Friday 3 July 2015

ဘေးခန်းက စံပယ်ပန်းလေး

သူတို့ဒီနေ့ ကျောင်းဆင်းပြီ

နက်ဖြန်ဆို ပြန်ကြပြီ

          အဆောင်နှစ် လေးထပ်မှာ အတူနေတဲ့ ဘေးခန်းက ကောင်မလေးကို ဘယ်တော့မှ ပြန်တွေ့ရမယ်ဆိုတာ မသေချာတော့။ အခန်းတံခါးဖွင့်လိုက်ရင် ရေမွှေးနံ့လေး သင်းနေတာကို ခြေရာခံပြီး သူဘယ်ဘက်သွားလဲ ခန့်မှန်းလို့ရတဲ့ ဘေးခန်းက ဂျပန်မလေး နာအိုကို ကျွန်တော် လွမ်းနေရတော့မှာ။ နံရံတစ်ချပ်ပဲခြားတဲ့ ခုတင်နှစ်လုံးမှာ ဘေးချင်းယှဉ်လျက်အိပ်ကြရတဲ့၊ တစ်ခါတစ်လေ နံရံကို ထိမိလို့ ဒုန်းကနဲထွက်လာတဲ့အသံနဲ့ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးနေကြရတဲ့ ဘေးခန်းက ကောင်မလေး လှလှလေးကို ဘယ်သူက မလွမ်းဘဲ နေပါ့မလဲဗျာ၊ ဘေးခန်းက အိမ်နီးချင်းကို အပြင်မှာ မြင်ဖူးအောင်လို့ဆိုပြီး သူ့အခန်းပြန်အလာကို စောင့်တာ နှစ်ပတ်ကြာမှ လူချင်းမြင်ဖူးတဲ့ ကောင်မလေး။ အခန်းရှေ့က ခြေသံကြားတိုင်း ဘေးခန်းက တံခါးဖွင့်သံကြားတိုင်း အပြေးအလွှားထွက်ပြီး နုတ်ဆက်ခဲ့ရတဲ့ ကောင်မလေး၊ ဘယ်နေရာမှာဘဲ တွေ့တွေ့ အပြုံးချိုချိုနဲ့ ဟိုင်းဖော်ရတဲ့ ကောင်မလေး၊ အဆောင်အောက်ထပ် အပြင်ဘက် ဆေးလိပ်သောက်တဲ့နေရာက ထိုင်ခုံမှာ ညကြီးအချိန်မတော် အိပ်ပျော်နေတာကို လာနှိုးပြီး အခန်းပြန်ပို့ပေးခဲ့တဲ့ အိမ်နီးချင်းပီသတဲ့ ကောင်မလေး၊ အပြင်မှာ လှသလောက် ဓာတ်ပုံလည်းသိပ်စားတဲ့ ကောင်မလေး၊ အနော်တို့တွေ ငယ်ငယ်က သွားရေကျခဲ့တဲ့ စကတ်တိုလေးနဲ့အကကို လန်လန်ပျံပျံ ရင်ခုန်အောင် ကပြတတ်တဲ့ ကောင်မလေး၊ စံပယ်တင်မှဲ့လေးနဲ့မို့ ကျွန်တော်က မစံပယ်လို့ တိတ်တိတ်ကလေး နာမည်ပေးထားတဲ့ ကောင်မလေး၊

         နက်ဖြန်ဆိုရင် သူလေးနဲ့ ဝေးပြီလေ၊ အတန်းလည်းမတူ ဘာသာရပ်လည်း မတူပေမယ့် အိမ်နီးချင်းသံယောဇဉ်နဲ့ ခင်မင်တဲ့ ကောင်မလေးကို နင်နက်ဖြန် ဘယ်ချိန် ပြန်မှာလဲ ဆိုတော့ မပြန်ခင် နင့်အခန်းကို လာခဲ့ပါမယ်တဲ့။ ကောင်မလေးရယ် ငါ နင့်ကို တစ်သက်လုံး လွမ်းနေရတော့မှာလား၊ ရေခြားမြေခြား နိုင်ငံခြားတဲ့ ငါတို့တွေ ပြန်တွေ့ဖို့က တော်တော်ကို အခွင့်အလမ်းနည်းသွားပါပြီ။ တို့တွေ မခွဲကြခင် နောက်ဆုံးနုတ်ဆက်တဲ့အနေနဲ့ တစ်ခါလောက်တော့ ငါ့ရင်ခွင်ထဲမှာ ဖက်ထားခွင့်ပေးပါကွာ


No comments:

Post a Comment