Saturday 18 May 2013

အိန္ဒိယအခြေခံဥပဒေပါ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များ (၂)


    အိန္ဒိယအခြေခံဥပဒေပါ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များထဲက နိုင်ငံတော် အချုပ်အခြာနဲ့ လုံခြုံရေးကို ထိပါးလာရင် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ တင်ပြပြီးတဲ့နောက် အခုတစ်ခါ အခြေခံဥပဒေပါ ပြဌာန်းချက်များအတိုင်း ကျင့်သုံးဆောင်ရွက်ရန် မဖြစ်နိုင်တော့လို့ ကြေညာရတဲ့ အရေးပေါ် အခြေအနေ နဲ့ ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ကြေညာရတဲ့ အရေးပေါ်အခြေအနေများအကြောင်း ဆက်လက် တင်ပြပေးသွားမှာဖြစ်ပါတယ်။
    အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တစ်ခုခုဟာ အခြေခံဥပဒေပါ ပြဌာန်းချက်များအတိုင်း လုပ်ကိုင်ဆောင်ရွက်ဖို့ မဖြစ်နိုင်တော့ဘူးလို့ သမ္မတက ယုံကြည်ယူဆလောက်တဲ့ အခြေအနေများ ဖြစ်ပေါ်နေပြီဆိုရင် သမ္မတက အရေးပေါ်အခြေအနေ ကြေညာရမယ့်အကြောင်း အခြေခံဥပဒေ ပုဒ်မ ၃၅၆ မှာ ပြဌာန်းထားပါတယ်။ ဒီကြေညာချက်ဟာ လွှတ်တော်နှစ်ရပ်လုံးရဲ့ သဘောတူညီချက် လိုအပ်ပြီး တကယ်လို့ လွှတ်တော်က သဘောမတူဘူးဆိုရင် အရေးပေါ်ကာလသက်တမ်းဟာ နှစ်လနေရင် ကုန်ဆုံးသွားမှာ ဖြစ်ပါတယ်။ ဒီကြေညာထားတဲ့ ကာလမှာပြည်ထောင်စုအစိုးရဟာ ပြည်နယ်အစိုးရရဲ့ အခွင့်အာဏာကို ကျင့်သုံးဆောင်ရွက်ပိုင်ခွင့် ရှိပါတယ်။ ပြည်နယ်အစိုးရကိုတော့ ဖယ်ရှားပစ်လေ့ရှိပြီး ပြည်နယ်လွှတ်တော်ကိုလည်း ဖျက်သိမ်းရင် ဖျက်သိမ်း၊ မဖျက်သိမ်းရင်လည်း အစည်းအဝေးတွေ ရွှေ့ဆိုင်းထားရပါတယ်။ အခြေခံဥပဒေပါ ပြဌာန်းချက်များအတိုင်း ကျင့်သုံးနိုင်ခြင်းမရှိလို့ အရေးပေါ်အခြေအနေ ကြေညာရတဲ့ ကိစ္စတွေက နောက်ပိုင်းမှာ အငြင်းပွားစရာတွေ များလာတယ်လို့ ဆိုပါတယ်။
    အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာငွေကြေးတည်ငြိမ်မှု ပျက်ပြားစေမယ့် ခြိမ်းခြောက်မှုမျိုး ရှိနေပြီလို့ သမ္မတက ယူဆရင် အရေးပေါ်အခြေအနေ ကြေညာရမယ့်အကြောင်း အခြေခံဥပဒေ ပုဒ်မ ၃၆၀ မှာ ပြဌာန်းထားပါတယ်။ ဒီလိုအရေးပေါ်အခြေအနေ ကာလမှာဆိုရင် သမ္မတဟာ ပြည်နယ်တစ်ခုခု ဒါမှမဟုတ် ပြည်နယ်တွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ ညွှန်ကြားချက်တွေကို တိုက်ရိုက်ညွှန်ကြားပိုင်ခွင့် ရှိပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ တစ်ခြား ညွှန်ကြားမှုတွေကိုလည်း လုပ်လို့ရပါတယ်။ ဒီလိုညွှန်ကြားတဲ့နေရာမှာ ပြည်ထောင်စုအစိုးရ ဒါမှမဟုတ် ပြည်နယ်အစိုးရတွေမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းများရဲ့ လစာများ ခံစားခွင့်များကို ဖြတ်တောက်လျှော့ချဖို့အပါအဝင် လိုအပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်နိုင်ဖို့ သမ္မတကို အထူးအာဏာအပ်နှင်းထားပါတယ်။ ကံကောင်းထောက်မစွာပဲ ဒီနေ့ဒီအချိန်အထိ ဘဏ္ဍာရေးဆိုင်ရာ အရေးပေါ်အခြေအနေ တစ်ခါမှ မပေါ်ပေါက်ဖူးသေးပါဘူး။

No comments:

Post a Comment