Friday 3 July 2015

ရင်ထဲမှာ ဟာတာတာ


          မနက်က ကျွန်တော်တို့မြို့လေးရဲ့ စီတီအော့ဖစ် မြန်မာလိုဆို ထွေအုပ်ရုံးခေါ်မလား အဲဒီကို ရောက်သွားပါတယ်။ ဒီတက္ကသိုလ် ကျောင်းဆောင်မှာနေတယ် ဆိုတဲ့ ထောက်ခံချက်လေး သွားယူတာပါ။ မနက် ကိုးနာရီ ရုံးဖွင့်မှာမို့ ကိုးနာရီ အရောက်သွားပါတယ်။ ဟိုလည်းရောက်ရော စားပွဲတိုင်းမှာ အားလုံးကိုယ်စီ ထိုင်အလုပ်လုပ်နေကြပါပြီ။ ကိုးနာရီ အတိလောက်ပဲ ရှိသေးတာပါ။ ဧည့်သည်ထိုင်ဖို့ ထိုင်ခုံမှာ ၀င်ထိုင်လိုက်တာနဲ့ အဲဒီရှေ့စားပွဲမှာ ထိုင်နေတဲ့ ၀န်ထမ်းမလေးက ပျာပျာသလဲ ထလာပြီး ဘာကူညီပေးရမလဲလို့ ပြုံးပြုံးလေး မေးပါတယ်။ ပြုံးပြုံးလေး မေးတာနော်။ ဧည့်ကောင်းစောင်ကောင်းလာလို့ ထွက်ကြိုတဲ့ နှစ်လိုဖွယ် အပြုံးလေးနဲ့။ အံ့သြဘ။ အဲဒါနဲ့ အနော်လည်း ကိုယ့်ကိုယ်ကို မိတ်ဆက်၊ ဂျပန်ပြည်မှာ နေထိုင်ခွင့် ကတ်ပြား (နိုင်ငံခြားသား မှတ်ပုံတင်) နဲ့ ကျောင်းသားကတ် ထုတ်ပြပြီး နိုင်ငံတကာတက္ကသိုလ်က ကျောင်းသားဆောင်မှာနေထိုင်ကြောင်း ထောက်ခံစာ လိုချင်လို့ပါဆိုတော့ ခဏလေးနော်ဆိုပြီး စာရွက်တစ်ရွက် ယူလာပါတယ်။ စာရွက်မှာက ဂျပန်လိုတွေ ရေးထားပေမယ့် ဖြည့်ရမှာတွေကို သေချာ ပြောပြပါတယ်။ ဖြည့်ရမှာကတော့ နာမည်ရယ် တက္ကသိုလ် လိပ်စာရယ် အဆောင်အခန်းနံပတ်ရယ် သုံးခုလောက်ပဲ ပေမယ့် တစ်ခုချင်းစီကို သေချာ လက်လေးနဲ့ ထောက်ပြီး ဒီနေရာလေးမှာတော့ ဘာလေးဖြည့်ပေးပါ စသည်ဖြင့် စိတ်ရှည်ရှည် တစ်ခုချင်း ဖြည့်ခိုင်းပါတယ်။ ဖြည့်လည်း ပြီးရော ခဏလေး စောင့်နော်ဆိုပြီး သူ့စားပွဲက ကွန်ပြူတာမှာ နှစ်မိနစ်လောက် တဂျောက်ဂျောက် ရိုက်ပါတယ်။ ဘယ်နှစ်စုံ လိုချင်ပါလဲတဲ့ ဆိုတော့ တစ်စုံဆို ရပါပြီလို့လည်း ဖြေလိုက်ရော ကီးဘုတ်က အန်းတာခလုတ်ကို ဂျောက်ဆို ခေါက်ထည့်လိုက်တာ စာရွက်တစ်ရွက် ချက်ချင်း ထွက်လာပါလေရော။

          ကျွန်တော့်အထင် - ထွက်လာတဲ့ စာရွက်ကို ၀င်စာဖိုင်မှာ တင်မယ် ဟိုဘက်စားပွဲကို သွားပို့မယ်။ ဟိုဘက်စားပွဲက ၀န်ထမ်းက လက်ဖက်ရည်သောက်က ပြန်လာရင် ခုန တင်လိုက်တဲ့ ၀န်ထမ်းကို ဘာဘာညာညာခေါ်မေးမယ်။ စာရွက်ကို ဘယ်ပြန်ညာပြန် အခေါက်ခေါက်အခါခါ ကြည့်ပြီးမှ လက်မှတ် မထိုးချင်ထိုးချင် ထိုးပြီး နောက်ထပ်စားပွဲတစ်ခုကို ပို့လိုက်မယ်။ အဲသည်နောက် . . .။ နောက်ဆုံးကျမှ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့သူ လက်ထဲ ရောက်သွားပြီး ကျွန်တော့်ကို ခေါ်တွေ့မယ် ဘာဘာညာညာတွေ မေးမယ်။ ပြီးရင် လက်မှတ်ထိုးပေးမယ်။ လက်မှတ်ထိုးပေးပြီးရင် လက်ဖက်ရည်ဖိုးလေး ဘာလေး ပေးပြီး ၀မ်းမြောက်ဝမ်းသာ အော် ငါ့အတွက် တော်တော်ကို အပင်ပန်းခံ လုပ်ပေးလိုက်ကြရှာတာပါလား ဆိုတဲ့ ကျေးဇူးတင်စိတ်ကြီးနဲ့ စာရွက်ကြီးကို ကိုင်ပြီး ပြန်လာခဲ့ရမယ်ပေါ့။ အနည်းဆုံး နာရီအနည်းငယ်ခန့်တော့ စောင့်ရမှာပေါ့ ၊ ဒါမှမဟုတ်လည်းနောက်နေ့ ပြန်လာဆိုလည်း လာရတော့မှာပေါ့။ အထင်ကို ပြောတာ။

          တကယ့်လက်တွေ့ - ခုန စာရွက်လေးတစ်ရွက် ရယ် နောက်ထပ် ငွေလက်ခံ ဖြတ်ပိုင်းလေးရယ် ကိုင်ပြီး နာမည်နဲ့ လူနဲ့ မှန်အောင် စစ်ပြီးတာနဲ့ အဲသည်စာရွက်ကိစ္စက ပြီးသွားရောဗျာ။ ယန်းသုံးရာ ကျသင့်ပါတယ်ရှင်တဲ့။ ကောင်းလိုက်တဲ့ ၀န်ဆောင်မှုဗျာ ယန်းသုံးရာမဟုတ်ဘူး အဲသလောက် မြန်မြန်ဆန်ဆန် စိတ်ချမ်းချမ်းသာသာနဲ့သာ ရလို့ကတော့ ယန်းတစ်ထောင်လည်း ပေးဖို့ ၀န်မလေးပါဘူးဗျာ။
သုံးသပ်ချက် - အပိုတွေ တစ်ခုမှ မလုပ်ဘူး။ ကျွန်တော်တို့ ဒီကျောင်းရောက်ပါပြီ ဆိုကတည်းက အရင်ဆုံးလုပ်ရတာ ကိုယ်နေတဲ့နေရာလိပ်စာကို ဒီမှာ မှတ်ပုံတင်ရတာပဲ။ အခန်းပြောင်းတိုင်း ပြန်ပြောင်းရတယ်။ အဲဒါကြောင့်မို့ လိပ်စာက သူတို့မှာ ရှိနေပြီးသား။ နောက်ပြီးတော့ ကျွန်တော်နေတဲ့နေရာမှာ ကျွန်တော်နေပါတယ်ဆိုတာ အတည်ပြုပေးဖို့အတွက် ဘယ်သူမှ မလိုဘူး။ တကယ်ကို မလိုတာဗျာ။ ပြောရရင် စက်ထဲကနေ ဂျောက်ကနဲ ထုတ်ပေးလိုက်တာပဲ။ ဘယ်စားပွဲမှလည်း သွားစရာမလိုဘူး။ ဘယ်သူ့လက်မှတ်မှလည်း ထိုးစရာမလိုဘူး။ ထစ်ကနဲ ရှိရင် အထက်ဆုံးထိတက်ပြီး အဆုံးအဖြတ်ခံရတဲ့ အကျင့်ရှိတဲ့ မြန်မာပြည်ကိုတောင် တော်တော်လွမ်းမိတယ်။
ဆယ်မိနစ်လောက်အတွင်းမှာ လိုချင်တဲ့ထောက်ခံစာကို စိတ်ချမ်းချမ်းသာသာ ချောချောမောမော ရလာခဲ့ပြီး အပြင်ထွက်လာတော့ ဘာလို့ အဲလောက်အမြန်ကြီး လုပ်ပေးရတာပါလိမ့်လို့ တွေးမိပြီး ရင်ထဲမှာ ဟာတာတာနဲ့ တစ်ခုခု လိုနေသလိုမျိုး

No comments:

Post a Comment