. . . သံပုရာသီးတန်းလို့ ကျွန်တော်တို့တွေက ကင်ပွန်းတပ်ထားတဲ့ ဆရာကြီးနာကာမူရရဲ့ အတန်းကတော့ ထုံးစံအတိုင်း ကျောင်းသားတွေအပြည့်နဲ့ စည်စည်ကားကားပေါ့။ စာမေးပွဲအများစုက စာသင်ခန်းထဲမှာတင် တစ်နာရီခွဲအတွင်း အပြီးဖြေရတာ ဖြစ်ပေမယ့် ဆရာကြီး စာမေးပွဲကတော့ ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ် ကြိုက်တဲ့နေရာမှာ ဖြေလို့ရတယ်။ မေးခွန်းတစ်ခုကို ဖြေဖို့ နှစ်ပတ်တောင် အချိန်ရတာ။ နောက်ပြီး ဆရာကြီးက အမှတ်ပေးလည်း သိပ်ရက်ရောတာ။ ကျောင်းသားအများစုက ဆရာကြီးအတန်းကို တက်ချင်ကြတော့ မှတ်ပုံတင်တာတောင် အွန်လိုင်းကနေ အစောကြီးကတည်းက တင်ထားမှ စိတ်ချရတာဆိုတာမျိုး။ ဆရာကြီးကို အချဉ်ဖမ်းကြတာပေါ့လေ။ ဒါကြောင့် ဆရာကြီးအတန်းကို သံပုရာသီးတန်းလို့ နာမည်ပေးထားတာ။ တစ်ခုပဲ ရှိတာ။ ဆရာကြီးအတန်းမှာဆို အတန်းတက် လက်မှတ်တော့ ထိုးရတယ်။ ဆရာကြီးကလည်း အချဉ်ဖမ်းခံရတာ များလို့လားမသိဘူး။ ကျောင်းသားတွေကို အဲသည်နည်းနဲ့တော့ ထိန်းထားလိုက်တာပဲ။ ဘယ်လိုပဲ ထိန်းထိန်း ကျောင်းသားဆိုတာ ကျောင်းသားပဲလေ။ ဂျပန်ပြည်မှာဖြစ်ဖြစ် အမေရိကန်မှာဖြစ်ဖြစ် ဆိုမာလီယာမှာဖြစ်ဖြစ်။ ကျောင်းသားဆိုတာတော့ လူမျိုးဘာသာ အသားအရောင်မရွေး ဒီအချိုးမျိုးချည်း နေမှာပါပဲ။ ပါမောက္ခဆိုတာ တစ်ချိန်တုန်းက ကျောင်းသားပါဆိုတာ ဆရာကြီးလည်း သဘောမိလောက်ပါရဲ့။ ငှင်း ငှင်း ငှင်း
. . . ကျွန်တော်တို့ ဆရာကြီးက အသက်လည်း ကြီးလှပါပြီ။ အသံကလည်း တိုးတော့ စာသင်ရင် မိုက်ကလေးနဲ့။ မျက်နာကလည်း အပြစ်ကင်းစင်တဲ့ ကလေးလေး မျက်နာမျိုးနဲ့ဆိုတော့ သိပ်ချစ်ဖို့ကောင်းတယ် ပြောရမလား။ ကျောင်းသားတွေ ဘာလုပ်နေနေ သူသင်စရာရှိတာကို ပြုံးပြုံး ပြုံးပြုံးနဲ့တော့ သင်နေတာပဲ။ ပြီးခဲ့တဲ့အတန်းက နိုင်ငံတကာ စီးပွားရေးအကြောင်းသင်ပြီး ဒီတစ်တန်းမှာ ဂျပန်နိုင်ငံရဲ့ စစ်ပြီးခေတ် စီးပွားရေးအခြေအနေအကြောင်း သင်တယ်။ စီးပွားရေးအကြောင်းပြောပြီဆို ကိန်းဂဏန်းတွေ ညီမျှခြင်းတွေက ပါပါလာတတ်တာကိုး။ ၀ိဇ္ဖာတွဲနဲ့ ကျောင်းပြီးလာတဲ့ ကျွန်တော့်အတွက်တော့ တစ်ချို့ညီမျှခြင်းတွေက နားလည်ဖို့ ခက်လှတယ်။ တစ်ချို့သင်္ကေတတွေဆိုရင်မြင်ရုံပဲ မြင်ဖူးတာတွေ ပါပါလာတတ်သေးတာ။ ဆရာကြီးက ညီမျှခြင်းတွေချရေးပြီး ရှင်းပြနေပြီဆိုရင် ပါးစပ်အဟောင်းသားနဲ့ပေါ့။ ဒီကြားထဲ နားလည်တယ်မဟုတ်လား လွယ်လွယ်လေးပါလို့လည်း ထည့်ထည့်ပြောတတ်တော့ တစ်ခါတစ်လေ ရယ်ရအခက် ငိုရအခက်။
. . . ဒီနေ့တော့ စစ်ပြီးခေတ် ဂျပန်နိုင်ငံစီးပွားရေးအခြေအနေအကြောင်း ပို့ချရင်း ပုံပြင်လေးတစ်ပုဒ် ပြောပြတယ်။ သူငယ်ငယ်တုန်းက မူလတန်းမှာ သင်ခဲ့ရတဲ့ ပုံပြင်ပါတဲ့။ အတန်းထဲမှာ တက်နေတဲ့ ဂျပန်ကျောင်းသားလေးတွေကို အဲသည်ပုံပြင် သင်သေးလားလို့ သူကမေးတော့ သင်သေးတယ်ပြောကြတာပဲ။ ပုံပြင်ကတော့ အထူးအဆန်း မဟုတ်ပါဘူး။ ဗိုလ်ကောင်းတို့လည်း မူလတန်းတုန်းက သင်ခဲ့ဖူးတဲ့ ပရွတ်ဆိတ်နှင့်နှံကောင် ပုံပြင်ပါ။ ဆရာကြီးက အဲသည်ပုံပြင်ကို အသေအချာကို မှတ်မိနေတာတော့ နည်းနည်း ဆန်းတယ် ထင်မိတယ်။ အီစွပ်ပုံပြင်များထဲက ပုံပြင်အမှတ် ၁၁၇ တဲ့။ ပုံပြင်မှာ အခန်း ကိုးခန်းရှိပြီး သူတို့ကိုတော့ အခန်းတစ် တစ်ခုတည်းပဲ သင်ပေးလိုက်တာတဲ့။ အခန်းတစ်က ဘာလဲဆိုတော့ ကျွန်တော်တို့လည်း သင်ခဲ့ဖူးတဲ့ ပရွက်ဆိတ်နှင့်နှံကောင်အကြောင်းပါပဲ။
. . . ဂျပန်လိုပြည်မှာ ရာသီလေးခု ရှိတဲ့အနက် ကျန်တဲ့ရာသီသုံးခုမှာ ပရွက်ဆိတ်က ကြိုးစားပမ်းစား အလုပ်လုပ်ပြီး အစားအစာ စုဆောင်းနေချိန်မှာ နှံကောင်ကတော့ တယောလေးထိုးပြီး ကျူနေတဲ့အကြောင်းပေါ့။ ဆောင်းတွင်းရောက်လို့ နှင်းတွေလည်းကျရော နှံကောင်က စားစရာမရှိတော့ ပရွက်ဆိတ်ဆီမှာ လာတောင်းသတဲ့။ ပရွက်ဆိတ်ကလည်း နွေဦးပေါက်ရင် အလုပ်လုပ်ပါမယ်ဆိုတဲ့ ကတိကို တောင်းပြီး နှံကောင်ကို စားစရာ ပေးလိုက်သတဲ့။ တကယ်လည်း နွေဦးပေါက်ရော ပရွက်ဆိတ်က ခါတိုင်းလို အလုပ်ကြိုးစားလုပ်နေချိန်မှာ နှံကောင်ကလည်း ထုံးစံအတိုင်း အလုပ်မလုပ်ဘဲ တယောလေးနဲ့ ကျူနေပြန်သတဲ့။ နှင်းတွေကျတဲ့ ဆောင်းကိုရောက်ပြန်တော့ မနှစ်ကလိုပဲ ပရွက်ဆိတ်ဆီမှာ စားစရာ လာတောင်းပြန်ရောတဲ့။ ဒီတစ်ခါတော့ အလုပ်မကြိုးစား ကတိမတည်တဲ့ နှံကောင်ကို ပရွက်ဆိတ်က ဘာမှ မပေးတော့ဘူးတဲ့။ အဲဒါပဲ ပုံပြင်အမှတ်တစ်က။
. . . အဲသည်ပုံပြင်ရဲ့ သင်ခန်းစာတွေဖြစ်တဲ့ အလုပ်ကြိုးစားဖို့ရယ် ကတိတည်ဖို့ရယ်ဆိုတာတွေကြောင့် သူတို့ ဂျပန်တွေက အင်မတန်ကို အလုပ်ကြိုးစားပြီး အချိန်လည်း သိပ်ကို မှန်သတဲ့။ ဒီအချိန်ရောက်လာမယ်ဆို ရောက်အောင်ကို လာတယ်ပေါ့။ ရထားတွေ အချိန်မှန်တာကို ဥပမာ ပေးသွားတယ်။ ( ငါတို့လည်း ဒီပုံပြင် သင်ခဲ့ရတာပဲ သူတို့လို ဘာလို့ အလုပ်မကြိုးစားကြတာပါလိမ့်လို့ တွေးမိလိုက်သေးတယ်)။ ဒါပေမယ့်။ ဒါပေမယ့် တဲ့ သူတို့တွေ မပျော်ဘူးတဲ့။ သူတို့ဘ၀တွေမှာ အလုပ်တွေပဲ ရှိပြီး ဘ၀ဟာ ပျော်စရာမကောင်းဘူးတဲ့။ အီစွပ်ရဲ့ ပရွက်ဆိတ်နှင့်နှံကောင် ပုံပြင်မှာ တစ်ကယ်က အခန်း ကိုးခန်း ရှိပေမယ့် ဂျပန်ပညာရေးဝန်ကြီးဌာနက သူတို့ကို အခန်းတစ် တစ်ခုပဲ သင်ပေးလိုက်တာတဲ့။ အခန်းကိုးအကြောင်း ပြောပြအုံးမယ်တဲ့။
. . . အခန်းကိုးမှာလည်း ထုံးစံအတိုင်း ဆောင်းတွင်းရောက်တော့ နှံကောင်က ပရွက်ဆိတ်ဆီကို စားစရာတောင်းမယ်ဆိုပြီး သွားတာပေါ့။ ပရွက်ဆိတ်အိမ်ရောက်လို့ ခေါ်ကြည့်တော့ ဘယ်သူမှ ပြန်မထူးတာနဲ့ အိမ်ထဲကို ၀င်သွားတဲ့အခါ အထဲမှာရှိတဲ့ ပရွက်ဆိတ်တွေအားလုံး ပင်ပန်းတဲ့ဒဏ်နဲ့ အကုန်သေနေကြတာကိုပဲ တွေ့လိုက်ရတယ်တဲ့။ နှံကောင်က သေသွားတဲ့ ပရွက်ဆိတ်တွေ ရှာဖွေစုဆောင်းခဲ့တဲ့ စားစရာတွေနဲ့ ဆောင်းတွင်းကို ပျော်ပျော်ကြီး ဖြတ်သန်းပါသတဲ့လေ။ သင်ခန်းစာက ဘ၀မှာ အလုပ်ဆိုတာရှိသလို အနားယူတာ ဘ၀ရဲ့ ချိုမြိန်တဲ့အရသာကို ခံစားတာ ပျော်ပျော်ရွှင်ရွှင်နေတာတွေလည်း ရှိဖို့လိုတယ်ဆိုတာပါတဲ့။ အလုပ်တွေချည်းပဲ နင်းကန် ကြိုးစားပြီးလုပ်မယ်ဆိုရင် ကိုယ်လုပ်တဲ့အသီးအပွင့်တောင် ကိုယ်မခံစားရပဲ ဖြစ်သွားမယ်ပေါ့လေ။ ဒါပေမယ့် သူတို့ကို ဂျပန်ကလေးတွေကို အဲသည်ပုံပြင် သင်မပေးလိုက်တော့ သူတို့က ဘ၀ကို အလုပ်နဲ့ပဲ အချိန်ကုန်နေပါသတဲ့။ (အဲသည်တော့မှပဲ ကျွန်တော်လည်း သက်ပြင်းချမိတော့တယ်။ ကျွန်တော်တို့က ဘ၀မှာ ပျော်အောင် သိပ်နေတတ်ကြတယ်မလား )
. . . အခန်းငါး ပုံပြင်လည်း ပြောပြသေးတယ်။ ပရွက်ဆိတ်က အလုပ်ကြိုးစားတာ နှံကောင်က ထုံးစံအတိုင်း တယောလေးတစ်လက်နဲ့ ကျူနေတာထိတော့ အတူတူပါပဲ။ မတူတာက ဆောင်းတွင်းရောက်လို့ နှံကောင်က ပရွက်ဆိတ်ဆီ စားစရာ သွားတောင်းတဲ့အခါ ပရွက်ဆိတ်က စိတ်လိုလက်ရနဲ့ ပေးပါသတဲ့။ နှံကောင်က အံ့သြပြီး မေးတော့ ပရွက်ဆိတ်တွေ အလုပ်လုပ်နေချိန်မှာ နှံကောင်ကျူတဲ့ တယောသံလေးကြောင့် သူတို့တွေ အလုပ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်တော့ အလုပ်တွင်ပါတယ်တဲ့။ ဒါကြောင့် နှံကောင် တယောထိုးနေတာက အချိန်ဖြုန်းတာသက်သက် မဖြစ်တော့ဘဲ ပရွက်ဆိတ်တွေ အလုပ်လုပ်နေတာကို နံဘေးကနေ ကူညီနေသလိုဖြစ်တာကြောင့် ကျေးဇူးတင်လို့ စားစရာပေးတာလို့ ဆိုပါတယ်။ သင်ခန်းစာကတော့ ကိုယ်သန်ရာသန်ရာကို ခွဲဝေပြီး လုပ်ကြရင် အလုပ်တွင်တယ်ပေါ့လေ။ စီးပွားရေး စကားနဲ့ဆိုရင်တော့ Division of Labor ပေါ့။
. . . ဒီပုံပြင်သုံးပုဒ် နားထောင်ပြီးတဲ့အချိန်မှာ စဉ်းစားမိတာက ကလေးတွေကို ပုံသွင်းလို့ ရသလား။ ကမ္ဘာပေါ်က ကလေးတွေ ပုံသွင်း ခံနေရသလား ဆိုတာပါပဲ။ ငယ်ငယ်က နားထောင်ခဲ့ရတဲ့ သင်ခဲ့ရတဲ့ ပုံပြင်တွေမှာ သင်ခန်းစာတွေပါတယ်။ ပညာရေးဝန်ကြီးဌာနတွေက သင်ရိုးညွှန်းတမ်းတွေကို ရေးတဲ့အခါမှာ ရည်ရွယ်ချက်တွေနဲ့ သေသေချာချာကို ရွေးချယ်ပြုစုကြတယ်။ ပုံပြင်တွေ အများကြီးရှိတဲ့အထဲကမှ ကလေးတွေကို ဖြစ်စေချင်တဲ့ သင်ခန်းစာတွေပါတဲ့ ပုံပြင်တွေကိုပဲ ရွေးသင်ပေးတယ်။ ကလေးတွေကို လိုချင်တဲ့ပုံ သွန်းယူကြတယ်။ အဲဒါ ကောင်းသလား ဆိုးသလား။ ကျွန်တော်လည်း မသိဘူး။
No comments:
Post a Comment