Thursday 30 May 2013

တောဂေါ်လီနဲ့ ဘုရားပူဇော်


    အလှူအတန်း ထမြောက် အောင်မြင်တဲ့ အထိမ်းအမှတ်နဲ့ အလှူ့ရှင်တွေ က ၀မ်းမြောက်ဝမ်းသာ ထပြီး ကကြ ခုန်ကြရာကနေ ဗြောသံဆိုတာ မြန်မာ့ ဂီတမှာ ပေါ်ပေါက်ခဲ့ရတယ်လို့ မှတ်သားဖူးပါတယ်။
    လည်ကတုံးအင်္ကျီအဖြူကိုယ်စီ ယောပုဆိုးအနက်ရောင်လေးတွေ ကိုယ်စီဝတ်ထားတဲ့ လူပျိုပေါက်လေးတွေက တောဂေါ်လီ သီချင်းနဲ့ တွန့်လိမ်ပြီးကောက်ကွေးပြီး ရော့ခ်တွေ ပေါ့ပ်တွေ ဒီဂျေတွေ ကနေတာကို ဘုရားပူဇော်တာပါဆိုရင် ပြောတဲ့သူ ရူးရာကျပါလိမ့်မယ်။ ကတာကတော့ တကယ်ကို ကနေကြတာပါ။ ကလိုက်သမှ သူတို့ခေါင်းက ဂျယ်လိမ်းပြီး ထောင်ထားတဲ့ ဆံပင်တွေ အောက်က တစ်ဖက်စီ ပန်ထားတဲ့ စိန်နားကပ်လေးတွေတောင် ၀င်းကနဲ လက်ကနဲ ဖြစ်သွားအောင် ကကြတာပါ။
    တကယ်တော့ ဒီကလေးတွေဟာ မိကောင်းဖခင် သားသမီးလေးတွေ ဖြစ်ရုံတင် မကပဲ သူတို့ရဲ့ မိကောင်းဖခင်တွေ ကိုယ်တိုင် အနားမှာ ရှိနေကြပါတယ်။ မြန်မာဆန်ဆန် ပုဆိုးတွေ တိုက်ပုံတွေ ပ၀ါတွေ ဆင်မြန်းထားတဲ့ မိဘတွေဟာ သူတို့ သားသမီးတွေ လမ်းလည်ကောင်မှာ နေ့ခင်းကြောင်တောင် သိုးဆောင်း တီးလုံးနဲ့ မြူးထူးပျော်ပါးနေတာကို မတားမြစ်တဲ့ပြင် သူတို့ကပါ ကြည်နူးရွှင်လန်းတဲ့ အကြည့်တွေနဲ့ ကြည့်ပြီး အားပေးနေကြပါတယ်။ ကလေးတွေကလည်း အရက်မူးပြီး ကတဲ့ပုံ မပေါ်ပါဘူး။ ဒီလိုဆိုရင်လည်း မိဘများက ခွင့်ပြုမယ် မထင်ပါဘူး။
    ဒီကလေးတွေကို မြန်မာ့ ယဉ်ကျေးမှု ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် နည်းနည်းမှ အချိုးပြေတဲ့ပုံ မပေါက်ပါဘူး။ ကိုရီးကားကားထဲက မင်းသားတွေထားတဲ့ ကော်ရည်နဲ့ ထောင်ထားတဲ့ ဆံပင်ပုံစံ၊ နားတစ်ဖက်တည်းမှာပဲ ပန်ထားတဲ့ နားကပ်၊ လည်ကတုံးအင်္ကျီ အဖြုရောင်၊ ယောပုဆိုး နဲ့ အောက်က စီးထားတဲ့ ကွင်းထိုးဖိနပ်တို့ဟာ တစ်ခုနဲ့ တစ်ခု ဘယ်လိုမှ မအပ်စပ်ဘူးလို့ ထင်စရာပါ။ ဒါပေမယ့် စောစောကလေးတင်ပဲ သူတို့ဟာ သူတို့ရပ်ကွက် သူတို့လမ်းက နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲကို ကျရာနေရာကနေ ကျေကျေပွန်ပွန် စိတ်ပါလက်ပါ ၀င်ရောက်ဆင်နွှဲခဲ့ပြီးပါပြီ။ ဘုရားကျောင်းဆောင် ဆောက်တုန်းက၊ ရပ်ကွက်ထဲမှာ အလှူခံတုန်းက၊ ဘုရားပင့်တဲ့ကားကို အလှအပတွေ ဆင်တုန်းက၊ ဘုရားလှည့်လည် အပူဇော်ခံတုန်းက သူတို့တွေဟာ သူတို့နဲ့ သင့်တော်ရာရာ တာဝန်တွေကို ကျေပွန်အောင် ထမ်ဆောင်ခဲ့ကြပါတယ်။
    ဒီကလေးတွေကို သရုပ်ပျက်လို့ဆိုပြီး သူတို့ကို အခုလို ဘုရားတရားကိစ္စ၊ ရပ်ရွာ လူမှူရေးကိစ္စတွေမှာ ၀င်ပါခွင့် မပေးပဲ အပြစ်တွေချည်းသာ တင်နေမယ်ဆိုရင်လည်း သူတို့ရဲ့ လုပ်အား သူတို့ရဲ့ စိတ်အားထက်သန်မှုတွေကို ဆုံးရှုံးရတာက လွဲလို့ သူတို့တွေပုံစံကို ကိုယ်လိုချင်သလို ပုံသွင်းယူလို့ ရနိုင်မယ် မထင်ပါဘူး။ အခုတော့ မလွှဲမကင်းသာတဲ့ ခေတ်ရေစီးကြောင်းမှာ လိုက်ပါ စီးမျောနေတဲ့ သူတို့ရဲ့ မျက်စိနောက်စရာ ၀တ်စား ဆင်ယင်မှုလေးတွေကို သည်းခံ ခွင့်လွှတ် နားလည်ပေးပြီး သူတို့ရဲ့ တက်ကြွတဲ့ အားမာန်တွေကို ကောင်းရာကောင်းကြောင်းဘက်ကို ဦးတည်ပေးလိုက်တော့ သူတို့တွေဟာ ရပ်ကွက်ထဲက လူကြီးဆိုသူတွေ ကြည့်မရတဲ့ လမ်းသရဲလေးတွေဘ၀ကနေ ရပ်ကွက်အတွက် အသုံးဝင်တဲ့ လုပ်အားရှင်လေးတွေ ဖြစ်လာရပါတော့တယ်။
    နှစ်ကျိပ်ရှစ်ဆူ ဘုရားတွေ စီတန်းလှည့်လည် အပူဇော်ခံပွဲတွေ ပြီးလို့ ကိုယ့်ရပ်ကွက်ကို ပြန်ရောက်ကြတော့ ဘုရားယာယီ စံကျောင်းတော်က ဖွင့်ပေးထားတဲ့ တောဂေါ်လီ တီးလုံးနဲ့အတူ ဒိုးဒိုးဒန့်ဒန့် ကကြခုန်ကြတာဟာ အဟိုရှေးက အလှူအတန်း ရေစက်ချပြီး အောင်မြင်ပြီးမြောက်လို့ တီးမှုတ်တဲ့ ဗြောသံမှာ အလှူ့ရှင်တွေ ၀မ်းမြောက်ဝမ်းသာ ကခုန်ကြတဲ့အဖြစ်နဲ့ အတူတူပဲလို့ ထင်ပါတယ်။ အဲဒီတုန်းကသာ တောဂေါ်လီတို့၊ ဖိုးချစ်နဲ့ သားစိုးဆိုထားတဲ့ ဟေလာမောင်ရို့ဝါး သီချင်းတို့ခေတ်စားမယ်ဆိုရင် အလှူ့ရှင် အလှူ့အမ ဆိုတဲ့ လူကြီးလူကောင်းတွေဟာ ပုဝါစတွေ တလူလူ၊ တောင်ရှည်ပုဆိုးတွေ တကားကား၊ ဆံထုံးကြီးတွေ တယမ်းယမ်း လက်ဝတ်ရတနာတွေ တပြောင်ပြောင် တလက်လက်နဲ့ ဒီဂျေ ကနေကြမှာ အသေအချာပါပဲ။
    ဘုရားရှင်ရဲ့ သာသနာတော်အရေး၊ ရပ်ရေးရွာရေး ကိစ္စတွေမှာ မျက်စိစပါးမွေး စူးချင်စရာ လူငယ်လေးတွေကို သည်းညည်းခံပြီး ပူးပေါင်းပါဝင် ဆင်နွှဲခွင့်ပေးတဲ့ ကျောက်မြောင်းက ရပ်မိရပ်ဖတွေကို မြန်မာ လူငယ်ထု တစ်ရပ်လုံးကိုယ်စား ကျေးဇူးတင်မိပါကြောင်းနဲ့ ဒီလို လူကြီးမျိုးတွေ များများရှိလာပါစေ လို့ ဆုတောင်းမိပါကြောင်း။ (၂၂-၁၂-၂၀၀၈)
Credit: (painting Artist Aung Min Min, http://www.saatchionline.com)

No comments:

Post a Comment