Sunday, 2 June 2013
Happy Corps Day
၂၀၁၃ ခုနှစ် ဇွန်လ ၁ ရက်နေ့ဟာ အိန္ဒိယနိုင်ငံ ပညာရေးတပ်ဖွဲ့ စတင်တည်ထောင်တဲ့ ၆၆ နှစ်မြောက်နေ့ဖြစ်ပါတယ်။ တပ်မတော်ပညာရေးတပ်ဖွဲ့ဆိုတဲ့ နာမည်နဲ့ တရားဝင်တည်ထောင်တာက ၁၉၄၇ ခုနှစ်ရောက်မှ ဖြစ်ပေမယ့် ဒီမတိုင်ခင်ကတည်းက ရှိနေခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး ပညာရေးကျောင်းကို ဗြိတိသျှတို့ လက်အောက်မှာ ရှိစဉ် ၁၇၆၂ ခုနှစ် (လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ဝ ) ကတည်းက တည်ထောင်ခဲ့တာပါ။ အဲသည်တုန်းကတော့ အရှေ့အိန္ဒိယကုမ္ပဏီရဲ့ ကျောင်းအနေနဲ့ ဖြစ်ပါတယ်။ ၁၈၅၇ ခုနှစ်ရောက်တော့ ဖို့ဝီလျံ ကာလကတ္တားတပ်မြို့မှာ ပထမဆုံးတပ်ဖွဲ့ကျောင်းကို တည်ထောင်ခဲ့ပါတယ်။ ၁၉၂၁ ခုနှစ်မှာ ဗြိတိသျှတပ်ဖွဲ့တွေအတွက် ပညာရေးဌာနကို ဝယ်လင်တန်မြို့မှာ တည်ထောင်ပြီး အိန္ဒိယတပ်ဖွဲ့တွေအတွက် ပညာရေးဌာနကိုတော့ ဘယ်လ်ဂျီယန်မှာ တည်ထောင်ခဲ့ပါတယ်။ ၁၉၃၉ ခုနှစ်မှာတော့ အိန္ဒိယပညာရေးတပ်ဖွဲ့ကို ပါရှမာဟီမြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်မှာတော့ တပ်မတော်ပညာရေးတပ်အဖြစ် တရားဝင်တည်ထောင်ခဲ့ပြီး ၁၉၄၉ ခုနှစ်မှာ တပ်မတော်ပညာရေးတပ်ဖွဲ့ ဌာနတစ်ခုအနေနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၅၀ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ကာရီယာပ ကို ဂုဏ်ပြုပြီး ကာရီယာပ တေးဂီဌာနခွဲကို တည်ထောင်ခဲ့ပါတယ်။ ၁၉၆၃ ခုနှစ်မှာ နိုင်ငံခြားဘာသာစကား သင်ကြားမှုကို တရုတ်နဲ့ တိဘက်ဘာသာစကားတွေ သင်ကြားမှုနဲ့ စတင်ခဲ့ပါတယ်။ စာကြည့်တိုက်ပညာရပ်နဲ့ ရုပ်သံပူးပေါင်းသင်ကြားနည်းစနစ်များကိုလည်း စတင်အကောင်အထည် ဖော်ခဲ့ပါတယ်။ ၁၉၇၁ ခုနှစ်မှာ နိုင်ငံတော်သမ္မတရဲ့ အလံတော်ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ ၁၉၈၅ ခုနှစ်မှာတော့ ကိုယ့်ဘာသာ စီမံခန့်ခွဲနိုင်ခွင့်ရှိတဲ့ ကောလိပ်ကျောင်းအဖြစ် အဆင့်မြှင့်တင်ခဲ့ပါတယ်။ ကောလိပ်ကျောင်းဟာ မူလက ဒေါက်တာဆာဟာရီဆင်းဂိုတက္ကသိုလ် တွဲဘက်ဖြစ်ပေမယ့် ၁၉၉၅ ခုနှစ်ရောက်တော့ ဘိုပါးလ်မြို့က ဘာကာတုလ တက္ကသိုလ်တွဲဘက်အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာ ရွှေရတုသဘင် ဆင်ယင်နိုင်ခဲ့ပြီး ၂၀၀၀ ခုနှစ်ကိုရောက်တော့ တပ်မတော်သား မှီခိုသူ မိသားစုဝင်များအတွက် ပညာရေးဘွဲ့ ပေးအပ်တဲ့ သင်တန်းကို စတင်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ တောင်ပိုင်းဒေသနိုင်ငံများဆိုင်ရာ နိုင်ငံခြားဘာသာဌာနကို ဖွင့်လှစ်ခဲ့ပြီး နိုင်ငံခြားဘာသာနောက်ထပ် ငါးခု ဆက်လက် သင်ကြားပေးခဲ့ပြီး စိန်ရတုသဘင်ကိုလည်း ဆင်ယင်နိုင်ခဲ့ပါတယ်။
တပ်မတော်ပညာရေးတပ်ဖွဲ့တည်ထောင်တဲ့ ၆၆ နှစ်မြောက် နှစ်ပတ်လည်နေ့ကို တော်တော်ခမ်းခမ်းနားနားကို ကျင်းပကြတာပါ။ ကျွန်တော်တို့ကိုလည်း ဖိတ်လို့ အခမ်းအနား လေးခုကို တက်ခဲ့ရပါတယ်။ တစ်ခုကတော့ မတိုင်ခင် ညနေမှာ လုပ်တဲ့ ယဉ်ကျေးမှု ပဒေသာကပွဲနဲ့ ညစာစားပွဲ ဖြစ်ပါတယ်။ အဝတ်အစားကတော့ နက်တိုင်မပါတဲ့ ရှပ်အင်္ကျီဘောင်းဘီရှည်ဖြစ်ပါတယ်။ ပဒေသာကပွဲကို တဂိုးရဲ့ ကဗျာတစ်ပုဒ်ကို သီချင်းလုပ်ထားတဲ့ ဆုတောင်းသီချင်းနဲ့ ဖွင့်ပါတယ်။ အစီအစဉ် တော်တော်များများကတော့ အိန္ဒိယရိုးရာ အဆိုအကတွေနဲ့ တင်ဆက်တာပါ။ အင်္ဂလိပ်သီချင်းဆိုတာလည်း ပါပါတယ်။ တစ်ခန်းရပ်ပြဇာတ်လည်း ပါပါတယ်။ အကြိုက်ဆုံး အစီအစဉ်ကတော့ စကားတစ်ခွန်းမှ မပြောဘဲ အမူအရာနဲ့တင် သရုပ်ဖော်သွားတဲ့ ကမ္ဘာကြီးကို ကယ်တင်ပါ ဆိုတဲ့ ပြကွက်လေး ဖြစ်ပါတယ်။ သစ်ပင်တွေ စိုက်ကြပါ။ သစ်ပင်မရှိရင် ရာသီဥတုက ပူပြင်းလာပြီး ရေအရင်းအမြစ်တွေပါ ဆုံးရှုံးသွားလိမ့်မယ် ဆိုတာကို နောက်ခံတီးလုံးသံလေးရယ် လူလေးငါးယောက်ရယ်နဲ့ သရုပ်ဖော်သွားတာ ရင်ထဲကို တကယ်ထိပါတယ်။ ဘေးကထိုင်တဲ့ သူငယ်ချင်းက သဘောကျပြီး ထရယ်နေလို့ ဟေ့ကောင် အဲဒါ ရယ်စရာမဟုတ်ဘူးလို့ ပြောမိပြီးမှ အော် သူ့အခွင့်အရေးကို ထိပါးရာများ ကျလေမလားလို့လည်း တွေးမိလိုက်ပါသေးတယ်။ နောက်ဆုံးကတော့ ပါဂျာဘီအက မြူးမြူးလေးနဲ့ ပွဲကိုသိမ်းပါတယ်။ ကုလားကိုကြီးကျော်ပေါ့ဗျာ။
ပဒေသာကပွဲပြီးတော့ ဘာရာခါနာလို့ခေါ်တဲ့ အဆင့်အတန်းပေါင်းစုံနဲ့ ဧည့်သည်များပါ ဖိတ်ကြားတက်ရောက်စေတဲ့ ညစာစားပွဲကြီးကို တက်ရောက်ပါတယ်။ ညစာမစားခင်မှာ အချိုရည် ယမကာများနဲ့ ဧည့်ခံပါတယ်။ စားပွဲဝိုင်းပေါ် တည်ခင်းဧည့်ခံတဲ့ ပုံစံ မဟုတ်ဘဲ စားပွဲထိုးလေးတွေက ဗန်းလေးတွေကိုင်ပြီး လိုက်လံဧည့်ခံတဲ့ ပုံစံဖြစ်ပါတယ်။ ယောက်ျားသားတွေကလည်း ယောက်ျားသားတွေ အတူတူထိုင်ကြ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်းလေး ပြောကြ။ အချင်းချင်း ခွက်ချင်းတိုက်ကြ ဆုတောင်းကြပေါ့။ ကျောင်းအုပ်ကြီးနဲ့ ကျောင်းအကြီးအကဲတွေလည်း မဏ္ဍပ်တကာလှည့်ပြီး အားလုံးကို လိုက်နှုတ်ဆက်ပါတယ်။ လူကြီးတွေ မေးကြတဲ့ မေးခွန်းက ဂါယာမှာ ပျော်ခဲ့ရဲ့လားတဲ့။ ပျော်တာပေါ့ ဦးလေးရယ်လို့။ ပြီးတော့ ညစာစားပွဲ စပါတယ်။ ဒီမှာလည်း ဘူဖေးပုံစံနဲ့ ကိုယ့်ဘာသာယူစား စနစ်ဖြစ်ပါတယ်။ ညဆယ့်တစ်နာရီ ထိုးလောက်မှ အခမ်းအနားပြီးပါတယ်။
ဇွန်လတစ်ရက်နေ့ မနက်ပိုင်းက တပ်ဖွဲ့တည်ထောင်ခြင်းအထိမ်းအမှတ် စစ်ရေးပြအခမ်းအနား ဖြစ်ပါတယ်။ အခမ်းအနား အစီအစဉ်တွေကို ဟင်ဒီစကားရော အင်္ဂလိပ်စကားနဲ့ပါ ကြေညာပေးပြီး ကျောင်းအုပ်ကြီးက မိန့်ခွန်းကို အင်္ဂလိပ်လို ပြောပါတယ်။ စစ်ရေးပြမှာ တပ်ခွဲမှူး အမျိုးသမီးအရာရှိ နှစ်ယောက်ပါပါတယ်။ ယောက်ျားတွေလိုပဲ ဓားကိုင်ပြီး စစ်ရေးပြကြတာ။ ဗိုလ်ကောင်းတို့ အမြင်မှာတော့ ဆန်းနေတာပေါ့လေ။
တစ်ခုထူးခြားတာက သူတို့ စစ်ရေးပြမှာ နိုင်ငံတော်အလံ မပါဘူးဗျ။ အလေးပြုခံစင်မြင့်မှာလည်း နိုင်ငံတော်အလံ မရှိသလို စစ်ရေးပြကွင်းထဲက အလံတော်တပ်ဖွဲ့မှာလည်း နိုင်ငံတော်အလံ မပါဘူး။ သူတို့ကျောင်းကို သမ္မတက ချီးမြှင့်ထားတဲ့ သမ္မတအလံတော်ကိုပဲ ကိုင်ကြတာဗျ။ ဗိုလ်ကောင်းတို့ဆီက စစ်ရေးပြတွေမှာ ပရိသတ်ရှေ့ အလံတော်တပ်ဖွဲ့ ဖြတ်သွားတဲ့အခါ ဘယ်သူမှထပြီး အလေးပြုတာ မရှိပေမယ့် သူတို့ဆီမှာတော့ သမ္မတအလံတော်အဖွဲ့ ရောက်လာပြီဆိုရင် အကုန်လုံး မတ်တပ်ရပ်အရိုအသေပြုရသဗျ။ အမ်မယ် စစ်ဝတ်စုံဝတ်ဆင်ထားသူများ အလေးပြုကြပါဆိုတဲ့ ပန်ကြားချက်တောင် ပါလိုက်သေးတယ်။ ကျောင်းအုပ်ကြီးက စစ်ရေးပြ တပ်ခွဲတွေကို စစ်တာ ကြယ်တစ်ပွင့်တပ် အမိုးပွင့်ကားနဲ့ စစ်တာဗျ။ ဗိုလ်ကောင်းတို့ဆီမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စစ်ရေးပြကို ကားနဲ့ တပ်စစ်တာကို အဆန်းထင်နေတာ။ သူတို့က ဗိုလ်မှူးချုပ်အဆင့်က ကားနဲ့ စစ်တာဗျ။ နောက်ဆုံးအစီအစဉ်ကတော့ တပ်ဖွဲ့သီချင်းနဲ့ နိုင်ငံတော် သီချင်း သီဆိုတဲ့ အစီအစဉ်ဖြစ်ပါတယ်။ အဲသည်သီချင်း ဆိုဖို့တီးဝိုင်းက အလေးပြုခံစင်မြင့်နောက်မှာ သတ်သတ်ဗျ။ သီချင်းဆိုတဲ့ စစ်သားလေးတွေလည်း ပါတယ်။ ကွင်းထဲက စစ်ရေးပြလုပ်နေတဲ့ စစ်တီးဝိုင်းက အသာငြိမ်နေပြီး နောက်ကတီးဝိုင်းက နိုင်ငံတော်သီချင်းကို တီးတဲ့အချိန်မှာ အလေးပြုခံစင်မြင့်ပေါ်က ကျောင်းအုပ်ကြီး အပါအဝင် ပရိသတ်တွေအားလုံး လိုက်ဆိုကြတယ်။ ဗိုလ်ကောင်းကတော့ မဆိုတတ်တော့ ငြိမ်နေရတာပေါ့လေ။ အရေးထဲမှာ မစ္စတာဘင်း ဘုရားကျောင်းထဲမှာ ဓမ္မတေး မဆိုတတ်တဲ့ ဇာတ်လမ်းလေးကို သွားသတိရလို့ မပြုံးမိအောင် ထိန်းထားရသေးတယ်။ ကောင်းဘူးလေ။ သူများတွေက နိုင်ငံတော်သီချင်း ဆိုနေချိန်မှာ ကိုယ်က ပြုံးစိစိ လုပ်နေလို့ ဘယ်ဖြစ်ပါ့မလဲနော့။ စစ်ရေးပြပြီးတော့ ထုံးစံအတိုင်း ဓာတ်ပုံတွေ ရိုက်ကြတာပေါ့။ စစ်ရေးပြတပ်ခွဲမှူးတွေကလည်း သူတို့တပ်ခွဲ စစ်ရေးပြကောင်းလားဆိုတာချည်းပဲ။ ဗိုလ်ကောင်းလေ အဲသည်လောက်တော့ မအပါဘူး။ အားလုံးကောင်းပါသည်ပေါ့။ ဗဲရီးနိုက်စ် ပေါ့။ ဝမ်းဒါးဖူးလ် ပါဖောင်းမန့်ပေါ့။ ယူအောအာစိုးစမတ်ပေါ့။ အိုင်အန်ဗဲရီးပရောက်အော့ယူပေါ့။ ကွန်ဂရက်ကျူလေးရှင်းပေါ့။ သူတို့ကို ချီးမွမ်းခန်းဖွင့်ရတာ ပါးစပ်တွေ အမြှုပ်ထွက်မှာတောင် ကြောက်ရတယ်။ လက်ဆွဲနုတ်ဆက်ရတာကလည်း လက်မောင်းတွေ ပြုတ်မတတ်။
စစ်ရေးပြပြီးတော့ အရာရှိရိပ်သာ မြက်ခင်းပြင်မှာ ကော်ဖီပါတီ မုန့်ပါတီလုပ်တယ်။ အရာရှိစုံတွဲတစ်တွဲ က မွေးနေ့ကိတ်လှီးတယ်။ နှစ်ယောက်လုံး ဒီကျောင်းမှာဘဲ တာဝန်ကျတာတဲ့။ ကောင်းလိုက်တာ။ ဗိုလ်ကောင်းတို့ နိုင်ငံသာဆိုရင် တစ်ယောက်ယောက်တော့ တပ်ပြောင်းပါမှာ ကျိန်းသေပဲ။ ပါတီကတော့ အထွေအထူး မရှိပါဘူး။ ကော်ဖီသောက် မုန့်စား ဒါပါပဲ။
ညနေပိုင်းမှာ စစ်တီးဝိုင်း ဖျော်ဖြေပွဲကို တက်ရပါတယ်။ ဗိုလ်ကောင်းတို့ဆီမှာလည်း တပ်မတော်နေ့ အထိမ်းအမှတ် စစ်တီးဝိုင်းပြိုင်ပွဲတွေ ကျောင်းသားလေးတွေရဲ့ စစ်တီးဝိုင်းပြိုင်ပွဲတွေကို ရုပ်မြင်သံကြားက ကြည့်ဖူးပေမယ့်ဒီလောက်တော့ လူမများပါဘူး။ ဒီမှာက ကွင်းပတ်ဝန်းကျင်က ပွဲကြည့်စင်တွေမှာ အားပေးတဲ့လူတွေ များသလို ကွင်းထဲက ဖျော်ဖြေတဲ့သူလည်း များပါတယ်။ သူတို့ နိုင်ငံက သိတဲ့အတိုင်း လူမျိုးတွေ ယဉ်ကျေးမှုတွေက များမှများ။ ကွင်းထဲကို စစ်ရေးပြ စစ်ကြောင်းလေးကြောင်း ဝင်လာတာ ပုံစံလေးမျိုးနဲ့ အဝတ်အစားမတူဘူး။ တေးသွားကတော့ တစ်ခုတည်းကို တီးကြတာပဲ။ နောက်တစ်ခုက လေအိတ်ပလွေအဖွဲ့ ဒါလည်း လူတွေအများကြီးပဲ တီးကြတာ။ တီးရင်းမှုတ်ရင်းနဲ့ ကွင်းထဲကို ရှေ့လျှောက်လိုက် နောက်လျှောက်လိုက် အဝိုင်းဖြစ်လိုက် လေးထောင့်ဖြစ်လိုက် လူတွေ ကွဲသွားလိုက် ပြန်စုလိုက်ပေါ့လေ။ တို့ဆီမှာလည်း မြင်ဖူးနေလို့ သိပ်တော့ မဆန်းပါဘူး။ ဆန်းတာက အဲသလောက် လူအများကြီးက တိုင်ပင်ကိုက်ကိုက် တီးမှုတ်နိုင်တာတော့ ချီးကျူးမိပါတယ်။ ဟော နောက်တစ်ခုက တီးဝိုင်းနဲ့ သေနတ်သမားကကွက်လို့ ခေါ်ရမယ်ထင်တယ်။ တေးသွားတွေကို တီးမှုတ်နေတဲ့အချိန်မှာပဲ သေနတ်ကိုင်ထားတဲ့ စစ်သားလေးတွေက စစ်ရေးအမျိုးမျိုး ပြကြတာ။ စစ်ရေးပြတယ်ဆိုတာထက် တေးသွားနဲ့အတူ လိုက်က နေသလိုပါပဲဗျာ။ ကြည့်ကောင်းချက်။
နောင်တစ်ခုကျတော့ အတီးသက်သက်ပဲဗျ။ လေမှူတ်တူရိယာတွေ တစ်ခုမှ မပါဘဲ ဗုံကြီးဗုံသေးတွေချည်းသက်သက် တီးကြတာ။ သာမန်အားဖြင့်တော့ နားညည်းစရာကောင်းတဲ့ အသံတွေသာဖြစ်ပေမယ့် သံစဉ်အသီအကုံး ကောင်းတဲ့အခါကျတော့ ဗုံတစ်ခုတည်းတီးတာကိုပဲ တော်တော် နားထောင်ကောင်းတယ်။ အသံလေးတွေ တိုးသွားလိုက် ညင်းညင်းသက်သက်ဖြစ်နေရာကနေ ဝိုင်ဒိုင်းကြဲပြီး ဆူညံလာလိုက်။ မြိုင်မြိုင်ဆိုင်ဆိုင် တီးနေရာကနေ ဗုံကိုမတီးတော့ဘဲ ဗံ့ရိုက်တုတ်ကလေးချည်း တီးပြီး သံစဉ်ဖော်လိုက်။ အသံနားထောင်ရတာတင်မဟုတ် ကြည့်ရတာလည်း မျက်စိပသာဒဖြစ်ရပါတယ်ဗျာ။
နောက်ဆုံးအစီအစဉ်ကတော့ မီးတွေအားလုံး မှိတ်လိုက်ပြီး အမှောင်ထဲမှာ လျှပ်စစ်မီးတုတ်လေးနဲ့ အချက်ပြတာကို တီးခတ်ကြတဲ့ အစီအစဉ် ဖြစ်ပါတယ်။ Sacrifice of Praise ဆိုတဲ့ သံစဉ်တေးသွားကို သီဖွဲ့ခဲ့တဲ့ Capt Vimal Joshi ကိုယ်တိုင် ကြီးကြပ်တဲ့ တီးမှုတ်မှုပါ။ အမှောင်ထဲမှာ ကြီးကြပ်သူ ဂီတပညာရှင်ရဲ့ ဝှေ့ယမ်းနေတဲ့ လျှပ်စစ်မီးတုတ်လေးနဲ့အတူ သာသာညင်းညင်း ထွက်ပေါ်လာတဲ့ ဂီတသံစဉ်တွေဟာ မြိုင်ချည်တစ်ခါ တိုးချည်တလှည့်နဲ့။ ဟော သံစဉ်လည်း ဆုံးသွားပြီး ဂီတသံစဉ်တွေလည်း ရပ်သွားရော ဒိုင်းဒိုင်းဒိုင်းဆိုတဲ့ သေနတ်သံတွေနဲ့အတူ စစ်တီးဝိုင်းဖျော်ဖြေပွဲကို အဆုံးသတ်လိုက်ပါတယ်။
အရာရှိရိပ်သာမှာလုပ်တဲ့ ပါတီပွဲကတော့ တကယ်ကို ပျော်စရာ။ ကျောင်းအုပ်ကြီးနဲ့ ကျောင်းအုပ်ကြီး ကတော်ကစပြီး သောက်ကြစားကြ ကကြခုန်ကြ။ ပွဲလည်းပြီးရော လူလည်း တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုဖြစ်ပြီး ပြိုင်းပြိုင်းနဲ့ အိပ်လို့ကောင်းလိုက်ချက်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment