေးကနေ အပြုသဘောနဲ့ အားပေးတာမျိုးပေါ့။ သူ့ရဲ့ ကိုယ်ပိုင်ပြဿနာလေးတွေကို ဖြစ်နိုင်သမျှ ၀င်မဖြေရှင်းပေးဘဲ သူ့ဘာသာ ဖြေရှင်းနေတာကို နံဘေးက အသိအမှတ်ပြု အားပေးတာမျိုးတာပါ . . .
.
. . . ကလေးဆိုတာ ပူဆာတတ်တာ သဘာဝကျပေမယ့် စည်းကမ်းလေးတစ်ခုနဲ့တော့ ထိန်းထားရတယ်။ စာအုပ်ဆိုင်ပို့တယ် ပန်းပွင့်လေး အကြိုက်ဆုံး စာအုပ်တစ်အုပ်ရွေး ဆိုပြီး သူရွေးတာကျ ကိုယ်က အမှန်တကယ် ၀ယ်ပေးရတာမျိုးပေါ့။ တစ်ခါတစ်လေကျတော့လည်း သူ့ခမျာ ကြိုက်တဲ့စာအုပ်က တစ်အုပ်မက ဖြစ်နေလို့ ဗျာများရတာမျိုးလည်း ရှိတယ်။ ဟိုစာအုပ်ချလိုက် ဒီစာအုပ်ကောက်ကိုင်လိုက်၊ ကိုယ့်သမီးလေး အဲလို ဗျာများနေတာ မကြည့်ရက်ပေမယ့် သူ့ဘ၀တစ်ခုလုံးအတွက် အရေးကြီးတဲ့ ကိုယ့်ဆုံးဖြတ်ချက်တွေ ကိုယ့်ဘာသာချတတ်အောင် ဒီလိုပဲ လေ့ကျင့်ပေးရပဲမို့ နံဘေးကပဲ အသာကြည့်နေရတယ်။ သူ့ဘာသာ တစ်ခုကို ရွေးပြီးသွားမှ သူသိပ်လိုချင်နေတဲ့ နောက်တစ်အုပ်ကို ဖေဖေ၀ယ်ပေးတာဆိုပြီး ၀ယ်ပေးလိုက်တာမျိုးတော့ လုပ်ဖြစ်ပါတယ်။ အရုပ်ဆိုင်ရောက်ရင်လည်း သူ့ခမျာ တစ်ခုပဲရမယ် ဆိုတဲ့ စည်းကမ်းအရ တော်တော်လေး တိုင်ပတ်တဲ့အခါတွေရှိတယ်။ အရုပ်တစ်ခုကို ကောက်လာတယ်၊ နောက်တစ်ခုတွေ့တော့ အရင်တစ်ခုကို သွားပြန်ထားတယ်၊ နောက်အရုပ် နောက်အရုပ်၊ ပြီးမှ စိတ်ပြောင်းပြီး အရင်ထားခဲ့တဲ့ အရုပ်တွေ သွားပြန်ကိုင်တယ်။ ကိုယ်က နံဘေးက သူသိသင့်တာလေးတော့လည်း နားလည်အောင် ပြောပြပေးပါတယ်။ ဒီအရုပ်ဆိုရင် သမီးအတွက် ဘယ်လို အသုံးဝင်တယ်။ ဒီဟာကတော့ သိပ်အသုံးမ၀င်ဘူး၊ ဒါပေမယ့် သမီးကြိုက်တာ ယူခွင့်ရှိပါတယ် ဆိုပြီး သူ့ကို ဆုံးဖြတ်ခွင့်ပေးတာမျိုး . . .
.
. . . နေပြည်တော်ကအိမ်မှာ သူ့အတွက် အခန်းသတ်သတ်လေး လုပ်ပေးထားတာကိုလည်း တော်တော်လေး သဘောကျပုံ

No comments:

Post a Comment