Friday 3 July 2015

ယုမိပြောတဲ့ ဟာကိုင်းစံ


           ဆောင်းနှင်းဝေတန်းတုန်းကဆို ညနေ သုံးနာရီခွဲတာနဲ့ နေ၀င်သွားခဲ့ပေမယ့် အခု နွေဦးပွင့်ဝေတန်းမှာတော့ နေက ခုနစ်နာရီလောက်မှ နေ၀င်တော့တာ။ ဒီနေ့ နောက်ဆုံးအတန်းချိန် ခြောက်နာရီလောက်မှ ပြီးတာတောင် ခြေခင်းလက်ခင်းသာသာနဲ့ လမ်းလျှောက်လို့ ကောင်းတုန်း။ ပြာလွင့်လွင့် ကောင်းကင်ကြီးရဲ့အောက်က စိမ်းညို့ညို့ဖြစ်နေတဲ့ တောင်တန်းကြီးပေါ် တအိအိ နိမ့်ဆင်းလာတဲ့ နေလုံးနီနီကြီးကို တောက်ပနေတဲ့ ရောင်စုံတိမ်တွေက ၀န်းရံထားတယ်။ တိမ်တောက်တဲ့ ညနေခင်း သိပ်လှတဲ့ ညနေခင်း။ ဒါပေမယ့် ကျွန်တော့်အတွက် ဒီညနေက ဘယ်လိုမှ မလှပနိုင်ပါဘူး။ နောက်ပြီး ကျွန်တော်သူ့ကို လွမ်းမနေသင့်ဘူးလေ။ သူဆိုတာ ကျွန်တော်နဲ့ လမ်းအတူလျှောက်နေတဲ့ ကျွန်တော်ရဲ့ သူငယ်ချင်းမလေး။ သူ့ကို လှည့်ကြည့်လိုက်တော့ သူ့မျက်နှာလေးက ခါတိုင်းလိုပဲ ကြည်လင်ရွှင်လန်းလို့။ အကျည်းတန်သူတွေတောင် လှပါတယ်ဆိုတဲ့ နေညိုချိန်တိမ်တောက်နေတဲ့ အရောင်တွေဟပ်ပြီး ပိုလှနေသလားတောင် ထင်ရတယ်။

"သိပ်ပျော်နေသလား ယုမိစံ"
"ရှင်"
ပါးစပ်က ထွက်သွားပြီးမှ မမေးသင့်တဲ့ မေးခွန်းမှန်း သတိရတယ်။
"အော် ယုမိလေး ဒီနေ့ ပျော်နေမှာပေါ့လို့"
"ပျော်တာပေါ့ မိုမိုရယ် ယုမိက အရှေ့တောင်အာရှနိုင်ငံတစ်ခုခုကို သိပ်သွားချင်နေတာ ကြာပါပြီ။ အခု သွားရတော့မယ်ဆိုတော့ မပျော်ဘဲ နေပါ့မလား"
"ယုမိက ပျော်နေ။ မိုမိုက နောက်နှစ် ဆောင်းဦးရွက်ကြွေတန်းမှာ ဘယ်သူနဲ့ နေရမှာလဲ ပြော"
"မိုမိုကလည်း ကလေးကျနေတာပဲ။ အတန်းထဲက အိုကီနဲ့ ယူရီကို ရှိတာပဲ သူတို့လဲ မိုမိုကို ခင်ကြပါတယ်"
"ဟင်း သူတို့များ အားကိုးလို့ သူတို့နှစ်ယောက်တည်းနဲ့တင်ကို အချိန်ဇယားက ပြည့်နေတာ"
ကျွန်တော်က အဲလိုပြောတော့ ယုမိက ခိုးခိုးခစ်ခစ် ရယ်ပါတယ်။
"သူတို့က သမီးရည်းစားတွေပဲ မိုမိုရယ်။ ဒါပေမယ့် သူတို့လည်း ဘယ်သွားသွား မိုမို့ကို ခေါ်တာပဲ မလား"
"မဟုတ်ပါဘူး မိုမိုပြောတာ အဲဒါ မဟုတ်ပါဘူး"
"အဲဒါ မဟုတ်ရင် ဘာလဲ ပြော"
"ဟူးးးးးးးး........."
"ဘာတွေ သက်ပြင်းတွေ ချနေတာလဲ ဆရာကြီးရယ် ယုမိလေးကို လွမ်းနေတော့မှာပဲ လို့ ပြောအုံးမလို့လား။ အဲသည်အပြောလေးတွေ ခဏခဏ ကြားချင်နေလို့ ယုမိခုထိ ရည်းစားမထားပဲ မိုမိုနဲ့ တွဲနေတာပေါ့။ မိုမို့ကိုလည်း ယုမိက မလွမ်းဘဲ နေပါ့မလား။ မိုမိုကျတော့ နွေဦးပေါက်တာနဲ့ မြန်မာပြည်ကို ပြန်အုံးမှာပဲ မဟုတ်လားလို့"
"အမှန်ကတော့ မပြန်ချင်ပါဘူး ယုမိရယ်။ ပန်းပွင့်လေးကို အရမ်းလွမ်းလို့သာရယ် နောက်ပြီးတော့ ဘ၀တွေဆိုတာ ပြောလို့ ရတာ မဟုတ်ဘူးလေ။ အဖေရယ် အမေရယ် သမီးလေးရယ် အတူနေခွင့်ရှိတဲ့အချိန်လေး ရှိတုန်းမှာ အတူနေနေချင်လို့ပါ။ နောက်ပြီးတော့ ကိုယ့်စာတမ်းအတွက်လည်း မြန်မာပြည်မှာ အချက်အလက်တွေ စုရဆောင်းရအုံးမယ်မဟုတ်လား။ နေချင်တာကတော့ တစ်နွေလုံး ဒီမှာပဲ နေချင်တာပေါ့ ယုမိလေးရယ်"
ကျွန်တော်ထင်တဲ့အတိုင်းပဲ အပိုတွေဆိုတဲ့ မျက်နှာပေးနဲ့ မျက်စောင်းလှလှလေးတစ်ခု ၀ဲပျံလာတယ်။
"အဲဒါကျတော့ ယုမိက မလွမ်းရတော့ဘူးလားလို့"
အော် ဒီကလေးမနှယ် ပိုလွမ်းအောင် လုပ်နေပြန်ပါပြီ။
"ကိုယ်ပြန်မှာက ဇူလိုင် သြဂုတ် နှစ်လ ဒါတောင် စက်တင်ဘာလ စာတမ်းဖတ်ပွဲတက်ရမှာမို့သာရယ်။ နောက်ပြီး ယုမိသွားမှာက အောက်တိုဘာ နိုဝင်ဘာကနေ ဒီဇင်ဘာလ၀က်လောက်ထိဆိုတော့။ အကြာကြီးပဲ။ စက်တင်ဘာလထဲမှာ ယုမိစံ တိုကျိုမှာ ရှိနေအုံးမှာမလား။ အဲဒီကျရင် တွေ့ကြအုံးမယ်နော်။ ယုမိ ပုန်းမနေနဲ့အုံး"
"အမယ်လေး ကိုယ်တော်ချော ကိုယ့်အချိန်ဇယားသာ ကိုယ့်ဘာသာ မပြည့်နေပါစေနဲ့ ဆုတောင်း။ သူကဖြင့် တိုကျိုရောက်တာနဲ့ မိုးလင်းမိုးချုပ် လျှောက်သွားနေမှာများ"
"ဒီတစ်ခါ ယုမိလေး ရှိတယ်ဆိုတော့ ယုမိလေးနဲ့ အတူတူသွားမယ်လေ"
လမ်းလျှောက်နေရင်းနဲ့ ယုမိလေးက ရပ်ပြီး ဟိုးအရှေ့ဘက်က ဟာကိုင်းစံတောင်တန်းကြီးကိုငေးနေပြန်တယ်။
"မိုမို ဟာကိုင်းစံတောင်ကြီးကို ကြည့်ပါအုံး ဘာရောင်ဖြစ်နေလဲ"
"စိမ်းညို့နေပြီလေ"
"ပြီးခဲ့တဲ့ နှစ်လလောက်ကရော"
"အဲသည်တုန်းကတော့ နှင်းတွေဖုံးထားလို့ အဖြူရောင်ပေါ့"
"မိုမိုတို့ ရောက်ခါစကရော"
"အဲသည်တုန်းကတော့ ဆောင်းဦးရွက်ကြွေချိန်ဆိုတော့ အရောင်မျိုးစုံနဲ့ သိပ်လှနေတာပေါ့ ယုမိရယ်"
"မိုမို့ကို မေးမယ် စဉ်းစားပြီးဖြေနော်။ ခုနက ဟာကိုင်းစံတောင်ကြီး အရောင်တွေ အမျိုးမျိုးပြောင်းသွားတဲ့အထဲမှာ ဘယ်အချိန်က အကောင်းဆုံးလဲ။ မိုမို့ကို တစ်ခုပဲ ရွေးချယ်ဖို့ ဘုရားသခင်က ခွင့်ပြုမယ်ဆိုရင် မိုမို ဘယ်ဟာကို ရွေးမလဲ"
"အင်း ဖြေရတော့ ခပ်ခက်ခက်ပါပဲ ယုမိရယ်။ ရောက်ခါစက ကြွေခါနီးအရွက်တွေ အရောင်စုံနဲ့မို့ ပန်းချီကားတစ်ချပ်လို လှနေလို့ သဘောကျမိတယ်။ ဟော သစ်ရွက်တွေကုန်ပြီး ဆောင်းရောက်လာပြန်တော့လည်း နှင်းတွေတဖွေးဖွေးနဲ့ လှနေပြန်ရော။ ခုကျပြန်တော့လည်း စိမ်းညို့နေတော့ ကိုယ်တို့မြန်မာပြည်က တောင်တန်းကြီးတွေနဲ့တူလို့ သဘောကျပြန်တယ်။ တစ်ခုပဲ ရွေးရမယ်ဆိုရင်တော့ ခပ်ခက်ခက်ပဲ"
"အမယ်လေး တော်ပါသေးရဲ့ ။ အဲလိုမှ ဖြေပါ့မလားလို့ စိတ်ပူလိုက်ရတာ"
"ဘာများပါလိမ့် ဧကန္တတော့ စာဆိုသခင်မလေးက ကဗျာတစ်ပုဒ်ပုဒ်ရွတ်ပြဖို့ အကြောင်းရှာနေပြန်ပြီ ထင်ပါရဲ့"
ကဗျာတွေ စာတွေ စိတ်ဝင်စားတဲ့ ယုမိလေးက ကျွန်တော့်ကို ကဗျာတွေ ခဏခဏ ရွတ်ပြလေ့ရှိတယ်။ ဂျပန်ကဗျာလေးတွေနဲ့ မြန်မာကဗျာတစ်ချို့လည်း ကောင်းကောင်း အရသာခံတတ်ပြီး သဘာဝအလှအပ သစ်ရွက်လေးတွေ စမ်းချောင်းတွေ ကျေးငှက်လေးတွေ ပန်းပွင့်လေးတွေအကြောင်း ကဗျာတွေ ရေးလေ့ရှိတဲ့ ၀ီလျံဝါ့သ်ဝပ်ရဲ့ ကဗျာတွေကို မြတ်နိုးတတ်တဲ့နေရာမှာလည်း ကျွန်တော်နဲ့ တူနေပြန်တယ်။
"ဒီတောင်ကြီးကို ကြည့်ပြီးကဗျာရွတ်တော့မယ်ဆိုတော့ မဟုတ်မှလွဲရော ၀ါ့သ်ဝပ်ကဗျာပဲ ဖြစ်မယ်"
"မိုမိုကတော့ ရွှီးပြန်ပြီ။ ယုမိ ဒီတစ်ခါပြောပြမှာ ဂျပန်ကဗျာပါ။ ကဗျာက အရှည်ကြီးဆိုတော့ အလွတ်တော့ မရွတ်ပြတတ်ဘူး။ ပြောတော့ ပြောပြတတ်တယ်"
"လွဲတဲ့အခါလည်း လွဲတာပေါ့ ယုမိရယ် ကဲ ပြောပြပါအုံး တောင်တန်းကြီးအကြောင်း ရေးထားတဲ့ ကဗျာဆိုတာ"
ကျွန်တော်တို့ ညနေခင်းလမ်းလျှောက်ဖြစ်ရင် ထိုင်နေကျ တံတားဘောင်လေးမှာ ထိုင်လိုက်ကြပြီး သူရွတ်ပြမယ့် ဟာကိုင်းတောင်ကြီးအကြောင်း ရေးထားတဲ့ကဗျာက ဘယ်လိုများပါလိမ့်လို့ စိတ်ဝင်တစား နားစွင့်မိပါတယ်။
"ကဗျာက အရှည်ကြီးပေမယ့် အဓိပ္ပာယ်ကတော့ ခုန မိုမိုပြောပြတဲ့ အဓိပ္ပာယ်မျိုးပါပဲ။ ကဗျာရှည်နေတာက ရာသီတစ်ခုချင်းမှာ ဒီတောင်တန်းကြီး ဘယ်လို အရောင်တွေပြောင်းတယ်ဆိုတာ ဘာကောင်လေးတွေ ရှိတယ်ဆိုတာ ဘာပန်းတွေ ပွင့်တယ်ဆိုတာရယ် နောက်ပြီးတော့ တောင်ကြားတွေမှာ စီးနေတဲ့စမ်းချောင်းလေးတွေ ရာသီအလိုက် ဘယ်လို စီးကြတယ်ဆိုတာရယ်ကို အသေးစိတ်ဖွဲ့ထားတာပါ။ မိုမိုတို့ဆီက ဂါထာခြောက်ဆယ်ပျို့လိုပေါ့"
ဟုတ်ပါပြီ မယ်မင်းကြီးမရယ် မြန်မာပြည်မှာသာ မွေးရင် ခုလောက်ဆို ကမ္မ၀ါတောင် အလွတ်ရွတ်အုံးမလားမသိဘူးလို့ ခပ်ငေါ့ငေါ့တွေးပြီး ပြုံးမိပါသေးတယ်
"ကဗျာအဆုံးမှာ ဘာပြောထားလဲ ဆိုတော့ ဒီလောကကြီးကလည်း ဟာကိုင်းတောင်တန်းကြီးလိုပါပဲတဲ့။ သူ့အချိန်အခါနဲ့သူ ပြောင်းလဲနေတယ်ဆိုပေမယ့် ကြည့်တတ်ရင် အလှတရားတွေ ပြည့်လို့နေပါတယ်တဲ့။ ဒီရာသီရောက်ရင် ဒီရာသီရဲ့ အလှအပကိုပဲ ခံစားပါတဲ့။ မရှိတော့တဲ့ အလှအပနဲ့ မရှိသေးတဲ့ အလှအပကို စိတ်ကူးယဉ်နေမယ်ဆိုရင် လက်ရှိအလှအပတွေကိုလည်း လက်လွတ်ရပါလိမ့်မယ်တဲ့"
"အဲသည်တော့ ယုမိပြောချင်တာက"
"ယုမိမရှိလည်း နောက်နှစ်ရောက်လာမယ့် သူတွေထဲမှာ ယုမိကို ခင်သလို မိုမို ခင်ရမယ့်သူတွေ ပါလာအုံးမှာပါ။ သူတို့နဲ့ပဲ ပျော်အောင်နေပါ မိုမိုရယ်။ ယုမိကို လွမ်းပြီး အချိန်တွေ မကုန်ပါစေနဲ့နော်၊ ပြောမယ့်သာ ပြောရတာပါလေ မိုမိုတို့က ဆောင်းနှင်းဝေတန်း ယုမိပြန်လာချိန်ကျရင် သူငယ်ချင်းအသစ်တွေရလို့ ယုမိတို့ကိုတောင် ခင်ချင်မှ ခင်တော့မှာပါ"

အော် တတ်လည်းတတ်နိုင်တဲ့ ယုမိစံရယ်
----------------------------------------------------------------
တနင်္ဂနွေညနေခင်း ရွှေအိုရောင်နေခြည်အောက်မှာ စိတ်အေးလက်အေး လမ်းလျှောက်နေနိုင်ကြတဲ့ ကျောင်းသူကျောင်းသားလေးတွေကို စာကြည့်တိုက်ပြတင်းပေါက်ကနေ အားကျစိတ်နဲ့ ငေးကြည့်ရင်း ဒီစာကို ရေးဖြစ်ပါတယ်။ (ကျောင်းစာကျတော့ တစ်နေကုန်ထိုင်ရေးတာတောင် အလုံး နှစ်ထောင်မပြည့်ဘူး။ ဒါမျိုးများ မဟုတ်တမ်းတရားတွေ လျှောက်ရေးရမလားဆို လက်က တဖြောင်းဖြောင်းနဲ့နေတာပဲ။ လေပါ့)

No comments:

Post a Comment