Friday 3 July 2015

ဆာကုရာတွေ ကြွေပါစေ


ဖုန်းသံကြောင့် ရုတ်တရက် အိပ်ယာက လန့်နိုးလာပြီး စောစောစီးစီး ဘယ်သူများ ဖုန်းဆက်လာပါလိမ့်လို့ ကျွဲမြီးတိုတိုနဲ့ ဖုန်းကို ကြည့်မိတော့မှ မရွှေယုမိစံ။
ယုမိရာ ဘာလဲကွာ စောစောစီးစီးဖုန်းခေါ်ရတယ်လို့ ဒီမှာ အိပ်လို့ကောင်းတုန်း ရှိသေးတယ်
မိုမို ကာလနဂါး အိပ်ပုပ်ကြီး အချိန်လည်း ကြည့်ပါအုံးရှင်း ဘယ်မှာ စောသေးလို့လဲ
ယုမိပြောမှ စာကြည့်စားပွဲမျက်နှာခြင်းဆိုင်နံရံမှာ ကပ်ထားတဲ့ နာရီကို လှမ်းကြည့်လိုက်တော့ ဆယ်နာရီ ဆယ်မိနစ်

အော် အေးပါ ယုမိရာ ညက လေးနာရီလောက်မှ အိပ်ဖြစ်လို့ အိပ်ယာထ နောက်ကျသွားတာပါ။ ဘာလဲ မူအီကာမာချီကို ဈေးသွားဝယ်မလို့လား။
ဟုတ်ပါဘူး မိုမိုရယ်။ မိုမို အပြင်မှာ ဘာတွေဖြစ်နေလဲ သိလား။
ဟင် ဘာတွေ ဖြစ်နေလို့တုန်း။ အိုင်ယူဂျေမှာ ရေကြီးလို့လား
ခစ်ခစ် အဲ့လူကြီး ပေါက်ကရလျှောက်ပြောတော့မယ်။ ကဲ အိပ်ယာကထ ပြတင်းပေါက်ခန်းဆီးလှပ်ပြီး အောက်ကို ကြည့်လိုက်ပါအုံး
အိပ်ယာက လူးလဲထ ပြတင်းပေါက်က ယင်းလိပ်ကို ဆွဲတင်လိုက်ပြီး အပြင်ကိုကြည့်တော့လည်း ခါတိုင်းလို နေသာနေတာကလွဲပြီး ဘာမှလည်း ထူးထူးခြားခြား မမြင်မိ
မိုမို မိုမို ဒီမှာ ဒီမှာ ယုမိဒီမှာ
အော်သံကြားတဲ့ဘက်ကို ကြည့်လိုက်တော့မှ ယုမိက ခုန်ပေါက်ပြီး လက်ပြနေတာ တွေ့လို့ လက်ပြန်ပြလိုက်တယ်
သိပ်လည်း အော်ကြီးဟစ်ကျယ် လုပ်မနေနဲ့အုံး အဒေါ်ကြီး အိုင်ယူဂျေမှာ အရူးမဘွဲ့ ရနေအုံးမယ်
အောင်မယ် သူများက သူ့ကို ကြည့်စေချင်လို့ ဖုန်းဆက်ပြီး ခေါ်တာကို လူကိုများ အရူးမလေးဘာလေးနဲ့ တော်ပြီ မကြည့်ချင်လည်း မပြတော့ဘူး
ဟောဗျာ အဲသလိုတော့ စိတ်မကောက်လိုက်ပါနဲ့ သခင်မလေးရယ်။ ကဲ ကဲ ပြော ဘာကြည့်ရမှာလဲ
အဲဒါပဲ။ မိုမိုက အရင်ရက်တွေကတော့ ဆာကုရာတွေ မပွင့်သေးဘူးလား မပွင့်သေးဘူးလားနဲ့ တစ်မေးတည်း မေးနေပြီးတော့ အခု ဆာကုရာပွင့်နေတာကျတော့ မမြင်ဘူး
ဟုတ်ပါရဲ့ဗျာ ယုမိပြောမှ ကြည့်မိတော့ အိုင်ယူဂျေ ဆာကုရာလမ်းမှာ ဆာကုရာတွေ ပွင့်စပြုနေပါပြီကော
ကဲ ကဲ ဒါဘဲ မိုမိုရေ ဆင်းလာခဲ့တော့ ယုမိကို ဓာတ်ပုံရိုက်ပေး ဆာကုရာစပွင့်တဲ့ အထိမ်းအမှတ်
အိုကေ အိုကေ ဆယ်မိနစ်အတွင်း ဆင်းလာခဲ့မယ် ဆာကုရာလမ်းက စောင့်နေ
**********************
ရှင် မိုမိုပြောတာ ယုမိနားမလည်ဘူးရယ် ပြန်ပြောပြအုံး
အင်း ဘယ်လို ပြောရမလဲ အခု ယုမိက မေးတယ်လေ။ ဆာကုရာတွေပွင့်တာတွေ့တော့ ပျော်လားဆိုတာ။ ကိုယ်က ဖြေတာက ပျော်တယ်လို့လည်း မဟုတ်ပါဘူးလို့၊ ဆာကုရာတွေ ပွင့်တာထက် ကြွေတဲ့အချိန်ကျရင် ပိုပျော်မှာပါလို့ ပြောတာလေ။ ယုမိ ဘာကို နားမလည်တာလဲ။
ဟိုလေ ယုမိ နားမလည်ဘူးဆိုတာ။ မိုမိုပြောတဲ့ မြန်မာစကားကို ယုမိ နားလည်ပါတယ်။ နားမလည်တာက ဘာကြောင့် မိုမိုက ဆာကုရာတွေ ကြွေချိန်ကျရင် ပိုပျော်မှာလဲ ဆိုတာကိုပါ။
အော် ဟုတ်သားပဲ။ ကိုယ်က သေချာပြောပြမှ နားလည်မဲ့ကိစ္စကိုး။ ဒီလိုပါ ယုမိစံ။ ကိုယ်တို့ တက်ခဲ့ရတဲ့ စစ်တက္ကသိုလ်မှာလည်း ဒီ ဆာကုရာနဲ့တူတဲ့ ချယ်ရီတွေရှိတယ်။ ဒီမှာ ဆာကုရာတွေက ဂျပန်တစ်နိုင်ငံလုံး ပွင့်ကြပေမယ့် ကိုယ်တို့ဆီက ချယ်ရီကတော့ မြန်မာပြည် အလယ်ပိုင်း အောက်ပိုင်းမှာ မပွင့်ဘဲ ရာသီဥတုအေးတဲ့ တောင်ပေါ်တွေမှာဘဲ ပွင့်တယ်။ ကိုယ်တို့ စစ်တက္ကသိုလ်က ပြင်ဦးလွင်လို့ခေါ်တဲ့ တောင်စခန်းမြို့လေးမှာဆိုတော့ ချယ်ရီတွေပွင့်တဲ့ နေရာတစ်ခုပေါ့ ယုမိစံ။ အခု ပြောတဲ့အထိ ယုမိ နားလည်ရဲ့လား။
နားလည်ပါတယ် မိုမို
ကိုယ်တို့ စစ်တက္ကသိုလ်တက်တဲ့အချိန်ဆိုတာ တကယ့်ကို ကလေးဘ၀ကနေ လူငယ်ဘ၀ကို ရောက်ခါစမှာ မိဘဆွေမျိုးတွေနဲ့ ခွဲပြီး နေရတာ၊ ချစ်သူရည်းစား ရှိတဲ့သူတွေကလည်း ချစ်သူရည်းစားတွေနဲ့ ခွဲပြီးနေရတော့ အိမ်ကို လွမ်းတာပေါ့။ အိမ်ကို မြန်မြန်ပြန်ချင်ကြတာပေါ့။ အဲသည်တုန်းကလည်း အခုခေတ်လို အင်တာနက်မပြောနဲ့ လက်ကိုင်ဖုန်းတောင် မြန်မာပြည်မှာ မရှိသေးဘူး။ ကိုယ်တို့ ဗိုလ်လောင်းတွေက အိမ်ကို သတိရရင် စာရေးတယ်။ အိမ်ကလည်း စာရေးတယ်။ တစ်ချို့တယ်လီဖုန်းနဲ့ စကားပြောဖို့ အဆင်ပြေလို့ အိမ်ကို ဖုန်းဆက်မယ် ဆိုရင်တောင် ကျောင်းပိတ်ရက်တွေ မြို့ထဲ ထွက်လည်ခွင့်ရလို့ အိမ်နဲ့ချိန်းပြီး ဆက်ရင်ဆက်။ ဒါမှမဟုတ် ကျောင်းဖွင့်ရက်မှာ အရေးပေါ်လို့ ဆက်ချင်ရင်တောင်မှ တစ်ကျောင်းလုံးမှာ ကိုယ်တို့ ဆက်ခွင့်ရှိတဲ့ဖုန်းက တစ်လုံးတည်းရှိတာ။ အခုထိ ကိုယ်ပြောတာ နားလည်ရဲ့လား ယုမိစံ
ဟိုက် ဟိုက် နားလည်ပါတယ် မိုမို ကျေးဇူးပြုပြီး စကားနှေးနှေးပြောပေးပါ
အိုကေ ကောင်းပါပြီ ယုမိစံ ကိုယ်ဖြည်းဖြည်းပြောပေးပါ့မယ်
အဲသည်လို အိမ်လွမ်းတဲ့ ကိုယ်တို့ဗိုလ်လောင်းတွေဟာ ခွင့်ပြန်ရမယ့်ရက်ကို ပန်းတွေပွင့်တာကြည့်ပြီး လက်ချိုးရေတွက်ကြတယ်ဆိုရင် ယုမိစံ ယုံပါ့မလားမသိဘူး
ဘယ်လို မိုမို။ ခွင့်ပြန်ရမယ့်ရက်ကို ပန်းတွေပွင့်တာကြည့်ပြီး လက်ချိုးရေတွက်ကြတယ်။ ဘာကို ပြောတာလဲဟင်
ဟုတ်တယ် ယုမိရေ။ ကိုယ်ပြောပြမယ်။ ကိုယ်တို့ ကျောင်းပိတ်ရက်က ဧပြီလ မြန်မာနှစ်သစ်ကူး ပွဲတော်လပေါ့လေ။ မေလဆန်းမှာ ခွင့်ရက်စေ့ပြီး ကျောင်းကို ပြန်လာရတယ်။ ပိတောက်ပန်းတွေ ငုဝါပန်းတွေ တထိန်ထိန်ပွင့်နေတဲ့ ဧပြီလမှာ ကိုယ်တို့ အိမ်မှာ နေရတော့ သိပ်ပျော်တာပေါ့။ မေလဆန်းလို့ ကျောင်းကို ပြန်ပြီဆိုရင် ကျောင်းအ၀င်လမ်းတစ်လျှောက်မှာ နီရဲနေအောင် ကြွေကျနေတဲ့ စိန်ပန်းနီနီအပင်တွေ အောက်ကဖြတ်ပြီး ဗိုလ်လောင်းကုန်းကို တက်ရတာ တော်တော်ကို စိတ်ကုန်စရာကောင်းတယ်။ နားလည်ရဲ့လား ယုမိလေး
ဘာကို စိတ်ကုန်တာလဲ မိုမို
စိတ်ကုန်တယ်ဆိုတာ ဘာရယ်တော့ မဟုတ်ပါဘူးလေ။ ခွင့်ရတဲ့ တစ်လနီးပါးလုံး စားလိုက်သောက်လိုက် လည်လိုက်ပတ်လိုက် ချစ်သူရည်းစားရှိတဲ့ သူတွေကလည်း ချစ်သူနဲ့ တွေ့လိုက် အပျော်ကြီးပျော်ပြီး လွတ်လွတ်လပ်လပ်ကြီး နေလာခဲ့ပြီးတော့ စည်းကမ်းတွေ ကလနားတွေ တင်းကျပ်တဲ့ လေ့ကျင့်ရေးတွေ ပင်ပင်ပန်းပန်း လုပ်ရတဲ့ ကျောင်းတော်ကြီးကို ပြန်လာရပြီဆိုတော့ ရုတ်တရက်မှာ စိတ်ထဲ တယ်မပါလှဘူးပေါ့။
ဟိုက် ဟိုက် နားလည်ပါပြီ မိုမို
ဒါကလည်း တစ်ရက် နှစ်ရက် အလွန်ဆုံး တစ်ပတ်ပါပဲ။ နောက်တော့လည်း ကျောင်းမှာ သူငယ်ချင်းတွေ ညီတွေ အစ်ကိုတွေနဲ့ ပြန်ပျော်သွားတာပါပဲ။
ပြန်ပျော်သွားတယ်ဆိုလို့ နောက်တစ်နှစ်ကုန် ကျောင်းပိတ်ခွင့်ပြန်ရက်ကို မမျှော်ဘဲ နေတယ်လို့တော့ မထင်လေနဲ့။ ခွင့်ပြန်ရက်ကို မျှော်တာက မျှော်တာပဲ။ စိန်ပန်းတွေ ကြွေပြီးရင် မိုးတွေလည်း ရွာပြီ နေကြာရိုင်းတွေလည်း ပွင့်ပြီ။ နေကြာရိုင်းဆိုတာ ယုမိသိမှာပါ ဟို ဆန်းဖလားဝါး တစ်မျိုးပဲ။ ဒါပေမယ့် သူကတော့ အစေ့ထုတ်လို့မရဘူး အရိုင်းမျိုးပေါ့လေ။ လှတာကတော့ တော်တော်ကို လှတယ်။ စစ်တက္ကသိုလ်မှာ နေကြာရိုင်းတွေ ပွင့်ပြီလား ဆိုမှဖြင့် မြင်မြင်သမျှ တောတောင်လျှိုမြောင် တောင်ကုန်း နိမ့်မြင့်တွေဟာ နေကြာရိုင်းတွေနဲ့ ၀ါဝါတောက်လို့ပေါ့။ သာမန်အားဖြင့်ဆိုရင်တော့ သိပ်ကိုလှတဲ့ ရှုခင်းပေါ့။
မိုမို သာမန်အားဖြင့်ဆိုတာ ဘာကို ပြောတာလဲဟင်။ အဲဒါက မလှလို့လား
အော် သာမန် ရှုခင်းတစ်ခုအနေနဲ့ပဲ ဆိုရင်တော့ လှတာပေါ့။ ဒါပေမယ့်
ဒါပေမယ့် ဘာဖြစ်လဲ မိုမို
ဒါပေမယ့် ကိုယ်တို့ကတော့ နေကြာရိုင်းတွေကို တစ်ခါတစ်လေ တယ်ကြည့်မရချင်ဘူး
ဟင် . . . ဘာဖြစ်လို့လဲ မိုမိုရဲ့
ဟဲ . ဟဲ . ဘာမှ မဟုတ်ပါဘူး ယုမိရယ် အဝေးကြီးတွေ လျှောက်မတွေးပါနဲ့ ။ တစ်ခါတစ်လေ ပတ်ဝန်းကျင်သာယာလှပရေးအတွက် သန့်ရှင်းရေးလုပ် ခြုံတွေ ရှင်းတဲ့အခါ နေကြာရိုင်းတွေ ခုတ်ထွင်ရှင်းလင်းရတာ အင်မတန် ပင်ပန်းတယ် ဒါကြောင့်ပါ ယုမိရယ် တစ်ခြားတော့ မဟုတ်ပါဘူး။
မိုမိုပြောနေတာ ချယ်ရီပန်းကို မရောက်နိုင်တော့ဘူး
ရောက်မှာပါ ယုမိရယ်။ အဲသည်နေကြာရိုင်းတွေတုံးပြီဆို ကိုယ်တို့က နှင်းပန်းလို့ခေါ်တဲ့ ပန်းလေးတွေ မြေကြီးထဲက ထွက်လာပြန်ရော။ အရောင်က ခရမ်းရောင်ရှိတယ် အဖြူရောင်ရှိတယ်။ သူကတော့ ဘယ်တော့ဖြစ်ဖြစ် သိပ်လှတယ်။ ဘာနဲ့ တူလဲ ဆိုတော့ ဒီမှာ နွေဦးပေါက် နှင်းတွေ ပျော်တဲ့အချိန် မြေကြီးထဲကနေ ကျူးလစ်ပန်းတွေ ထွက်လာသလိုမျိုး။
အဲသည်နောက်တော့ ချယ်ရီတွေပွင့်တယ်။ နောက် စိန်ပန်းပြာတွေ ပွင့်တယ်။ စိန်ပန်းပြာပွင့်တဲ့အချိန်ကတော့ ကိုယ်တို့တွေ အပျော်ဆုံးအချိန်ပေါ့။ ဒါကြောင့် စိန်ပန်းပြာဆိုရင် မျက်စိထဲမှာ အလိုလိုနေရင်း လှနေတယ်။ ဘာလို့လဲဆိုတော့ စိန်ပန်းပြာဆိုတာ ကိုယ်တို့ မိဘရပ်ထံ ခွင့်ပြန်ရတဲ့ အထိမ်းအမှတ်သင်္ကေတမို့လို့ပဲ။
မိုမိုက ချယ်ရီအကြောင်း ပြောနေရင်းနဲ့ ချယ်ရီကို ကျော်သွားပြီ
ပြောမှာပါ မယ်မင်းကြီးမရယ်။ ချယ်ရီပန်းကို ကိုယ်က စစ်တက္ကသိုလ်ရောက်မှ စမြင်ဖူးတာ။ ကျောင်းဝင်းထဲမှာ မပွင့်ခင် မြို့ထဲမှာ အရင်ပွင့်တော့ ကိုယ်တို့ ဆရာမကြီး ဒေါ်ဝင်းဝင်းမေဆိုတာ ကိုယ်တို့ကို ချယ်ရီပန်း ဦးဦးဖျားဖျား မြင်ဖူးစေချင်လို့ဆိုပြီး ချယ်ရီတွေ ခူးယူလာပေးတယ်။ ကိုယ်တို့ကလည်း ချယ်ရီတွေတွေ့တော့ ပျော်တာပေါ့။ ချယ်ရီပန်းလေးတွေကို စာအုပ်ကြားမှာ ညှပ်ပြီး ပန်းခြောက်လုပ်တယ်။ စာရွက်လေးတွေပေါ်မှာ ကဗျာလေးတွေနဲ့ ရေးပြီးကပ်တယ်။ ချစ်သူဆီကိုပို့တယ်။ ချစ်သူမရှိတဲ့သူကလည်း အမေဆီ ပို့တာပေါ့။
မိုမိုကရော ဘယ်သူ့ဆီ ပို့လိုက်လဲဟင်
ဒေါ်ယုမိ အဲဒါတွေ မမေးနဲ့လေ ပြောတာ နားထောင်အုံး
နောက်တစ်ပတ်လောက်နေတော့ ကိုယ်တို့ ကျောင်းဝင်းထဲမှာ ချယ်ရီတွေ ပွင့်ပါလေရော။ ချယ်ရီတွေကြည့်ပြီး ကိုယ်အစက ပျော်မယ် ထင်ခဲ့တယ်။ ဒါပေမယ့် ကိုယ်မပျော်နိုင်ဘူး။ ဒီချယ်ရီတွေကို ကြည့်ပြီး ကြွေပဲ မကြွေနိုင်ဘူးလို့ စိတ်ထဲမှ ကျိန်ဆဲမိတယ်။
ဟယ် ဖြစ်မှ ဖြစ်ရလေ မိုမိုရယ် ဘာဖြစ်လို့တုန်း။ ချယ်ရီက မိုမို့ကို ဘာလုပ်နေလို့တုန်း
အော် ယုမိလေးရယ် ဒီချယ်ရီတွေ မြန်မြန်ကြွေမှ ရွာမှာကျန်ခဲ့တဲ့ ချစ်သူနဲ့ အမေ့ဆီကို အပြေးသွားခွင့်ရမယ့် မိုမိုက ဒီ ချယ်ရီတွေမြန်မြန်ကြွေစေချင်တာ ဘာများ ဆန်းလို့လည်းကွယ်။ ဒါကြောင့် ကိုယ်က ချယ်ရီတွေကို မြန်မြန်ကြွေစေချင်ခဲ့သလို အခု ပွင့်စပြုနေတဲ့ ဆာကုရာတွေလည်း မြန်မြန်ကြွေရင် ကောင်းမှာပဲလို့။ ဆာကုရာ ပွင့်ချိန်ထက် ကြွေချိန်ကျရင် ပိုပျော်မှာပဲလို့ ပြောတာပါ ယုမိစံရယ်။ ဒီမှာ ကိုယ်ဗိုလ်လောင်းတုန်းက ရေးထားတဲ့ကဗျာလေး တစ်ပုဒ်ရှိတယ်။ ခွင့်လွှတ်ပါ မိချယ်ရီ တဲ့။ ဖတ်ကြည့်နော်
စစ်တက္ကသိုလ် ကျောင်းရိပ်ညိုသို့
ခိုလာပြန်ပြီ မိချယ်ရီ
စိုပြည်ပွင့်လွှာ ဆင်မြန်းကာနှင့်
လှပါပေသည် မိချယ်ရီ
ပြာလဲ့ ညက်စင် မိုးကောင်းကင်အား
ရောင်စဉ် စိုလျှမ်း အလှပန်းနှင့်
ဆင်မြန်းတတ်သည် မိချယ်ရီ
စစ်မြေပညာ သောက်စို့လာသော
မဟာ ယောက်ျား ကျောင်းတော်သားတို့
စိတ်ထားရွရွ အရူးထအောင်
ပြုတတ်လှသည် မိချယ်ရီ
အို မိချယ်ရီ မိချယ်ရီရေ
ငါလေယောက်ျား နှလုံးသားကား
ဖုံးထားမဏိ မာလှဘိဟု
မချိသလို ဆိုချင်ဆို
နင်လိုချယ်ရီ ပင်ယံဆီမှ
ကြွေကျသက်ဆင်း မြေခခြင်းကို
ရင်တွင်းပျော်ရွှင် ငါမြင်ချင်ဟု
အဆိုပြုလျှင်
မုန်းပင်ပွင့်သီး အရွံကြီးရွံ
နင်မလွန်ပါ
နင်ရဲ့ အလှ မြေကိုခမှ
ငါ့မိဘရင်း မွေးရပ်တွင်းသို့
ချဉ်းနင်း အိမ်ပြန်ရပါမည်
အတ္တတစ်ခု ငါရှေးရှုလျက်
နင့်ရဲ့ ဘ၀ ပျက်ရစေကြောင်း
ငါ့ဆုတောင်းကို
အကြောင်းသိပေ ခွင့်လွှတ်လေလော့
လှကျော့ခိုင်သီ မိချယ်ရီ

No comments:

Post a Comment