Sunday 24 February 2013

သမ္မတအလံတော်နေ့


    ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ဟာ ကျွန်တော်တို့ကျောင်းရဲ့ သမ္မတအလံတော်နေ့ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေထဲက နှစ်တစ်နှစ်တာမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့ တပ်ရင်းတပ်ဖွဲ့ကို နိုင်ငံတော် သမ္မတက သမ္မတအလံတော် အပ်နှင်းလေ့ရှိပါတယ်။ သမ္မတအလံတော်ကို နိုင်ငံတော်သမ္မတကိုယ်တိုင် တပ်ကိုအရောက် လာရောက်အပ်နှင်းခြင်း ဖြစ်ပါတယ်။ အလွန်ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ပြုမှုတစ်ခု ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၄၃ နှစ်တုန်းက ကျွန်တော်တို့ကျောင်းဟာ သမ္မတအလံတော်ကို တစ်ကြိမ် လက်ခံရရှိခဲ့ဖူးပါတယ်။ အဲသည်လို သမ္မတအလံတော် ရရှိခဲ့တဲ့ အထိမ်းအမှတ်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပပါတယ်။ ဒီနှစ်မှာလည်း ခါတိုင်း နှစ်တွေလိုပဲ သမ္မတအလံတော်အထိမ်းအမှတ်ပွဲကို ခမ်းခမ်းနားနား ကျင်းပပါတယ်။ ပထမပိုင်းက ယဉ်ကျေးမှု ပဒေသာကပွဲဖြစ်ပြီး ဒုတိယပိုင်းက ညစာစားပွဲ ဖြစ်ပါတယ်။
    ယဉ်ကျေးမှု ပဒေသာကပွဲကို တက်ရောက်လာတဲ့ တပ်မတော်ပညာရေး ညွန်ကြားရေးမှူး ဗိုလ်ချုပ် နဲ့ ဇနီးတို့က ဆီမီးထွန်းညှိ ဖွင့်လှစ်ပေးပါတယ်။ ပထမဆုံး ဆုတောင်းသီချင်းနဲ့ အခမ်းအနားကို ဖွင့်လှစ်ပါတယ်။ ဒုတိယအစီအစဉ်ကတော့ တိုင်းရင်းသူနဲ့ တိုင်းရင်းသား အကဖြစ်ပါတယ်။ မြူးမြူကြွကြွနဲ့ ကြည့်ကောင်းလှပါတယ်။ အဲသည်နောက်မှာတော့ ပြည်သူ့ဆက်ဆံရေး အဖွဲ့ရဲ့ တစ်ခန်းရပ် ဟာသပြဇာတ်ဖြစ်ပါတယ်။ ဘာတွေပြောနေကြမှန်း မသိပေမယ့် သူတို့ ရယ်တော့ လိုက်ရယ်ရတာ တော်တော် ရယ်ရပါတယ်။ စစ်သားနှစ်ယောက် ဘူတာမှာ ရထားစောင့်ရင်း မူးမူးနဲ့ အိပ်ပျော်သွားကြတာကို သရုပ်ဖော်ထားတာပါ။ ထိုင်ဆိုအဖွဲ့ရဲ့ ဖျော်ဖြေမှု အပြီး တင်ဆက်တဲ့ ကြက်ဖအော်သံယိမ်းအဖွဲ့ကတော့ ကလေးရော လူကြီးပါ အကြိုက်တွေ့တဲ့ အစီအစဉ်ဖြစ်ပါတယ်။ ကျွန်တော်တို့ ကြားဖူးနေကျ ကြောင်အော်သံ ခွေးအော်သံတွေနဲ့ သီချင်းသံစဉ်လေးတွေ ဖန်တီးထားသလိုမျိုး အခုကတော့ ကြက်အော်သံဖြစ်ပါတယ်။ သံစဉ်လေးကလည်း ရယ်စရာကောင်း အကကလည်း ရယ်စရာကောင်းဆိုတော့ ဒီနေ့ပွဲမှာ ပရိသတ် အားပေး အခံရဆုံး အစီအစဉ်ဖြစ်သွားပါတယ်။
   
ကျွန်တော်အကြိုက်ဆုံး အစီအစဉ်ကတော့ နိုင်ငံတော်အလံကို ဝှေ့ယမ်းပြီး သီချင်းဆိုတဲ့ အစီအစဉ်ဖြစ်ပါတယ်။ သီချင်းကို နားမလည်ပေမယ့် တင်ဆက်ပုံကို ကြည့်ရတာနဲ့တင် မျိုးချစ်စိတ်နဲ့ ဇာတိသွေး ဇာတိမာန် တက်ကြွစေတဲ့ သီချင်းတစ်ပုဒ်အဖြစ် ခံစားရပါတယ်။ ကြည့်နေရင်းနဲ့တောင် အမိနိုင်ငံတော်အလံကို မြင်ယောင်လာပြီး လွမ်းမိပါသေးတယ်။ တယောတီးခတ်ဖျော်ဖြေမှုအပြီးမှာ တင်ဆက်တဲ့ အကကိုတော့ ကိုကြီးကျော်နတ်ယိမ်းလို့ပဲ နာမည်ပေးလိုက်ပါတယ်။ ကိုကြီးကျော်နဲ့ တော်တော်ကိုတူတဲ့ အရောင်အသွေး ဝတ်စားဆင်ယင်မှု နဲ့ မြူးမြူးကြွကြွ အကတွေကိုကြည့်ရင်း တို့ကိုကြီးကျော်က ဒါမျိုးအရင်ဝတ်သလား သူတို့က အရင်ဝတ်သလားလို့တောင် တွေးမိပါသေးတယ်။
    နောက်ဆုံးအစီအစဉ်ကတော့ အားလုံးစုပေါင်းပြီး ဆိုကြကကြတဲ့အစီအစဉ်မို့ သူတို့မှာလည်း မန်းတောင်ရိပ်ခိုသီချင်း ရှိသားပဲလို့ အောက်မေ့မိလိုက်ပါတယ်။ ဖျော်ဖြေမှုအားလုံး အပြီးမှာ ကြွရောက်လာကြတဲ့ လူကြီးမင်းများနဲ့ အမှတ်တရ ဓာတ်ပုံရိုက်တဲ့အစီအစဉ်ဖြစ်ပါတယ်။ ဗိုလ်ကောင်းလည်း ဘယ်နေလိမ့်မတုန်း၊ သူတို့နဲ့တွဲပြီး ဓာတ်ပုံ ရိုက်ဖြစ်အောင် ရိုက်လာခဲ့ပါသေးတယ်။

    ဒုတိယပိုင်းကတော့ ညစာစားပွဲ အစီအစဉ် ဖြစ်ပါတယ်။ သူတို့ ရဲ့ ညစာစားပွဲဟာ စီတာစဉ်တာ စနစ်ကျန သပ်ရပ်လှပေမယ့် အခမ်းအနားမဆန်လှပဲ နွေးနွေးထွေးထွေး ပျူပျူငှာငှာ ရှိလှပါတယ်။ ပျော်စရာလည်း ကောင်းလှပါတယ်။ ကျောင်းရှေ့က မြက်ခင်းပြင်ကြယ်ကြီးကို ပတ်ပြီး တပ်ခွဲလိုက် မဏ္ဍာပ်တွေ ထိုးထားပါတယ်။ အလယ်က မြက်ခင်းပြင်ကျယ်ကြီးကို အားလုံး မျက်နှာမူလို့ပေါ့။ မဏ္ဍာပ်ထဲမှာ ခုံတွေ ခင်းထားပြီး မဏ္ဍာပ်ရှေ့မှာလည်း ခုံတွေကို မဏ္ဍာပ်ဘက်မျက်နှာမူ စက်ဝိုင်းခြမ်းပုံးခင်းထားပါတယ်။ မဏ္ဍာပ်ထဲမှာ မိသားစုနဲ့ မှီခိုတွေ ထိုင်ကြပြီး အပြင်မှာတော့ ယောက်ျားတွေ ထိုင်ကြပါတယ်။ ခဏနေတော့ ဗန်းလေးတွေနဲ့ ဖျော်ရည်ယမကာတွေ အမြည်းတွေ လာပေးပါတယ်။ ခွက်ကလေးတွေ ကိုယ်စီကိုင်ပြီး သောက်ကြစားကြ စကားပြောကြပေါ့။ အင်မတန်မှ နွေးနွေးထွေးထွေး ရှိပါတယ်။ ကျောင်းက ဌာနမှူးတွေ ဆရာ ဆရာမတွေ တပ်ခွဲမှူးတွေ စသည်ဖြင့် သက်ဆိုင်ရာ တပ်ခွဲအလိုက် ရင်းရင်းနှီးနှီးခင်ခင်မင်မင် ပြောကြဆိုကြတာ ဖြစ်ပါတယ်။ ခဏနေတော့ ကျောင်းကို ရောက်နေတဲ့ ပညာရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ်က တစ်မဏ္ဍာပ်ပြီး တစ်မဏ္ဍာပ် လိုက်နှုတ်ဆက်ပါတယ်။ နိုင်ငံရပ်ခြား ကျောင်းသားတွေကိုလည်း တစ်ယောက်ချင်းစီ နှုတ်ဆက် စကားပြောပါတယ်။
    တော်တော်ကြာတော့မှ ညစာစားတဲ့ အစီအစဉ်စပါတယ်။ တပ်ခွဲအလိုက် စီစဉ်ထားတဲ့ ညစာကို ကိုယ်တိုင်ယူစနစ်နဲ့ တန်းစီထည့်ပြီး ခုနက ထိုင်ကြတဲ့ ထိုင်ခုံလေးတွေမှာ ပေါင်ပေါ်တင်ပြီး စားကြတာဖြစ်ပါတယ်။ တက်ရောက်လာတဲ့ ပညာရေးညွန်ကြားရေးမှူးဗိုလ်ချုပ်နဲ့ ဗိုလ်ချုပ်ကတော်ကစလို့ ရဲဘော်လေး ရဲ့ မိန်းမ ကလေးတွေအဆုံး အဲသည်လိုပဲ ယူပြီး စားကြတာ ဖြစ်ပါတယ်။ စားပွဲဆိုလို့ ထိုင်ခုံတွေ ရှေ့ဆုံးမှာ ခင်းထားတဲ့ ဆက်တီစားပွဲ လေးငါးလုံးကလွဲရင် မရှိပါဘူး။ အဲသည်စားပွဲလေးတွေပေါ်မှာလည်း ဘာမှ အထွေအထူးတင်မထားပါဘူး။ စားပြီးရင်လည်း စားပြီးသား ပန်းကန်ကို မဏ္ဍာပ်နောက်ထဲက စားပွဲမှာ သွားတင်ပြီး ရေဘူးကရေကို ဖွင့်ပြီး သောက်တာပါပဲ။

    ညစာစားပွဲမှာ မှတ်သားစရာလေးတွေ တွေ့ပါတယ်။ ပထမအချက်ကတော့ အခင်းအကျင်း စနစ်ကျန သပ်ရပ်တာဖြစ်ပါတယ်။ မြက်ခင်းပြင်ကို ဗဟိုပြု မျက်နှမူပြီး ထိုးထားတဲ့ တပ်ခွဲလိုက် မဏ္ဍာပ်တွေရဲ့ ခင်းကျင်းမှုပုံစံက နွေးထွေးမှု ရှိလှပါတယ်။ တစ်ခုနဲ့တစ်ခု သီးသန့်ဆန်မနေပါဘူး။ မဏ္ဍာပ်ထိုးတာလည်း သပ်သပ်ရပ်ရပ် မဏ္ဍာပ်နောက်မှာရှိတဲ့ အစားအသောက် စီစဉ်တဲ့ ရွက်ဖျင်တဲတွေကလည်း သပ်သပ်ရပ်ရပ်ပါပဲ။ နောက်ပြီး မြက်ခင်းနဲ့ မလှမ်းမကမ်းမှာ အလုံပိတ်ထားတဲ့ တဲလေးတွေတွေ့တော့ ဘာများပါလိမ့်ဆိုပြီး ကြည့်မိတယ်။ ရွေ့လျား အိမ်သာလေးတွေဗျ။ ယောက်ျားသတ်သတ် မိန်းမသတ်သတ် တဲတစ်လုံးစီ လုပ်ပေးထားတာ။ မဏ္ဍာပ်တွေ ထိုးထားတဲ့ မြက်ခင်းပြင်မှာပဲ လေထီး တဲတစ်ခု လုပ်ပြီး တီးဝိုင်းတစ်ခု ရှိနေသေးတယ်။ ကာရာအိုကေပေါ့ဗျာ သီချင်း ရတဲ့သူ ဝင်ဆိုလို့ ရတဲ့သဘောပါပဲ။
    ဒုတိယ မှတ်သားစရာ ကောင်းတဲ့ အချက်က စစ်သည် အဆင့်အတန်းအားလုံး မိသားစု အားလုံး ကွဲပြားမှုမရှိဘဲ ပျော်ရွှင်ကြရတာ ဖြစ်ပါတယ်။ နေရာထိုင်ခင်း အစားအသောက်စသည်ဖြင့် အားလုံး တစ်ပြေးညီနီးပါး စီစဉ်ပေးထားပြီး နွေးနွေးထွေးထွေး တွေ့ကြဆုံကြ ပြောကြဆိုကြ ကလေးတွေဆိုလည်း ပြေးလွှားဆော့ကစားကြ တကယ့်ကို ပျော်စရာကောင်းတဲ့ ပွဲခင်းကြီးပဲဗျ။
    တတိယ မှတ်သားရတာကတော့ အစားအသောက် အစီအစဉ်ကောင်းတာ ဖြစ်ပါတယ်။ ယမကာ အမြည်းနဲ့ ညစာတို့ကို ခမ်းခမ်းနားနား မဟုတ်တာတောင် သပ်သပ်ရပ်ရပ်နဲ့ လုံလုံလောက်လောက် စီစဉ်ထားပြီး တပ်ခွဲတစ်ခုမှာဆို တစ်ယောက်စီက ကြီးကြပ် စီမံနေတာ တွေ့ပါတယ်။
    စတုတ္ထ မှတ်သားရတဲ့ အချက်ကတော့ ဒီမြေကို နင်းပါပြီ ဆိုကတည်းက ပထမဆုံး မိန်းမတွေ များများစားစား တွေ့ရတာပါပဲ။ ဆာရီလေးတွေ ရောင်စုံနဲ့ တလက်လက် တောက်ပနေတဲ့ ဒီအမျိုးသမီးတွေကို တွေ့တာ ဒါပထမဆုံးပါပဲ ဆိုတော့ အင်္ဂလိပ်စာသင်တဲ့ ဆရာမက ရယ်လိုက်တာ။ (23-2-2013)

No comments:

Post a Comment