Friday 3 July 2015

မိုမိုရဲ့ ယုမိစံ


မိုမိုး
မိုမိုး
. . ..သောကြ်ာနေ့ တစ်နေကုန် အတန်းတက်ပြီးလို့ ညရောက်တော့ ကျောင်းစာလည်း မဖတ်ချင်တာနဲ့ မြန်မာပြည်က ယူလာတဲ့ လက်ရွေးစင်မြန်မာကဗျာပေါင်းချုပ်ထဲက ကဗျာလေးတွေ ဖတ်ရင်း ပက်လက်ကုလားထိုင်ပေါ်မှာ မှေးကနဲ အိပ်ပျော်သွားမလို ဖြစ်တဲ့အချိန်မှာ အခန်းအပြင်က ခေါ်သံကြားရတယ်။ ကျွန်တော့် နာမည်က ဗိုလ်ကောင်းပေမယ့် ဒီတက္ကသိုလ်မှာတော့ ဖွဘုတ်ထဲမှာ ပေးထားတဲ့ မှတ်ရလည်းလွယ်တဲ့ မိုမို ဆိုတဲ့ နာမည်နဲ့ပဲ သူငယ်ချင်းတွေက သိကြပြီး အဲလိုပဲ ခေါ်ကြတယ်။ အခု အခန်းပြင်က ခေါ်နေတဲ့ အသံလေးကတော့ မိုမို မဟုတ်ဘဲ ချွဲနွဲ့တဲ့ အသံလေးနဲ့ မိုမိုး တဲ့။ တံခါးလေးကို ခေါက်တယ်ဆိုရုံလေး ညင်ညင်သာသာလေး ခေါက်ပြီး တိုးတိုးညင်းညင်းခေါ်နေတဲ့ အသံလေးက အိပ်ချင်မူးတူး ဖြစ်နေတဲ့ ကျွန်တော့်ကို ချက်ချင်း လန်းဆန်းသွားအောင် စွမ်းနိုင်ပါပေရဲ့။ မြန်မာသူငယ်ချင်းတွေဆိုရင်တော့ ကိုဗိုလ်ကောင်းလို့ပဲ ခေါ်ကြတာဆိုတော့ အခုက ဘယ်သူများပါလိမ့်။ ဘေးခန်းက ကောင်မလေးတော့ မဖြစ်နိုင်ဘူး။ ညနေကပဲ ဓာတ်လှေခါးထဲမှာတွေ့လို့ တိုကျိုသွားမယ့်အကြောင်း သိပြီးပြီ။ ဒါဆိုရင် အခု အပြင်က ခေါ်နေတာ ဘယ်သူများပါလိမ့်။ အပြေးအလွှား ထပြီး တံခါးကို ဖွင့်လိုက်တယ်။
. . .တံခါး ဟဟချင်းမှာ အရင်ဆုံး မြင်လိုက်ရတာက စင်ဒရဲလား ပုံပြင်ထဲက စင်ဒရဲလားစီးတဲ့ ဖိနပ်လေး။ ဒီဟာက ဖန်ဖိနပ်လေးတော့ မဟုတ်။ ခြေဦးထိပ်မှာ ပုလဲဖြူနဲ့ ငွေရောင် ရွဲလုံးလေးတွေ ရောပြီး အသည်းပုံလေး ဖော်ထားတဲ့ ဒေါက်ဖိနပ်အနက်ရောင် လှလှလေး။ မီးခိုးရောင်မှာ ငွေရောင်အစင်းလေးတွေပါတဲ့ သိုးမွေးခြေစွပ်ကိုစွပ်ထားတဲ့ ခြေချောင်းသွယ်သွယ်လေးကလည်း ဒီဒေါက်ဖိနပ်လေးနဲ့ လှချင်တိုင်း လှနေတော့။ အို အနက်ရောင် နတ်သမီးလေးပါလား။ မြန်မာလို လှတာ မဟုတ်ပေမယ့် တစ်မျိုးလေး လှနေတဲ့ မိန်းကလေး။ မျက်နှာမှာ အခြယ်အသ မရှိပေမယ့် ၀င်းဝင်းမွတ်မွတ်ကလေး ကြည့်ကောင်းနေတဲ့ မျက်နှာလေးနဲ့။ နှုတ်ခမ်းလေးက မပြုံးတုံ့တုံ့ ပြုံးတုံ့တုံ့။
မိုမိုး ယုမိ လာလည်တာလေ မိုမိုရဲ့။ ယုမိကို မဖိတ်ခေါ်တော့ဘူးလား။
အော် ယုမိစံ
. . . ဂျာနယ်ကျော် မမလေးရဲ့ နာမည်ကြီး သွေးဝတ္ထုထဲက ဂျပန်မလေး ယုမိစံကို သဘောကျလို့ ကျွန်တော်က ယုမိစံလို့ နာမည်ပေးထားတဲ့ ကောင်မလေး။ ငယ်ငယ်တုန်းက မြန်မာပြည်ကို တစ်ခေါက် ရောက်ဖူးပြီး မြန်မာစကားကို သဘောကျလို့ တက္ကသိုလ်မှာ မြန်မာစာအထူးပြုနဲ့ ကျောင်းပြီးလာခဲ့ပြီးမှ အခု ကျွန်တော်တို့တက္ကသိုလ်မှာ ဘွဲ့လွန်လာတက်နေတဲ့ အတန်းထဲက ကောင်မလေး။ ကျွန်တော် နည်းနည်း အတွေးလွန်သွားတယ်ထင်တယ်။
. . . မိုမိုး ယုမိ လာလည်တာလေ။ မိုမို အားရဲ့လားဟင်။ သေကြ်ာနေ့ ညဆိုတော့ မိုမို အားမယ်ထင်လို့ လာလည်တာပါ။ မအားရင်လည်း ပြန်ပါတော့မယ်။
အဲသည်တော့မှ ကျွန်တော်လည်း သတိဝင်လာပြီး မျက်နှာကို ချက်ချင်း ပြုံးပစ်လိုက်ရတယ်။
ယုမိစံအတွက်ဆို မိုမို အားရမှာပေါ့ ယုမိရယ်။ လာ လာ။
ကဲယုမိ ထိုင်။
. . . စာကြည့်စားပွဲက ခုံလေးကို ဆွဲယူပြီး ယုမိကို ထိုင်ခိုင်းလိုက်တယ်။ မီးခိုးရောင်အောက်ခံမှာ အနက်ရောင် အပွင့်တန်းလေးတွေပါတဲ့ ပေါင်လည်လောက်ပဲရှိတဲ့ စကတ်တိုလေးနဲ့ ပေမယ့် ယုမိက အနေအထိုင် ပိပြားသိမ်မွေ့လှပါတယ်။ ဒူးလေးနှစ်ဘက်ကို စိပြီး ထိုင်ခုံမှာ ထိုင်နေတဲ့ ယုမိကို ကျွန်တော် သေသေချာချာ ကြည့်မိတယ်။
ဘာကြည့်တာလဲ မိုမိုရဲ့
ယုမိစံ သိပ်လှတယ်။ ယုမိစံ လှတာဟာ မြန်မာမလေးတွေ လှတာနဲ့ သိပ်တူတာပဲ။ ယုမိစံမှာ မျက်ခုံးမွေး သွယ်သွယ်လေးတွေ ရှိတယ်။ မျက်လုံးမှာ မျက်ရစ်မရှိဘူးဆိုပေမယ့် မျက်ရစ်ရှိတဲ့ မြန်မာမလေးတွေလိုကို လှတယ်။ နောက်ပြီးတော့ . . .
တော်ပါတော့ မိုမိုရယ်။ ယုမိကို အဲသည်လောက်ကြီးလည်း မမြှောက်တင်ပါနဲ့။ ကဲ ကြည့် ဘာပြုံးတာလဲ။
. . . အော် ယုမိကလည်း ဟိုတစ်နေ့က ပြောထားတာကို မေ့သွားပြန်ပြီလား။ မြှောက်တင်တယ်လို့ မပြောရဘူးလေ။ မြှောက်တယ်လို့ ပြောရမှာ။ ဒါပေမယ့် ကိုယ်က ယုမိကို မြှောက်ပြောတာ မဟုတ်ပါဘူး။ ယုမိက တကယ်ကို လှလို့ ပြောတာ။ ကိုယ့်မှာ ဒီလို သိပ်လှတဲ့ သူငယ်ချင်းမလေးတစ်ယောက်ရှိတာ ကြွားချင်လို့ နောက်ဆုံးတစ်ခေါက် တိုကျိုသွားတုန်းက ယုမိကို ကိုယ်ရိုက်ပေးထားတဲ့ပုံကိုတောင် မြန်မာပြည်ပို့လိုက်သေးတယ်။
ဟို . . .ပန်း ပန်း . . .
. . . ဟုတ်တယ် ယုမိ . . . ပန်းပွင့်လေးတို့ မေမေကို ပို့လိုက်တာ . . . ယုမိက သိပ်လှတာပဲတဲ့ နောက်တစ်ခါ မြန်မာပြည်လာရင် အိမ်ကို လာလည်ပါတဲ့
ကျေးဇူးပါ ယုမိက အရမ်းကြီး ကျေးဇူးတင်တဲ့အကြောင်း ပြောပေးပါနော်။ နောက်တစ်ခါ မြန်မာပြည်ကို သွားလည်ဖြစ်ရင်လေ ပန်းပွင့်လေးတို့ဆီကို ရောက်အောင် လာခဲ့ပါ့မယ်လို့ ပြောပေးပါနော်
ကောင်းပါပြီတဲ့ဗျာ . . . ကဲ ယုမိ ဒီနေ့ ဘာအကြောင်း ပြောပြရမလဲ
. . . မိုမို ယုမိ မိုမိုဆီ လာတာက မြန်မာစကားပြောသင်ရုံသက်သက် မဟုတ်ပါဘူး။ မြန်မာ စကားပြောဖို့အတွက်ကို မိုမိုး ညီလေးတွေကလည်း အများကြီးကို ကူညီပြောကြပါတယ်။ အခုလာတာ မိုမိုးအခန်းကို အလည်လာခြင်း တစ်ခုတည်းပါ။
အလည်လာရုံ သက်သက်လို့ ပြောရတယ် ယုမိရဲ့။
ဟိုက် ဟိုက် အလည်လာရုံ သက်သက်ပါရှင်း
အော် အခုမှ သတိရတယ်။ ယုမိကို မေးချင်နေတာတော့ ကြာပြီ မေ့မေ့နေလို့။ ယုမိ ဒီပုံကို မြင်ဖူးတယ်မလား။
အိုး ယုမိ သိတာပေါ့။ ယုမိတို့နဲ့ အများကြီး ကျွမ်းဝင်တဲ့ ပန်းချီကားပဲ။ မိုမို ဘယ်က ရတာလဲဟင်။
ဟိုတစ်ခါ တိုကျိုအမျိုးသားပြတိုက်မှာတုန်းက သဘောကျလို့ ၀ယ်လာခဲ့တာ။
သဘောကျ သဘောကျ။ ဘာပြောလိုက်လဲ မိုမို
အော် သဘောကျတယ်ဆိုတာ ကြိုက်တာကို ပြောတာ ယုမိရဲ့။
ဟိုက် ဟိုက် သဘောကျ သဘောကျ သဘောကျ နေအုံး ယုမိ မှတ်လိုက်အုံးမယ်
. . . လက်ကိုင်အိတ် အသားရောင်လေးထဲက မှတ်စုစာအုပ်လေး ထုတ်ပြီး ရေးမှတ်နေတဲ့ ယုမိကို ကြည့်ရင်း လက်သည်းဆိုးဆေး ဆိုးမထားဘဲ ပန်းသွေးရောင်လေး တောက်ပနေတဲ့ ယုမိရဲ့ လက်သည်းလေးတွေနဲ့ ဖယောင်းလုံးလေးတွေလို သွယ်မွတ်နေတဲ့ လက်ချောင်းလေးတွေကို သတိထားမိတယ်။ စားပွဲပေါ်မှာ ငုံပြီး စာရေးတော့ နက်မှောင်ပြီး ပိုးသားလေးလို နူးညံ့တဲ့ ဆံပင်လေးတွေက ယုမိရဲ့ ပါးနှစ်ဘက်ကို ကလူကျီစယ်လို့။
ယုမိကို ဘာမေးမှာလဲဟင်
ယုမိ ဒီမှာကြည့်စမ်း ဒီပန်းချီကားပေါ်မှာ စာတွေရေးထာတာ ရှိတယ်။ အဲဒီ စာလေးတွေရဲ့ အဓိပ္ပာယ်ကို ကိုယ့်ကို ဘာသာပြန်ပြပါလား။
ဟို ဟို ယုမိ မဖတ်တတ်ဘူးရှင်း
ဟင် ဒါ ဂျပန်လို ရေးထားတာ မဟုတ်ဘူးလား
ဟိုက် ဟိုက် ဂျပန်လို ရေးထားတာ ဟုတ်မှန်ပါတယ်။ ဒါပေမယ့်။ ယုမိ ခန်းကြီးစာ အကုန် မသိဘူး။ မိုမို ဒီပုံကို ဘာလို့ ဟို ဟို သဘာ သဘော သဘောကျတာလဲဟင်
ဒီမှာလေ ယုမိရဲ့ ပန်းချီကားထဲက မိန်းကလေးက ကလောင်တံနဲ့ စာရွက်လေးနဲ့ ကိုင်ထားတယ် မဟုတ်လား။ အဲဒါတွေ့တော့ ကိုယ့်ရဲ့ ပန်းပွင့်လေးမေမေကို သတိရသွားတာနဲ့ ၀ယ်လာခဲ့လိုက်တာ။
ပန်းပွင့်လေး မေမေကို ဘာလို့ သတိရသွားတာလဲ။
ပန်းပွင့်လေး မေမေက တက္ကသိုလ်က ဆရာမလေ ယုမိရဲ့။ စာရွက်နဲ့ ကလောင်တံလေးနဲ့ ကိုင်ထားတဲ့ပုံတွေ့တော့ ကိုယ့်စိတ်ထဲမယ် ပန်းပွင့်လေး မေမေလို့ပဲ အောက်မေ့မိလို့ သတိရသွားတာ။
ယုမိ မှတ်မိတယ်။ မိုမိုပြောဖူးခဲ့တယ်လေ။ ပန်းပွင့်လေး မေမေက ဆရာမဆိုတာ။ ယုမိတို့က ဆရာမဆိုရင် အများကြီးကို အရမ်းကြီးကို ဟို ဘယ်လို ပြောရသလဲ။ ရစပက် . . .
လေးစားတယ်လို့ ခေါ်တယ် ယုမိရဲ့
ဟိုက် ဟိုက် အရမ်းကြီးကို လေးစားတယ်။ ပန်းပွင့်လေးမေမေက ဒီပန်းချီကားလေး တွေ့ရင် သိပ်ကို ပျောသွားမှာဘဲနော်
ကိုယ်ဓာတ်ပုံရိုက်ပြီး ပို့လိုက်ပြီးပြီ ယုမိရဲ့ သဘောကျတယ်တဲ့
မိုမို ဒီပုံလေးက မိုမို ဆွဲထားတာလားဟင် ဒီတစ်ယောက်က မိုမိုနဲ့တူတယ် ဒီကလေးငယ်က ပန်းပွင့်လေးလားဟင်
ဟုတ်တယ် ဒါ ကိုယ်နဲ့ ပန်းပွင့်လေးပုံလေ ကယ်ရီကေချာဆွဲပေးထားတာ။ ပန်းပွင့်လေးတို့နဲ့ လျှောက်လည်တုန်းက အပျော်ဆွဲထားတာပါ။
ကယ်ရီကေချာကို မြန်မားလို ဘယ်လို ခေါ်လဲဟင်
အဲ ဟို အဲလိုပဲ ခေါ်တယ်။ မြန်မာလို ရုပ်ပြောင်လို့ ခေါ်ကြတာတော့ ရှိတယ်။ ဒါပေမယ့် အဓိပ္ပာယ် မတူပါဘူး။ ကယ်ရီကေချာလို့ ခေါ်တာ အကောင်းဆုံးပါ။ နေအုံး ယုမိကိုယ် ကော်ဖီတိုက်မယ်။
ဆူမီမန်စယ်။ နေပါစေရှင် ယုမိကော်ဖီလုပ်ပါမယ်။ မိုမိုးလုပ်ရင် ဟိုတစ်ခါလို နို့ နို့ ဟို
ဘာလဲ ယုမိ နို့ဆီတွေ အများကြီး ထည့်မှာ စိုးလို့လား။ ယုမိ နို့ဆီနဲ့ မသောက်တတ်တာ ကိုယ်သိပါပြီ။ ဒီတစ်ခါ နို့မှုန့်နဲ့ ဖျော်ပေးပါမယ်။ ကဲ မယ်မင်းကြီးမ ထိုင်ခုံပေါ်မှာပဲ စိတ်အေးလက်အေး စံနေတော်မူပါ။ ကျွန်တော်မျိုးကြီး ဖျော်ပေးပါ့မယ်။
မိုမိုး စကားပြောတွေကလည်း ဟိုတစ်ခါ မိုမိုးကြည့်ခိုင်းတဲ့ မူဘီထဲကလိုပဲ။ နားလည်သလိုလို ရှိတယ်ပေမယ့် နားလည်တာ မဟုတ်ဘူး
အော် အဲဒါတောင် မေးဖို့ မေ့နေတာ ဘယ်နှယ်လဲ ကိုယ်ပေးလိုက်တဲ့ သူ့ကျွန်မခံပြီဇာတ်ကား ကြည့်လို့ကောင်းလား
ဟိုက် ကြည့်တာကောင်းတယ် စကားပြောတာက လူတွေလို မဟုတ်ဘူး။ ဟော ပြုံးပြန်ပြီ ယုမိပြောတာ မှားသွားလား။
စကားပြောတာ လူတွေလို မဟုတ်ဘူးဆိုတာကို သဘောကျလို့ပါ ယုမိရယ်။ ဇာတ်ကားထဲမှာ ပြောတဲ့ စကားတွေက ရှေးတုန်းက ပြောတဲ့ စကားပြောဟန်တွေလေ။
အော် ယုမိ သိပြီ။ ယုမိ ဘားမိတက်တုန်းက လင်ဂွစ်စတစ်ကာ သင်ရတယ်လေ။ အဲဒါမျိုးကို စတိုင်လစ်စတစ်ကာထဲမှာ တွေ့ရတယ်။ အတိတ်ခေတ်က ပြောတဲ့စကား။ အခုခေတ်က ပြောတဲ့စကား မတူကြဘူးဆိုတာ . . . အဲဒါ ထားလိုက်ပါ မိုမိုရဲ့ ခုနက ဘာပြောလိုက်တာလဲဟင် ဟို စံ စံ နေတောပါဆိုတာ
စံနေတော်မူပါလို့ ပြောတာက သက်တောင့်သက်သာ နေပါလို့ ပြောတာပါ။
ယုမိ မှတ်မိပြီး ရီလက်ဇ် ရီလက်ဇ် ကို ပြောတာမဟုတ်လား
အိုကေ အိုကေ အိုကေ သခင်မဖုရားလေး ကျွန်တော်မျိုးကြီးရဲ့ ထိုင်ခုံပေါ်မှာ စိတ်အေးလက်အေး စံနေတော်မူပါ ကျွန်တော်မျိုးကြီး ကော်ဖီ ဖျော်ပါ့မယ်။
မိုမိုး
ဘာလဲ ယုမိရဲ့
မိုမိုး ရေးတဲ့စာတွေကို ယုမိ ဖတ်ကြည့်တယ်
ကောင်းလား
ဘာသာ နည်းနည်း နားလည်တယ် ထင်တယ်။ အကုန်နားမလည်ဘူး။ မိုမိုဘားမီးက ခက်တယ်။ မိုမို ပြုံးပြန်ပြီ
သဘောကျလို့ပါ ဒေါ်ယုမိရယ်။ ယုမိက မြန်မာလူမျိုးမှ မဟုတ်တော့ မြန်မာစာက ခက်မှာပေါ့။ အဲဒါ မဆန်းပါဘူး။ ကဲ ရော့ သောက်။ ယုမိအကြိုက် အချိုလျှော့ထားတယ်။ နို့ဆီ မထည့်ဘဲ နို့မှုန့်နဲ့ ဖျော်ထားတဲ့ ဗိုလ်ကောင်းကော်ဖီ။
မိုမို ဟိုတစ်နေ့က မိုမိုတင်ထားတဲ့ သီချင်းလေးကို ဒီတစ်ခါလာလည်ရင် ဆိုပြမယ်ဆို။
အာ အတူတူပဲကို ။ တင်ထားတာလည်း ကိုယ်ဆိုထားတာပဲလေ
ယုမိက မိုမိုသက်ရှိဆိုနေတာကို နားထောင်ချင်လို့ပါ။ ပြီးတော့ ဟိုဟို လစ်ပ်စ် လစ်ပ်စ် ပါးစပ်က လှုပ်တာကို ကြည့်ချင်လို့
ကဲ အဲသလောက်တောင် နားထောင်ချင်လည်း မယ်မင်းကြီးမ ဒီပက်လက်ကုလားထိုင်ပေါ်ကို ကြွ။ တယောက ဒီမှာ ထိုင်တီးလို့ မရဘူး။ ကိုယ်က ထိုင်ခုံမှာ ထိုင်ပြီး . . . ဟာ မရဘူးလေ။ တယောတီးရင်းနဲ့ ကိုယ်က သီချင်းမှ မဆိုတတ်တာ။ သိပြီး ဟိုတစ်နေ့က ကြီးတော်ကျုပ်ကို သီချင်းဆိုပြမယ် ပြောထားတာလည်း ရှိတယ်လေ။ အဲဒါ အရင်ဆိုပြ။ ကိုယ် တယောတီးမယ်။
မိုမိုးနော် စကားပြောရင် ဗေးရီးယပ် အဒရက်စ်တွေနဲ့။ အဲလိုမှန်းသိရင် ယုမိ မတောင်းဆိုပါဘူး။ အခုတော့ ယုမိပဲဆိုပြရတော့မယ်။
ဆိုလိုက်ပါ ယုမိလေးရယ်။ ကိုယ်နားထောင်ချင်လို့ပါ။ ယုမိလေးက လိမ္မာသားနဲ့
. . . ကျွန်တော်က တယောကို အသံစမ်းနေတဲ့အချိန်မှာ ယုမိကလည်း သီချင်းကို တိုးတိုးလေး စမ်းဆိုကြည့်နေတယ်။ မျက်လွှာလေးချပြီး ပန်းသွေးရောင်နုတ်ခမ်းပါးလေးနဲ့ သီချင်းလေး တိုးတိုးညည်းနေတဲ့ ယုမိကိုကြည့်ပြီး ကျွန်တော် သက်ပြင်းဖွဖွ ချမိပါတယ်။
အော် ယုမိ ယုမိ

No comments:

Post a Comment