Friday 22 February 2013

ပန်းပွင့်လေးရဲ့ ပုံပြင်


    ပန်းပွင့်လေးလို လှပပြီး နူးညံ့သိမ်မွေ့တဲ့ မြန်မာမလေး ဖြစ်စေချင်လို့ သမီးလေးကို ပန်းနာမည်လေး ပေးခဲ့တယ်။ ဗုဒ္ဓဟူးနေ့မှာ မွေးတဲ့သမီးကို ပန်းနာမည်ပေးဖို့ဆိုတာ အခက်သားကလား။ နာမည်မှည့်တဲ့ ဗေဒင်ဆရာတွေကလည်း နာမည် လှလှ ဆန်းဆန်းလေးတွေ ပေးတတ်ကြပေမယ့် ကိုယ်လိုချင်တဲ့ ပန်းနာမည်ကတော့ ပါမလာ။ နောက်ဆုံးတော့ ရှင်ကြာဖြူဆိုတဲ့ နာမည်လေးကို အဖေလုပ်သူကိုယ်တိုင် စိတ်တိုင်းကျ မှည့်ပေးခဲ့တယ်။ ကျန်းမာပြီး ရွှင်လန်းတဲ့ ပန်းပွင့်လေးကို အဖေအမေ အဘိုးအဘွားတွေ ကိုကိုမမ ဦးဦး ဒေါ်ဒေါ်တွေက ချစ်လို့ မဝခဲ့ကြဘူး။ ဒီလိုနဲ့ ပန်းပွင့်လေးဟာ ပက်လက်က မှောက်တတ်လာ။ မှောက်တတ်ရာက ထိုင်တတ်လာ။ ထိုင်တတ်ရာက မတ်တပ်ရပ်နိုင်လာ။ မတ်တပ်ရပ်နိုင်ရာက လမ်းလျှောက်တတ်တဲ့အရွယ်ကို ရောက်လာခဲ့တယ်။
    ပန်းပွင့်လေး လမ်းလျှောက်တတ်ခါစမှာ ယိုင်ယိုင် ယိုင်ယိုင်နဲ့လျှောက်တော့ လမ်းလျှောက်တတ်စလေးကို ဝိုင်းဝန်းအားပေးရင်း အမှီအတွယ်မရှိ လျှောက်နိုင်လာခဲ့တယ်။ လမ်းကောင်းကောင်း လျှောက်နိုင်တာတောင်မှ ခြေတစ်ဘက်က ပဲ့နင်းပဲ့နင်းနဲ့ ဖြစ်နေတုန်း။ လမ်းလျှောက်သက်နုစဉ်အခါတုန်းကတော့ ဟန်ချက်မထိန်းနိုင်သေးလို့ ယိုင်ယိုင် ယိုင်ယိုင် ဖြစ်နေတာပါပဲလေဆိုပြီး အလေးမထားမိပေမယ့် လမ်းကောင်းကောင်း လျှောက်နိုင်တဲ့အထိ ခြေတစ်ဘက်က ဆာတာတာ ဖြစ်နေတာကိုတော့ ဒီအတိုင်းကြည့်နေလို့ မဖြစ်တော့ဘူးဆိုပြီး ပန်းပွင့်လေး နေမကောင်းရင် ပြနေကျ အထူးကု (အထူးကု) ဆေးရုံက ကလေးပါရဂူ (ပါရဂူ) ဆီမှာ ပြကြည့်တယ်။ ကယ်လ်ဆီယမ်ဓာတ်များ မပြည့်ဝလို့လားဆိုပြီး ဆရာဝန်က ဆေးတွေတိုက်လို့ သောက်ရသေးတယ်။ အခြေအနေကတော့ တိုးတက်မလာဘူး။
    ဒီနေရာမှာ တစ်ခုပြောချင်တာက ကလေးတွေကို အထူးကုလုပ်ပေးနေတဲ့ ဆရာဝန်က ဒီအကြောင်းနဲ့ပတ်သက်ပြီး လုံးဝကို ကြားဖူးနားဝ မရှိပဲ သင့်တော်တဲ့ ဆရာဝန်ဆီကို လမ်းညွန်ပေးဖို့ ပျက်ကွက်ခဲ့တယ်။ အထူးကု ဆရာဝန်တစ်ယောက်ဟာ ရောဂါတွေ အကုန်လုံးအကြောင်း ခရေစေ့တွင်းကျ မသိနိုင်ဘူးဆိုတာ သဘာဝကျပေမယ့် အထူးကုဆိုတဲ့ ဆေးခန်းကြီးမှာ ကြေးကြီးကြီးနဲ့ ထိုင်ပြီး ကုသနေတဲ့ ကလေးအထူးကုဆိုတဲ့ ဆရာဝန်ကြီးကတော့ ကလေးတစ်ယောက်မှာ တစ်ခုခုတော့ မှားနေပြီး ဆိုတာကို သံသယစိတ်နဲ့ သက်ဆိုင်ရာကို လွှဲပို့ပေးနိုင်လောက်တဲ့ ဗဟုသုတတော့ ရှိသင့်တယ်လို့ ထင်ပါတယ်။ အခုတော့ ယုံယုံကြည်ကြည်နဲ့ အပ်နှံထားတဲ့ အထူးကု ဆရာဝန်ကြီးရဲ့ ဗဟုသုတ ခေါင်းပါးမှုကြောင့် ချစ်စရာကောင်းတဲ့ ပန်းပွင့်လေးကို အချိန်မီ ကုသမပေးနိုင်ခဲ့ဘူး။ ချစ်စရာကောင်းတဲ့ ပန်းပွင့်လေးဟာ တစ်သက်လုံး ဒီလိုပဲ ခြေတစ်ဖက် ဆာပြီး အလှ ပျက်ရတော့မှာလား။
    ပန်းပွင့်လေးအသက် နှစ်နှစ် ပြည့်ခါနီးမှာမှ အရိုးအထူးကု ဆရာဝန်ကြီးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ ဒီတော့မှပဲ တကယ့် အဖြစ်မှန်ကို သိခဲ့ရတော့တယ်။ ပန်းပွင့်လေးက တင်ပါးဆုံရိုးနဲ့ ပေါင်ရင်း ဆုံတဲ့ နေရာမှာ တင်ပါးဆုံခွက်ထဲ ပေါင်ရိုးက နေရာတကျ မရောက်လို့ အခုလို့ ဖြစ်နေတာလို့ သိရတယ်။ မွေးရာပါ ဖြစ်နိုင်သလို မတော်တဆကြောင့်လည်း ဖြစ်နိုင်ပါသတဲ့။ ဘာကြောင့် ဖြစ်ရသလဲဆိုတာ အသာထားလို့ ဘယ်လိုကုလို့ရမလဲဆိုတော့ အရေးကြီးတယ်တဲ့။ အချိန်မီ မကုသရင် ဖွံ့ဖြိုးရေးကိုပါ ထိခိုက်နိုင်ပါသတဲ့ ဆိုတော့ မိဘဘိုးဘွားတွေ မျက်ကလဲဆန်ပြာ ဖြစ်ရပါပြီ။
    တကယ်လို့သာ အခုလိုဖြစ်တာကို ကလေးအသက် ဆယ့်ရှစ်လအတွင်း သိခဲ့ရင် အရိုးကို နှိပ်နယ် နေရာပြုပြင်ပြီး ကုသပေးလို့ ရနိုင်ပါသတဲ့။ ဆယ့်ရှစ်လ ကျော်သွားရင်တော့ ခွဲစိတ်ကုသမှ ရပါသတဲ့။ တကယ်လို့များ ကလေးအသက် လေးနှစ်ကျော်သွားရင်တော့ ကုသလို့ မရနိုင်တော့ပါဘူးတဲ့။
အခုတော့ ကလေးအသက် ဆယ့်ရှစ်လ ကျော်သွားပြီမို့ ခွဲစိတ်ကုသရမယ့် အဆင့်ကို ရောက်နေပါပြီ။
    ခွဲစိတ်ကုသဖို့ ပြင်ဆင်တဲ့အခါကျတော့ သာမန်အားဖြင့် ဒီလိုကိစ္စမျိုးက အသေးစားခွဲစိတ်မှု ဖြစ်ပေမယ့် ကလေးအသက်က နှစ်နှစ်ပြည့်သွားပြီး ကလေး လမ်းလျှောက်သက်ကလည်း တစ်နှစ်နီးပါးရှိသွားပြီမို့ အရိုး ပတ်ပတ်လည်က အသားတွေက အရိုးကို ကောင်းကောင်း တွယ်နေပါပြီတဲ့။ ခွဲစိတ်ရင် အဲသည်အသားတွေကိုပါ ဖယ်ထုတ်ပြီးမှ အရိုးကို နေရာပြန်ချရမှာမို့ အသေးစား ခွဲစိတ်မှုမဟုတ်တော့ဘဲ အကြီးစားခွဲစိတ်မှုဖြစ်သွားပါပြီတဲ့။ မိဘဘိုးဘွားတွေ ဘုရားတရပြီပေါ့။
    ဒါပေမယ့် ရတနာသုံးပါး ဂုဏ်ကျေးဇူးကြောင့် ပန်းပွင့်လေးကို ချောချောမွေ့မွေ့ ခွဲစိတ် ကုသပေးနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အရိုးနဲ့ ပတ်သက်ရင် အတော်ဆုံးဆိုတဲ့ ဆရာဝန်ကြီးက ခွဲစိတ်ကုသပေးပြီး တစ်ပတ်အကြာမှာ အားလုံးအဆင်ပြေ ပါပြီတဲ့။ ဆေးရုံက ဆင်းခွင့် ရခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက် နေ့မှာ ခွဲစိတ်ကုသပြီး ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့မှာ ဆေးရုံက ဆင်းခွင့်ရခဲ့ပါတယ်။ ခွဲစိတ်ကုသမှု ရလဒ်တွေ ဓာတ်မှန်အဖြေတွေ အားလုံးဟာ အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။ မေ့ဆေးပြယ်ပြီးပြီးချင်း ကလေးက လန့်ပြီး တစ်ရက်လောက် အပြင်းအထန် ဖျားပြီးနောက်မှာ အခုတော့ အရင်ကလိုပဲ ရွှင်လန်းတဲ့ ပန်းပွင့်လေးပြန်ဖြစ်နေပါပြီ။ ဘွားအေလုပ်ကျွေးတဲ့ အာဟာရဓာတ်အစုံပါတဲ့ ထမင်းကိုလည်း ကောင်းကောင်းစားနေပြီ။ ကြက်ပေါင်းနဲ့ ငှက်သိုက်ကိုလည်း ကောင်းကောင်းသောက်နေပြီ။ ရုပ်ရုပ်လေးတွေနဲ့လည်း ဆော့နေပြီ။ ဖေဖေနဲ့ ဖုန်းပြောတဲ့အခါ ဖေဖေ့ကို အများကြီးချစ်ဆိုပြီးတော့လည်း ချွဲနေနိုင်ပြီ။ (ပန်းပွင့်လေးကို ခွဲစိတ်ကုသတဲ့အချိန်မှာ အဖေလုပ်တဲ့သူက နိုင်ငံရပ်ခြားမှာ သင်တန်းသွားတက်ရတဲ့အချိန် ဖြစ်နေပါတယ်)ဘာဘာဘလက်ရှိ သီချင်းကိုလည်း အသံနေအသံထားနဲ့ ဆိုနေနိုင်ပါပြီ။ တစ်လကျော်အချိန် ကျောက်ပတ်တီး ဖြည်ပြီးတဲ့အခါကျရင် တစ်ခြား သူ့အရွယ်ကလေးတွေလိုပဲ မတ်မတ်လမ်းလျှောက်နိုင်ပါတော့မယ်။
ပန်းပွင့်လေး ဆေးရုံက ဆင်းလာပြီး အချိန်စေ့လို့ ကျောက်ပတ်တီးဖြေတဲ့အခါ လမ်းလျှောက်နိုင်ပေမယ့် ခြေထောက်က အနေအထားမကျဘဲ နည်းနည်းရွဲ့နေပါသတဲ့။ အဲဒီအချိန် ကျွန်တော်မရှိပါဘူး။ ကျောက်ပတ်တီးဖြေလို့ လွတ်လွတ်လပ်လပ် ဖြစ်သွားတဲ့ ပန်းပွင့်လေးက ပျော်ပျော်ရွှင်ရွှင် ပြေးလွှားဆော့ကစားနေပေမယ့် မြင်နေရတဲ့ အမေနဲ့ ဘိုးဘွားတွေက ခြေထောက်လေး ရွဲ့နေတဲ့ပန်းပွင့်လေးကို ကြည့်ပြီး စိတ်မချမ်းမသာ ဖြစ်နေရပါတယ်။ ဒါနဲ့ပဲ ပြင်သစ်နိုင်ငံက အဲသည်ဘာသာရပ်မှာ အထူးကျွမ်းကျင်တဲ့ ဆရာဝန်တစ်ဖွဲ့ ရောက်လာတဲ့အခါမှာ ထပ်မံ ခွဲစိတ်ဖို့ ပန်းပွင့်လေးကို သနားတဲ့ကြားကပဲ ဆုံးဖြတ်ကြရပါတယ်။ ပန်းပွင့်လေး ခြေထောက်လေး ရွဲ့နေတာ မြင်အောင်ပြောရရင် ကလေးတွေကစားတဲ့ အရုပ်မလေးများ ခြေထောက်ပြုတ်သွားလို့ ပြန်တပ်တဲ့အခါ အတည့်မတပ်မိဘဲ စောင်းနေသလိုပဲပေါ့။ ခွဲစိတ်ကုသတယ်ဆိုတာ ကလေးလေးတန်မဲ့နဲ့ မေ့ဆေးပေးရတာတွေ လုပ်ရတဲ့အပြင် တကယ်တမ်းကျတော့လည်း ခွဲစိတ်မှု အောင်မြင်ပါမယ်လို့ ဘယ်သူက အာမခံနိုင်ပါမယ်တဲ့လဲ။ ဒီလိုနဲ့ မိသားစုတွေ ရတနာသုံးပါး အာရုံပြုပြီး နောက်တစ်ခေါက် ခွဲစိတ်ဖို့ ဆရာဝန်တွေလက်ကို အပ်ရပါတော့တယ်။ ပန်းပွင့်လေးဟာ ဒီဆေးရုံဆိုတဲ့ နေရာကိုသွားဖို့ ဦးတည်လိုက်ပြီဆိုရင်ပဲ ကားစီးနေရာက အမေနားကို အတင်းကို ကပ်နေတော့တာပဲတဲ့။ ဆေးရုံဝင်းထဲကို ၀င်ပြီဆိုရင်လည်း သူ့ခမျာ ကြောက်လန့်နေရှာပြီပေါ့။ သူ့ကို ခွဲစိတ်ဒဏ်ရာတွေ ပေးထားတဲ့နေရာ။ ကျောက်ပတ်တီးကြီးနဲ့ ချုပ်နှောင်ထားခဲ့တဲ့နေရာ။ အပ်ကြီးတွေနဲ့ထိုးပြီး ဆေးတွေသွင်း သွေးတွေဖောက်တဲ့နေရာ။ ဒါပေမယ့် ဒီမသွားချင်တဲ့နေရာကိုပဲ နောက်တစ်ခေါက် ထပ်သွားရပြန်ပါတော့တယ်။
ရတနာသုံးပါး အနန္တောအနန္တငါးပါး ဂုဏ်ကျေးဇူးနဲ့ ဒုတိယအကြိမ် ခွဲစိတ်မှုဟာ အောင်အောင်မြင်မြင် ပြီးဆုံးခဲ့ပါတယ်။ ကျောက်ပတ်တီးကြီးနဲ့ ချုပ်နှောင်ထားတာကနေ လွပ်လပ်ခွင့်ရသွားတဲ့ ပန်းပွင့်လေးကလည်း ပျော်လို့ မိဘဘိုးဘွားတွေ ဆွေမျိုးတွေ မိတ်ဆွေတွေကလည်း ပျော်လို့ပေါ့။ ဒီတစ်ခေါက် ခွဲစိတ်တော့ အထဲမှာ ပေါင်ရိုးကို စတီးချောင်းလေးနဲ့ ထိန်းထားရတယ်တဲ့။ အဲသည်စတီးချောင်းလေးကို တစ်နှစ်နေရင် ထုတ်ရမယ်တဲ့။ တစ်နှစ်နေတော့ ပေါင်ရိုးကို ထိန်းထားတဲ့ စတီးချောင်းလေးကို ပြန်ထုတ်ဖို့ မသွားချင်ဆုံးနေရာကို နောက်တစ်ခေါက်ထပ်သွားရပြန်ပါတယ်။ အဲဒီအချိန်မှာ ပန်းပွင့်လေးဟာ ဖြောင့်ဖြောင့်တန်းတန်း လျှောက်နေနိုင်ပါပြီ။ ခွဲစိတ်တဲ့ဘက်က နှစ်ခါတောင် ကျောက်ပတ်တီးစီးထားရတဲ့ဘက်က ခြေထောက်လေးဟာ နည်းနည်းလေး ငယ်ပြီးကျန်ခဲ့တာလည်း တစ်နှစ်လောက်ရှိတဲ့အခါ နဂိုတစ်ဘက်နဲ့ ညီသလောက်ဖြစ်သွားပါပြီ။
နောက်ဆုံးခွဲစိတ်မှုကလည်း ချောချောမောမောနဲ့ ပြီးသွားလို့ အခုဆို ပန်းပွင့်လေးဟာ မွေးရာပါအကောင်းပကတိလေးလို ဖြစ်နေပါပြီ။ ပန်းပွင့်လေးကို ခွဲစိတ်ပေးခဲ့ကြတဲ့ ဆရာဝန်နဲ့ သူနာပြုတွေ အားပေးခဲ့ကြတဲ့ သူငယ်ချင်းမိတ်ဆွေတွေအားလုံး ကျန်းမာရွှင်လန်းကြပါစေ။

No comments:

Post a Comment