. . . တပ်မတော်နေ့ စစ်ရေးပြတွေကို စကြည့်ဖူးတာ ကျွန်တော်တို့ တောင်ဘက်က အိမ်မှာဗျ။ သူတို့အိမ်မှာ တီဗီရှိတယ်လေ။ ဗိုလ်ကောင်းတို့က အချိန်တန် အဲဒီအိမ်မှာ သွားမော့ရတာပေါ့။ တပ်မတော်နေ့ စစ်ရေးပြကို အပြင်မှာ ကိုယ်တိုင် ကြည့်ဖူးတာကတော့ ပျဉ်းမနားမြို့မှာ။ မှတ်မှတ်ရရ ၁၉၉၆ ခုနှစ် မြန်မာ့ခရီးသွားနှစ်။ ပျဉ်းမနားမှာ အမှတ် ၆ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဖွင့်ခါစလားမသိ။ စကခမှူး ဗိုလ်မှူးချုပ်မောင်ဘို ဆိုရင် ကလေးကအစ ဆိုက္ကားသမားကအစ သိတဲ့ခေတ်ပေါ့။ အဲသည် မြန်မာ့ခရီးသွားနှစ် ပျဉ်းမနားမှာလုပ်တဲ့ တပ်မတော်နေ့ စစ်ရေးပြချီတက်ပွဲမှာ အစ်မတွေ ပန်းကုံးစွပ်တာ လိုက်ကြည့်ဖူးတယ်။ နောက်ထပ် မှတ်မှတ်ရရ ထပ်ပြောရရင် ပျဉ်းမနားက မျိုးဆက်သစ်လက်ဆင့်ကမ်း မြင်းရတနာရုပ်ထု၊ တောင်ညိုလမ်းခွဲက ၁၈၈၆ ခုနှစ်ကလို့ ရေးထားတဲ့ သစ်တုံးကြီးကို ဆွဲနေတဲ့ ဆင်ရတနာရုပ်ထု၊ လယ်ဝေးဈေးရှေ့လမ်းဆုံက ရုပ်တုနဲ့ တပ်ကုန်းက ရုပ်တုတွေကိုလည်း အဲသည် ၁၉၉၆ မတ်လ ၂၇ ရက်နေ့မှာ ဖွင့်ခဲ့တာပေါ့။ အဲသည်နေ့ကို ဘာလို့ အမှတ်ထင်ထင် ရှိနေတာလဲ ဆိုရင် ဆယ်တန်းဖြေပြီးခါစမှာ စိတ်ပြေလက်ပျောက်ဆိုပြီး အမေတို့က ငါ့သား သွားချင်ရာသွားလို့ ခွင့်ပေးလို့ အစ်မတွေရှိတဲ့ ပျဉ်းမနားကို သွား၊ အဖေ့ရွာ ကြို့ပင်ဆိပ်ကိုသွားလည်ခဲ့တဲ့ အားလပ်ရက်ဖြစ်နေလို့ပါ။
. . . စစ်တက္ကသိုလ်တက်တော့ ပြင်ဦးလွင်တပ်နယ်က လုပ်တဲ့ တပ်မတော်နေ့ စစ်ရေးပြမှာ တစ်ခါမှ မလျှောက်ခဲ့ရဘူး။ ကျောင်းမှာလုပ်တဲ့ စစ်ရေးပြကတော့ ပါရတာပေါ့လေ။ ကျောင်းဆင်းတော့လည်း သူများတပ်မတွေက ဒုဗိုလ်ကို စစ်ရေးပြခေါ်ပေမယ့် ကျွန်တော်တို့ တပ်မက ဗိုလ်အဆင့်ကိုမှ ခေါ်တာရယ် နောက်တစ်ခုက အရပ်မမီတာရယ်ကြောင့်လားမသိ စစ်ရေးပြလျှောက်ဖို့ တစ်ခါမှ အရွေးမခံရဘူးဗျ။ ဒါပေမယ့် ရန်ကုန်မှာ ကျောင်းတက်တဲ့ သုံးနှစ်လုံး စစ်ရေးပြနဲ့ညားတော့တာပါပဲ။ စစ်ရေးပြနဲ့ ညားတယ်ဆိုတာ ကိုယ်တိုင် ၀င်လျှောက်ရတာကို ပြောတာမဟုတ်ဘူး။ ကျွန်တော်တို့နေတဲ့ ဘုရင့်နောင် တည်းခိုရေးစခန်းမှာ စစ်ရေးပြစစ်ကြောင်းတွေရှိတော့ မတ်လ တပ်မတော်နေ့ နီးပြီလားဆိုမှဖြင့် တဒိန်းဒိန်းနဲ့ လေ့ကျင့်ကြတာ၊ ကျွန်တော်တို့ကလည်း အဲဒီအချိန်ဆိုရင် နောက်ဆုံးစာမေးပွဲရာသီ၊ စစ်ရေးပြကလည်း ဘင်သံ တဒိန်းဒိန်း ကျွန်တော်တို့ကလည်း စာတွေမရလို့ ရင်ထဲမှာ တဂျိန်းဂျိန်းပေါ့ဗျာ။ အဲဒါ ရန်ကုန်မှာ ကျောင်းတက်တဲ့ သုံးနှစ်လုံးပဲ။ စစ်ရေးပြ စစ်ကြောင်းတွေ တပ်ခွဲတွေမှာ စစ်သားချင်းတောင် ငေးကြည့်လေးစားရလောက်အောင် စည်းကမ်းကောင်းတာကတော့ အမြောက်နဲ့သံချပ်ကာတပ်ဖွဲ့ပဲ။ စစ်ရေးပြဆုတွေလည်း သူတို့ပဲ နှစ်တိုင်းလိုရတယ်လို့ ကြားဖူးတယ်။
. . . နေပြည်တော်ရောက်တော့ စစ်ရေးပြကိုယ်တိုင်မလျှောက်ရပေမယ့် ကျွန်တော်တို့အခေါ် ရပ်ကြည့်စစ်ကြောင်းမှာ ပါရတဲ့အခါလည်းရှိ။ လူကြီးတွေရဲ့ ဦးစီးအရာရှိအဖြစ်နဲ့ စစ်ရေးပြကွင်းထဲ လိုက်ရတဲ့အခါလည်းရှိ။ ဘာတာဝန်မှ သီးခြားမရှိလို့ စစ်ရေးပြစစ်ကြောင်းကို တစ်ခြားပြည်သူတွေနဲ့အတူ အားပေးခဲ့ရတာလည်း ရှိပေါ့။ အမှတ်တရလေးတွေလည်း အရှိသားပါ။ တစ်ခါက ဗိုလ်ချုပ်တစ်ယောက်ရဲ့ ဦးစီးအရာရှိတာဝန် ထမ်းဆောင်နေတဲ့အခိုက်။ မနက် စစ်ရေးပြသွားမယ်ဆိုတော့ အခမ်းအနားတက်တဲ့ ကားထိုးပေးထားတာပေါ့ ဆင်ဝင်အောက်မှာ။ အချိန်တန်တော့ ဗိုလ်ချုပ်က အိမ်ထဲက ထွက်လာတဲ့ပြီး ဟာ စစ်ရေးပြကို ဒီကားကြီးနဲ့ သွားရမှာလား ဘာလား လုပ်တော့တာ။ ဦးစီးအရာရှိဆိုတာ သိတာပေါ့ ဘယ်ခရီးဘယ်ထီး ဘယ်အရပ် ဘယ်ဖိနပ် ဘယ်နားကို ဘယ်ကားနဲ့သွားသင့်တယ်ဆိုတာ။ ဒီနေ့ စစ်ရေးပြကွင်းကို ဘယ်ကားနဲ့ သွားရမယ်ဆိုတာ သိလို့ အဲဒီကား ထိုးပေးထားတာကို အဲသလို မာန်တယ်ဗျာ။ ကျွန်တော့်ဗိုလ်ချုပ်က စိတ်တော့ အကြီးသား။ နောက်တစ်ခုက စစ်ရေးပြကို ဘယ်ကားနဲ့ လာခဲ့ပါဆိုတဲ့ သီးခြား ညွှန်ကြားချက်လည်း မရှိထားတော့ ရှင်းပြဖို့ကလည်း ခက်နေတယ်။ နောက်ထပ်တစ်ခုက ဘယ်ကားပဲ စီးသွားသွား လွဲသွားလဲ သိပ်ကိစ္စရှိမယ့်အဖြစ်မျိုး မဟုတ်တော့ ရှင်းပြမနေတော့ဘဲ ကားသမားကို မျက်စပစ်ပြပြီး ကားလဲခိုင်းလိုက်တယ်။ ရှေ့ခန်းမှာ ကိုယ်နဲ့ ယာဉ်မောင်း၊ နောက်ခန်းမှာ ဗိုလ်ချုပ်။ စစ်ရေးပြကွင်းကို ရောက်ရော။ ဟိုရောက်တော့ ကျွန်တော် သိထားတဲ့အတိုင်းပဲ ကျွန်တော်တို့ စီးလာတဲ့ကားက လွဲနေတယ်။ အဲသည်တော့မှ ဗိုလ်ချုပ်က ကဲကဲ ကားသွားပြန်လဲလိုက်တဲ့။ အဲဒီလိုလည်း ကြုံခဲ့ရဖူးတယ်။
. . . နောက် အမှတ်တရဖြစ်စရာတစ်ခုက ဒီလို။ အရင်လည်း စစ်ရေးပြကို တီဗီမှာပဲ ကြည့်ဖူးတာဆိုတော့ ကွင်းထဲက ဧည့်သည်တော်နေရာက သွားကြည့်ရတဲ့အတွေ့အကြုံကလည်း အဲသည်တစ်ခါက ပထမဆုံး။ ကျွန်တော်တို့ ဦးစီးအရာရှိတွေဆိုတာ ကွင်းထဲမှာ ငြိမ်ငြိမ်လေး ထိုင်ကြည့်နေတာမဟုတ်ဘူးရယ်။ ကိုယ်က ကွင်းထဲရောက်နေပေမယ့် အခမ်းအနားဝတ်စုံနဲ့ လာတက်တဲ့သူမှ မဟုတ်တာကိုး။ တာဝန်ချိန်ဝတ်စုံ အစိမ်းနဲ့ဆိုတော့ ထိုင်ခုံမှာ ငြိမ်ငြိမ်မထိုင်ဘဲ ကွင်းပတ်လည် သွားလို့ရတဲ့နေရာတွေ လျှောက်သွားပြီး ဓာတ်ပုံရိုက်လိုက် လေပစ်လိုက် လုပ်ကြတာ။ စစ်ရေးပြစစ်ကြောင်းတွေ နေရာယူပြီးတဲ့အချိန်မှာ တပ်ချုပ်ကြီးယာဉ်တန်းက ၀င်လာပါရော။ တပ်ချုပ်ကြီးကားရပ်တဲ့ အလေးပြုခံစင်မြင့်နောက်တည့်တည့်နေရာမှာ သတင်းထောက်တွေက အပြေးအလွှား စုပြုံပြီး ဓာတ်ပုံရိုက်ကြတော့ ကိုယ်တွေလည်း တပ်ချုပ်ကြီး ကားပေါ်ကဆင်း နုတ်ဆက်လုပ်နေတာတွေ နောက်ခံထားပြီး တစ်ယောက်တစ်လှည့် ဓာတ်ပုံရိုက်ကြတာပေါ့။ အဲဒါကလည်း ခဏပဲလေ။ တပ်ချုပ်ကြီးကလည်း အဲသည်နေရာရပ်ပြီး ဓာတ်ပုံအရိုက်ခံ ပို့စ်ပေးနေတာမှ မဟုတ်တာကို။ ကားပေါ်က ဆင်းတယ်။ လက်ပြနုတ်ဆက်တယ်။ အလေးပြုခံစင်မြင့်ပေါ်ကို တက်သွားတယ်။ စက္ကန့်ပိုင်းလောက်ပါပဲ၊ စောစောက ၀ိုင်းအုံနေတဲ့ သတင်းထောက်တွေ ရှဲသွားတော့ အလေးပြုခံစင်မြင့် နောက်တည့်တည့်က ဧည့်သည်တော် ထိုင်ခုံတွေကြား လွတ်နေတဲ့ ကွက်လပ်ကျယ်ကြီးမှာ ကျွန်တော်တစ်ယောက်တည်း ငေါင်းစင်းစင်းလေး ကျန်ခဲ့တယ်။ အဲသည်အချိန်ကျမှ လူက လှုပ်လို့ မဖြစ်တော့ဘူး။ စစ်ရေးပြစစ်ကြာင်းတွေက တပ်ချုပ်ကို အလေးပြုနေပြီလေ။ ကိုယ်လည်း သတိဆွဲရပ်ပေါ့။ စစ်ရေးပြမှူးကြီးက တပ်ချုပ်ကြီးကို တန်းအပ်တယ်။ ပြီးတာနဲ့ နိုင်ငံတော်အလံကို အလေးပြု ကျဆုံးလေပြီးသော တပ်မတော်သားများကို အလေးပြုဆိုတော့ တပ်ချုပ်ကြီးက အလံတိုင်ရှိတဲ့ နောက်ဘက်ကို လှည့်ပြီး အလေးပြုရတာကိုး။ အဲသည်မှာ ကွိုင်တာပဲ။ အဲသည်တော့မှ ကျွန်တော်ရပ်နေတဲ့နေရာမှာ ဘာကြောင့် ကျွန်တော်တစ်ယောက်တည်း ကျန်ခဲ့သလဲဆိုတာ သဘောပေါက်တော့တယ်။ တပ်ချုပ်ကြီးက နိုင်ငံတော်အလံ အလေးပြုတော့မယ်ဆိုပြီး နောက်ကို လှည့်လိုက်တော့ ကျွန်တော်ရပ်နေတာနဲ့က မျက်နှာချင်းဆိုင်တည့်တည့်ကြီး ဖြစ်နေတာ။ တပ်ချုပ်ကြီးတစ်ယောက်နဲ့ မျက်နှာချင်းဆိုင်နေရာမှာ သွားရပ်မိတဲ့ ဦးစီးအရာရှိ ပေါက်စနတစ်ယောက် ဘယ်လောက်တောင် ဇောချွေးပြန်လိုက်မလဲဆိုတာ မှန်းသာကြည့်တော့။ တစ်သက်နဲ့တစ်ကိုယ် ရင်ထဲအသည်းထဲက စွဲစွဲမြဲမြဲ နှစ်ခြိုက်ခဲ့ရတဲ့ စစ်တီးဝိုင်းက နိုင်ငံတော်သီချင်းသံကလည်း ဒီတစ်ခါကျမှ ကြာလွန်းလိုက်တာ ပြီးမပြီးနိုင်ဘူးလို့ အောက်မေ့မိတယ်။ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ သတိကို အဲသလာက်တင်းတင်း မဆွဲခဲ့ဖူးဘူး ထင်တာပဲ။ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းလောက်ကြာတဲ့ နိုင်ငံတော်သီချင်းတီးအပြီး ကျဆုံးလေပြီးသော တပ်မတော်သားတွေကို အသံတိတ် အလေးပြုအပြီးမှာ တပ်ချုပ်ကြီးက စစ်ရေးပြစစ်ကြောင်းတွေဘက်ကို ပြန်လှည့်သွားတော့မှပဲ ဗိုလ်ကောင်းတစ်ယောက် မစ္စတာဘင်း ခြေလှမ်းလေးတွေနဲ့ တရွေ့ရွေ့ဆုတ်ခွာပြီး နည်းနည်းလှမ်းတာနဲ့ ပြေးတော့တာ။ အဲလို အဖြစ်မျိုးလည်း ကြုံခဲ့ရဖူးတယ်။
. . .ဘုရင့်နောင် ရိပ်သာမှာလုပ်တဲ့ တပ်မတော်နေ့ ညစာစားပွဲတွေလည်း အခါခါ တက်ဖူးပါရဲ့။ ဗိုလ်ချုပ်ရဲ့ ဦးစီးအရာရှိအဖြစ်နဲ့ပေါ့။ ဦးစီးအရာရှိဆိုတာကတော့ ဗိုလ်ချုပ်ကိုထိုင်ခုံနေရာပို့ပေးပြီးရင် အခမ်းအနားမပြီးမချင်းက ဦးစီးအရာရှိတွေကို ဧည့်ခံတဲ့နေရာမှာ ညစာသွားစားပေါ့။ တစ်ခါတစ်လေတော့လည်း ဘီယာလေးဘာလေး သောက်ကြပေါ့။ ညစာစားပွဲမှာ တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းရိုက်တဲ့ သရုပ်ဆောင်တွေပါ ဖိတ်တော့ ကျွန်တော်တို့ ကြည့်ရတာပေါ့ဗျာ။ သက်မွန်မြင့်နဲ့တောင် ဓာတ်ပုံတွဲရိုက်ဖူးသေးတယ်။ သက်မွန်မြင့်ရဲ့ နဂိုနေအရပ်ကိုက ကျွန်တော့်ထက်ရှည်တယ်ဗျ။ ဒေါက်ဖိနပ်နဲ့ဆိုတော့ ကျွန်တော်က သူ့ဘေးမှာ ဂျပုလေးကိုဖြစ်လို့။ ရှက်တာနဲ့ အဲပုံလဲ ဘယ်သူ့မှ မပြရဲပါဘူးဗျာ။
. . .စစ်ရေးပြအခမ်းအနားတစ်ခုလုံးမှာ ကျွန်တော်သဘောအကျဆုံးက အလေးပြုခံစင်မြင့်ရှေ့မှာ ရပ်ပြီး တပ်ချုပ်ကြီး တပ်စစ်တဲ့အခါ ရှေ့ကနေ ဓားကိုင်ပြီး ဦးဆောင်ခေါ်ရတဲ့ ရှေ့ဆောင်နှစ်ယောက်ကိုပဲ။ တပ်မတော်နေ့ရယ်လို့မှ မဟုတ်ပါဘူး။ ဗိုလ်လောင်းတုန်းကလည်း အဲသည်နေရာမှာ လျှောက်ဖို့ ၀င်အရွေးခံခဲ့ပေမယ့် မပါခဲ့ပါဘူး။ ပေမမီဒေါက်မမီတာရယ် ကိုယ်နဲ့ရုပ်ရည်ရူပကာ ကိုယ်နေဟန်ထားတူတာရယ် မရှိခဲ့လို့ပါ။
. . .အရင်တုန်းက တပ်မတော်နေ့စစ်ရေးပြဆိုတာ စစ်သည်တွေချည်းပဲ လမ်းလျှောက်ပြခဲ့တာ။ အခုခေတ်ကျတော့ သံချပ်ကာတပ်ဖွဲ့တွေ ဒုံးတပ်ဖွဲ့တွေက လက်နက်အကြီးကြီးတွေ တင့်ကားတွေ သံချပ်ကာကားတွေနဲ့ဆိုတော့ ပိုပြီးတော့ မြိုင်ဆိုင်လာတယ်။တိုက်လေယာဉ်တွေ ကောင်းကင်က၀ဲတယ်။ နိုင်ငံတော်အလံ တပ်မတော်အလံတွေနဲ့ အလေးပြုတယ်။ ၀ါစိမ်းနီအရောင်တွေနဲ့ ကောင်းကင်ကိုချယ်တယ်။ ဒီနှစ်ဆိုရင် ဗိုလ်ကြီးမမ ရဲမမတွေ ရေတပ်အထူးတပ်ဖွဲ့တွေ လေကြောင်းချီစစ်သည်တော်တွေ စာပို့ဆက်သားတွေ၊ အကြမ်းဖက်နှိမ်နင်းရေး အထူးတပ်ဖွဲ့တွေပါ ပါမယ်လို့ ကြားတယ်။ ကျွန်တော်တို့တွေမှာ ရောက်ရာအရပ်ကနေ ဒါတွေကို စောင့်ကြည့်ပြီး ကျေနပ်ချက် အားရချက် ဂုဏ်ယူချက်။ ငါမှ ငါတို့တပ်မတော်။ ဒါမှ ငါတို့နိုင်ငံကွဆိုပြီး ရောက်တဲ့နေရာကနေ ဂုဏ်ယူကြရတယ်။ လက်မထောင်ကြရတယ်။
. . .တပ်မတော်နေ့ပြီးပြီဆိုရင်လည်း သတင်းဌာနတွေကတင်တဲ့ သတင်းဓာတ်ပုံတွေဆိုတာ သိမ်းရတာအမော။ သူတို့က ရိုက်လည်း ရိုက်တတ်ကြတယ်။ မင်းသုံးပါးကို နောက်ခံထား။ စစ်ရေးပြစစ်ကြောင်းတွေ။ ဧည့်သည်တော်တွေကို အနုပညာမြောက် ရှုမငြီးမှတ်တမ်းပုံတွေ ကိုယ်တိုင် ကွင်းထဲသွားထိုင်ကြည့်ရင်တောင် သူတို့ရိုက်ထားတဲ့ ရိုက်ချက်တွေရဲ့အလှကို ခံစားနိုင်ဖို့ မလွယ်ဘူးဗျ။ ဓာတ်ပုံဆရာတွေဆိုတာက မြင်တတ်တာကိုး။
ကြီးကျယ်ခမ်းနားလှတဲ့ နေပြည်တော်စစ်ရေးပြကွင်းကြီးထဲမှာ တစ်ခုလောက်သာ ထပ်ဖြည့်လိုက်ရင် ကမ္ဘာပေါ်မှာ အလှဆုံး စစ်ရေးပြကွင်းကြီး ဖြစ်သွားလိမ့်မယ်လို့ ထင်တယ်။ အဲဒါကတော့ ကျွန်တော်တို့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်တုပဲ။
No comments:
Post a Comment