Monday 12 June 2017

မီးနင်းမပေးတဲ့ သင်္ချာဆရာလေး ပုံပြင်များ


.
. . . နေတဲ့အခန်းလေးကို သိပ်သန့်ရှင်း သပ်ရပ်တာပဲလို့များ ချီးကျူးခံရရင် ဆရာလေးကို သတိရမိတယ်။ နေခဲ့တဲ့ နေရာတိုင်းမှာလည်း အဲလို ချီးကျူး ခဏခဏ ခံရတော့ ဆရာလေးကိုလည်း ခဏခဏဆိုသလို သတိရစရာ ဖြစ်နေတာပေါ့။ ဆရာလေးဆိုတာ ကျွန်တော်တို့ ငယ်ငယ်တုန်းက အင်းသာကျောင်းမှာ သင်္ချာသင်ပေးတဲ့ ဆရာလေး ဦးဝင်းကြိုင်ကို ပြောတာပါ။ ဆရာလေးက သင်္ချာသင်တဲ့အခါ သင်္ချာတွက်တဲ့အခါ စည်းစနစ်ကို အင်မတန် ဦးစားပေးတယ်။ ငယ်ငယ်က သင်ရတဲ့ ပုစ္ဆာတွေမှာ ပေးထားချက် မေးထားချက် စတာတွေကို ချရေးတဲ့အခါ ညီမျှခြင်းလေးတွေက အပေါ်အောက်ကို တန်းစီနေမှ ဆရာလေးက လက်ခံတာကလား။ သင်္ချာပုစ္ဆာတစ်ပုဒ်ကို တွက်တဲ့အခါ ဘယ်လို စနစ်တကျ စဉ်းစားရတယ်ဆိုတာ၊ မေးခွန်းကို ဘယ်လို ခွဲခြမ်းစိတ်ဖြာရတယ်ဆိုတာ ဆရာလေးက သေသေချာချာကို ပုံစံချပေးလိုက်တာလို့ ပြောလို့ရတယ် . . .
.
. . . ဆရာလေးသင်ပေးလိုက်တဲ့ သင်္ချာတွက်နည်းကို အခြေခံပြီး မူလတန်း အလယ်တန်း အထက်တန်းထက် ပိုပြီး ရှုပ်ထွေးတဲ့ လောကထဲက လက်တွေ့ပုစ္ဆာတွေကို တွေ့ကြုံရတဲ့အခါမှာလည်း ပေးထားချက်က ဘာလဲ၊ ဘယ်အဖြေကို ရအောင်တွက်ရမှာလဲ၊ ကိုယ်တွက်နေတဲ့သင်္ချာ ကိုယ့်ဘာကိုယ် ပြန်စစ်တဲ့အခါ ဘယ်နေရာမှားနေတယ်ဆိုတာ သိသာထင်ရှားအောင် ကိုယ်တွက်ခဲ့တဲ့ စနစ်က အထောက်အကူပြုနေတယ်ဆိုတာ ရိပ်စားမိလာပြီး လက်တွေ့လည်း အသုံးဝင်လာခဲ့တယ်။ ဒီလိုပြောလို့ ကျွန်တော်က သင်္ချာတော်တဲ့ ကျောင်းသားတစ်ယောက်လို့တော့ မထင်လိုက်သင့်ပါဘူး။ သင်္ချာနဲ့ ပတ်သက်တဲ့ စဉ်းစားတွေးခေါ်ပုံမှာ သာမန်အဆင့်လောက်ပဲ ရှိတာပါ။ သို့သော်လည်း အဲသည် သာမန်အဆင့်လောက် သင်္ချာကို စနစ်ကျနမှုနဲ့ ပေါင်းစပ်လိုက်ပြီး လက်တွေ့မှာ အသုံးဝင်လာအောင် ကျင့်သုံးဖြစ်ခဲ့တာလောက်ပါပဲ . . .
.
. . . စစ်ထဲရောက်တော့လည်း လက်နက်ငယ် လက်နက်ကြီး ဖြုတ်တပ် လေ့ကျင့်ခန်းတွေမှာ ဖြုတ်ထားတဲ့ လက်နက် အစိတ်အပိုင်းလေးတွေကို နောက်နားညီလို့ခေါ်တဲ့ ညီညီညာညာစီထားရတဲ့ စည်းကမ်းကို သင်ရတဲ့အခါကျတော့လည်း ငယ်ငယ်တုန်းက ဆရာလေးသင်ပေးတဲ့ သင်္ချာပုစ္ဆာတွေတွက်နည်းတွေထဲက ညီမျှခြင်းလေးတွေ ညီညီညာညာ ချရတာနဲ့ အတူတူပါပဲလားဆိုပြီး အောက်မေ့ခဲ့မိပြန်ပါတယ်။ သင်္ချာတွက်တဲ့အခါ တစ်ဆင့်ချင်းကို ညီမျှခြင်းလက္ခဏာလေးတွေ ညီညီညာညာ ချခဲ့မှ ကိုယ့်ပုစ္ဆာကို ပြန်စစ်တဲ့အခါ အမှားအမှန် ရှင်းရှင်းလင်းလင်း သိနိုင်သလိုပဲ လက်နက်တွေ ဖြုတ်ပြီးတဲ့အခါ ထွက်လာတဲ့ အစိတ်အပိုင်းလေးတွေကို သူ့အစဉ်လိုက် နောက်နားညီ စီထားတဲ့အခါမှသာ ပြန်တပ်တဲ့အခါ စည်းစနစ်တကျ မှန်မှန်ကန်ကန် ပြန်ပြီး တပ်ဆင်ဖို့ အထောက်အကူ အများကြီး ဖြစ်တယ်ဆိုတာ အတူတူပဲလို့ မှတ်သားခဲ့ရပြန်ပါတယ် . . .
.
. . . ဆရာလေး ဦးဝင်းကြိုင်အကြောင်း စကားစပ်မိတော့ တစ်ဆက်တည်း သတိရတာက အင်္ဂလိပ်စာ နဲ့ ဇာတ်တော်ကြီးတွေအကြောင်းပါ။ ဆရာလေးက အင်္ဂလိပ်စာကိုတော့ သင်္ချာသင်သလောက် မသင်ပါဘူး။ ဒါပေမယ့် အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး ဆရာလေးကို အမှတ်ထင်ထင် ဖြစ်ရတဲ့ ကိစ္စကတော့ ဆရာလေးက မီးနင်းလို့ခေါ်တဲ့ အင်္ဂလိပ်ဝေါဟာရတွေ ကျက်မှတ်ဖို့ ဘယ်တော့မှ မပေးလို့ပါပဲ။ မူလတန်း အလယ်တန်း ကျောင်းသားဘ၀မှာ မီးနင်းကျက်ရတယ်ဆိုတာ အင်္ဂလိပ်စာ လေ့လာရေးရဲ့ အဓိက ကျောရိုးကိစ္စလို့တောင် ပြောလို့ ရချင်ရနိုင်တယ်မဟုတ်လား။ ဒါပေမယ့် လေးတန်းကျောင်းသားလေးတွေကို ဆရာလေးက မီးနင်း မပေးပါဘူး။ ဆရာလေးရဲ့ မူက မသိတဲ့ စကားလုံးတွေ့ရင် မေး၊ ပြီး ကိုယ့်ဘာသာ ရေးထား ကျက်ထား၊ ဒီလိုပါ။ လေးတန်းကျောင်းသားကို တက္ကသိုလ်ကျောင်းသားလို ဆက်ဆံတာပါ။ အဲသည်တော့ ကျွန်တော်တို့က ဆရာဦးဥာဏ်လင်း စေတနာတို့ဘာတို့ အင်္ဂလိပ် အထူးထုတ်စာအုပ်တွေ အားကိုးရပါတယ်။ ဆရာက မီးနင်းမပေးဘဲ ကိုယ့်ဘာသာ အထူးထုတ်ထဲကနေ မီးနင်းတွေ ကျက်ရတာပါ။ မကျက်ဘဲ မနေရဲပုံကိုလည်း ပြောပြပါ့မယ်။ ဆရာလေးက အင်္ဂလိပ်စာ သင်ခန်းစာတွေ ပေးနေရင်း ဝေါဟာရတစ်ခုကို အရင်သင်ခန်းစာတွေထဲမှာလည်း ပါပြီး လို့ သူယုံကြည်တယ်ဆို ကျောင်းသားတွေက မသိတဲ့ စကားလုံးတွေ များလာရင် မီးနင်းမေးပါတော့တယ်။ လေးတန်းကျောင်းသားကို မီးနင်းကျက်စရာမပေးဘဲ မီးနင်းမေးတာနော်။ ဆရာလေးက မရိုက်ရင်လည်း မရိုက်ဘူး၊ အဲ ရိုက်ပြီဆိုရင်လည်း မသက်သာပါဘူး . . .
.
. . . ရိုက်ရင် မသက်သာဘူး ဆိုပေတဲ့ ဆရာလေးက ကျောင်းသားကို ရိုက်ရတာ စိတ်ပါပုံတော့ မရပါဘူး။ ဘာလို့လဲဆိုတော့ မီးနင်းမေးပြီလားဆိုရင် တစ်ယောက်မရရင် နောက်တစ်ယောက် နောက်တစ်ယောက် အဲသည်စကားလုံး တစ်လုံးတည်းကိုပဲ သိတဲ့လူ မတွေ့မချင်း မေးတော့တာပါ။ မရတဲ့ သူတွေကတော့ မတ်တပ်ရပ် ကျန်ခဲ့ပေါ့လေ။ ကျောင်းသားကုန်သွားရင် အစကလူကို နောက်တစ်လုံး ထပ်မေးပါတယ်။ သူဖြေနိုင်ရင် ထိုင်ရပါတယ်။ မဖြေနိုင်ရင် ကျန်တဲ့သူကို အဲသည်စာလုံးပဲ ထပ်မေးပါတယ်။ လေးငါးဆယ်ကျော့လောက် ကျော့ပြီး တစ်လုံးမှ မဖြေနိုင်မှသာ အဲသည်ကျောင်းသား အရိုက်ခံရတာပါ။ ကျွန်တော်လည်း အခုထိ စာဖတ်ရင် မသိတာလေးတွေမှတ်ဖို့ မီးနင်းစာအုပ်လေး ဘေးမှာ ချထားတဲ့ပြီး မသိတဲ့ စကားလုံးတွေ့ရင် အဘိဓာန်ထဲကြည့် စာအုပ်ထဲမှတ်။ တစ်ချို့ ၀ါကျဖွဲ့ထုံးလေးတွေ တစ်ချို့ အသုံးအနှုံး စကားလုံးတွဲလေးတွေ အသုံးဝင်မယ်ထင်ရင် မှတ် လုပ်တဲ့အခါများ ဆရာလေးကို အင်မတန် သတိရမိပါတယ် . . .
.
. . . ဆရာလေးနဲ့ ပတ်သက်ပြီး မမေ့နိုင်ဆုံးကတော့ ဆရာလေးပြောတဲ့ ပုံပြင်တွေပါ။ ကျွန်တော်တို့ လေးတန်း ငါးတန်း ခြောက်တန်း ခုနစ်တန်း ရှစ်တန်း ဆရာလေးဆီမှာ သင်္ချာကျူရှင်တက်ပါတယ်။ ဆရာလေးက စာဖတ်အားလည်း ကောင်းသလို ပုံပြောလည်း အင်မတန် ကောင်းပါတယ်။ ကျူရှင်က ညနေ ကျောင်းဆင်းချိန်ပြီးမှပါ။ ညနေ လေးနာရီ ကျောင်းဆင်းပြီဆို ကျွန်တော်တို့တွေ အားရအောင် ဆော့လို့ရပါသေးတယ်။ တစ်နာရီလောက်တောင် ဆော့ချိန်ရတယ်ထင်ပါတယ်။ အများဆုံး အားကစားကတော့ ဘောလုံး ကန်တာပါ။ ညနေ ကျောင်းဆင်းပြီဆိုတာနဲ့ ကျွန်တော်တို့တွေ ဘောလုံး ကန်ကြပါတယ်။ (ကျွန်တော်တို့ ဘောလုံး ကန်နေချိန် ကောင်မလေးတွေ ဘာလုပ်ကြပါလိမ့်)။ ဘောလုံးကန်လို့ မောပန်းပေတူးနေလောက်တော့မှ ဆရာလေးက လာကြတော့ဆိုရင် စာသင်ခန်းထဲ ပြန်ဝင်ကြတာပါ။ ကျွန်တော်တို့အတွက် တစ်ခုတည်းသော ကျူရှင်ဖြစ်ပြီး သင်္ချာတစ်ဘာသာတည်းကိုသာ သင်တာပါ။ တစ်နာရီလောက် သင်ပြီးရင် ပြီးပါပြီ။ ကိုယ့်အိမ်ကိုယ်ပြန် ခြေလက်ဆေး၊ ညစာစားပြီး စာကြည့် အိပ် အင်မတန် ဖိစီးမှုနည်းတဲ့ ကျောင်းသားဘ၀ပါ။ အပတ်တိုင်းရဲ့ သောကြ်ာနေ့ ညနေကတော့ ပုံပြင်နေ့ ဖြစ်ပါတယ်။ ညနေ ကျောင်းဆင်း ထုံးစံအတိုင်း ဘောလုံးကန် ဆရာလေးကခေါ်ရင် ခြေထောက်လေး လက်လေးဆေးပြီး စာသင်ခန်းထဲဝင်၊ အခါတိုင်း စာသင်ရင် အတန်းခွဲထားပေမယ့် ပုံပြင်ပြောရင်တော့ ပေါင်းပြီး ပြောပါတယ်။ ဆရာလေးရဲ့ ပုံပြင်တွေက အစုံပါပဲ။ ရိုးရိုးပုံပြင်တွေ ပါသလို ဇာတ်တော်ကြီးတွေလည်း ပါပါတယ်။ ဇာတ်တော်ကြီး ဆယ်ဖွဲ့ထဲက ဇာတ်တစ်ခုခုကို ပြောရင်တော့ တစ်ပတ်တည်းနဲ့ မပြီးပါဘူး။ အခန်းဆက်လုပ်ပြီး တစ်ပတ်စီ ပြောပါတယ်။
.
. . . ဆရာလေး ပုံပြောတာ ဘယ်လောက်ကောင်းလဲဆိုရင် အင်မတန် ဇာတ်အိမ်ခိုင်မာတဲ့ ဇာတ်တော်ကြီးတွေကိုတောင် ကျွန်တော်တိုက ကလေးတွေ လိပ်ပတ်လည်အောင် ပြောပြတတ်ပါတယ်။ ဥပမာ ဘူရိဒတ် နဂါးမင်းဇာတ်တော်မှာဆိုရင် ဘယ်သူနဲ့ ဘယ်သူက ဘယ်လိုတော်တယ်ဆိုတဲ့ ဆွေစဉ်မျိုးဆက်တွေကအစ ကျောက်သင်ပုန်းပေါ် ဇယားဆွဲပြီး မြင်အောင် ရှင်းပြတာပါ။ တစ်ခါတစ်လေ မြေပုံလိုတွေတောင် ပါတတ်ပါသေးတယ်။ ဆရာလေးက အဲသလို အပတ်စဉ် သောကြ်ာနေ့တိုင်း ပုံပြောတဲ့ ကျေးဇူးက စာတွေကို ပိုပြီး ဖတ်ဖြစ် စိတ်ဝင်စားဖြစ်သွားစေတာပါပဲ။ အိမ်မှာကလည်း တစ်အိမ်လုံး စာဖတ်ဝါသနာပါပြီး စာအုပ်တွေလည်း များများစားစားရှိ၊ သာဝတ္ထိထဲက နှင်းမိုးဖြူစာပေကလည်း ညနေဆိုရင် မဂ္ဂဇင်း ၀တ္ထုတွေကို စက်ဘီးခြင်းလေးထဲ ထည့်ပြီး အိမ်တိုင်ယာရောက် စာအုပ်လာငှားပေးတော့ ဆယ်တန်းအောင်ပြီး စစ်ထဲ မ၀င်ခင်အထိ စာတော်တော် ဖတ်ဖြစ်ခဲ့တာပါ . . .
.
. . . ကိုယ်လည်း ပန်းပွင့်လေးနဲ့ အတူနေခွင့်များ ရခဲ့ရင် ပုံပြင်လေးတွေ ပြောပြရအုံးမယ်၊ စာဖတ်တဲ့ အလေ့အကျင့်လေး ပြုစုပျိုးထောင်ပေးရအုံးမယ်။ ဆရာလေး သင်ထားတဲ့ သင်္ချာတွက် စည်းစနစ်လေးတွေ လက်ဆင့်ကမ်းပေးရပါအုံးမယ် . . .
.
ဗိုလ်ကောင်း
၁၂ ဇွန် ၂၀၁၇

No comments:

Post a Comment