အိန္ဒိယနိုင်ငံမှာ လေးစားစရာကောင်းတဲ့ ကမ္ဘာသိ နိုင်ငံခေါင်းဆောင်များ ရှိပါတယ်။ ဥပမာအားဖြင့် မဟတ္တမဂန္ဒီ ဂျဝါဟလာနေရူး စသည်ဖြင့်ပေါ့။ သို့သော်လည်း သူတို့ကို သာမန် နိုင်ငံ့ခေါင်းဆောင်များအဖြစ်သာ သိမှတ်ထားကြပေမယ့် ဘုရားလောင်းတစ်ဆူရယ်လို့တောင် အသိအမှတ်ပြု ယုံကြည်ထားကြတဲ့ ခေါင်းဆောင်တစ်ယောက်လည်း ရှိနေပါသေးတယ်။ အိန္ဒိနိုင်ငံက နေရာတစ်ချို့မှာ သူ့ရုပ်တုကို တော်တော်များများ တွေ့မြင်နိုင်ကြပါတယ်။ ပုံစံကတော့ မျက်မှန်တပ်ထားတဲ့ လူကြီးတစ်ယောက် လက်ထဲမှာ စာအုပ်ကြီး တစ်အုပ်လည်း ကိုင်လို့ပေါ့။ သူဘယ်သူလဲ။ သူက ဘာတွေလုပ်ခဲ့တာလဲ။ သူ့ကို ဘာလို့ ဘုရားလောင်းလို့ သမုတ်ကြတာလဲ။ သူ့ရုပ်တုသေးသေးလေးတွေ ရောင်းတဲ့ဆိုင်မှာ သူ့အကြောင်းမေးကြည့်တော့ သူက ဘုရားတစ်ဆူလို့တောင် ပြောပါတယ်။ သူ့ကို ဘာလို့ ဒီလောက်တောင် ကိုးကွယ်ဆည်းကပ်ကြတာလဲ။
သူ့ကို အများစုက ဒေါက်တာ အမ်ဘက်ကာ လို့ခေါ်ကြပါတယ်။ နာမည်အပြည့်အစုံကတော့ ဘင်ရာအို ရမ်ဂျီ အမ်ဘက်ကာ (Bhimrao Ramji Ambedkar) ဖြစ်ပါတယ်။ သူ့ကို ဘာဘာဆာဟိ လို့လည်း လူသိများပါတယ်။ သူ့အလုပ်တွေကတော့ ဥပဒေပညာရှင် နိုင်ငံရေးခေါင်းဆောင် အတွေးအခေါ်ပညာရှင် မနုဿဗေဒပညာရှင် သမိုင်းပညာရှင် စီးပွားရေးပညာရှင် ကျောင်းဆရာ အယ်ဒီတာ စာရေးဆရာ တော်လှန်ရေးသမား စကားပြောကောင်းသူ အိန္ဒိယမှာ ဗုဒ္ဓဘာသာကို ပြန်လည်ထွန်းကားလာအောင် စွမ်းဆောင်ခဲ့သူ ဇာတ်နိမ့်ဗုဒ္ဓဘာသာများရဲ့ အခွင့်အရေးကို ဦးဆောင်ကြိုးပမ်းခဲ့သူ စသည်ဖြင့် များပြားလှပါတယ်။ သူ့ရဲ့ ကြီးကျယ်ထင်ရှားလှတဲ့ အလုပ်ကြီးတစ်ခုကတော့ အိန္ဒိယနိုင်ငံ အခြေခံဥပဒေကြီးကို ဦးဆောင် ရေးဆွဲခဲ့ခြင်းပဲ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ အခြားသူတွေက ထိမိကိုင်မိရင်တောင် သနတယ်လို့ အယူရှိကြတဲ့ နိမ့်ကျလှတဲ့ အမျိုးဇာတ်တစ်ခု ရှိပါတယ်။ အမ်ဘေကာက အဲသည်အမျိုးဇာတ်က ပေါက်ဖွားလာခဲ့တာပါ။ သူဟာ ဟိန္ဒူတွေရဲ့ အမျိုးဇာတ်ခွဲခြားမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့ပါတယ်။ သူဟာ ဗုဒ္ဓဘာသာကို ကူးပြောင်းခဲ့ပြီး ဇာတ်နိမ့်ထောင်ပေါင်းများစွာကိုလည်း ထေရဝါဒဗုဒ္ဓဘာသာဝင်အဖြစ်ကို ကူးပြောင်းသွားအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အိန္ဒိယ အရပ်ဘက်ပုဂ္ဂိုလ်တွေကို ချီးမြှင့်တဲ့ အမြင့်ဆုံးသော ဘားရက်ရတ်နာဘွဲ့ (Bharat Ratna) ကို ၁၉၉၀ ခုနှစ်မှာ ရရှိခဲ့ပါတယ်။
အခက်အခဲတွေ အတားအဆီးတွေ အများကြီးကို ကျော်ဖြတ်ပြီးနောက် ဇာတ်နိမ့်တွေကို ကောလိပ်ပညာသင်ကြားခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဥပဒေဘွဲ့နဲ့ ဒေါက်တာဘွဲ့တွေ ရအောင် ကြိုးစားနေရင်း ဥပဒေဆိုင်ရာ သုတေသနတွေ ပြုလုပ်နေရင်း စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ လေ့လာမှုတွေ ပြုလုပ်နေရင်းနဲ့ အိန္ဒိယဇတ်နိမ့်များရဲ့ လူမှုရေး လွတ်လပ်ခွင့်နဲ့ နိုင်ငံရေးအခွင့်အရေးတွေ ရအောင် စာတွေရေးသား ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။
သူ့ကို အိန္ဒိယနိုင်ငံသားတစ်ချို့တွေက ဗုဒ္ဓဘုရားအလောင်းတော် (ဗောဓိသတ္တ) လို့ သမုတ်ကြပေမယ့် သူကတော့ သူ့ကိုယ်သူ ဗောဓိသတ္တလို့ ပြောကြားခဲ့ခြင်း မရှိပါဘူး။
အမ်ဘေကာကို အိန္ဒိယနိုင်ငံအလယ်ပိုင်း မာဒရာပရာဒက်ရှ်ပြည်နယ် က Mhow လို့ခေါ်တဲ့ တပ်မြို့လေးမှာ မွေးဖွားခဲ့ပါတယ်။ မောင်နှမ ဆယ့်လေးယောက်မှာ အငယ်ဆုံးဖြစ်ပါတယ်။ သူတို့ဟာ မရာသီစကားပြော မိသားစုဖြစ်ပြီး မဟာရပ်ရှတြာပြည်နယ် ရတနာဂီရိခရိုင်ကလာတဲ့ အမျိုးအဆွေတွေ ဖြစ်ပါတယ်။ သူတို့ဟာ ဇာတ်နိမ့်မျိုးရိုးဖြစ်ပြီး လူမှုရေးနဲ့ စီးပွားရေးတွေမှာ ခွဲခြားဆက်ဆံခံခဲ့ရပါတယ်။ သူရဲ့ ဘိုးဘွားတွေက ဗြိတိသျှ အရှေ့အိန္ဒိယ ကုမ္ပဏီ တပ်ဖွဲ့မှာ အမှုထမ်းခဲ့ကြပါတယ်။ သူ့အဖေက အိန္ဒိယတပ်မတော်က စစ်မှုထမ်း ဖြစ်ပါတယ်။ ဖအေလုပ်သူက မာရသီနဲ့ အင်္ဂလိပ်စကားကို သေစာရှင်စာလောက်သာ တတ်ခဲ့ပေမယ့် သားသမီးတွေကို စာကြိုးစားဖို့ အားပေးခဲ့တယ်။ အမျိုးဇာတ်ခွဲခြားမှုတွေ ရှိနေတဲ့ကြားထဲက အစိုးရကျောင်းမှာ သားသမီးတွေ ပညာသင်ကြားနိုင်အောင် အားထုတ်ခဲ့တယ်။ အမ်ဘေကာနဲ့ အမျိုးဇာတ်တူ ကျောင်းသားတွေဟာ ဆရာဆရာမတွေရဲ့ လျစ်လျှူရှုမှုကိုလည်း ခံခဲ့ရပါတယ်။ အတန်းထဲမှာတောင် ထိုင်ခွင့်မရကြပါဘူး။ သူတို့က ရေသောက်ချင်ရင်တောင် ဇာတ်မြင့်တွေက လောင်းချပေးတဲ့ရေကို လက်နဲ့ ခံသောက်ရပါတယ်။ ရေခွက်ကိုတောင် လက်နဲ့ ထိလို့ မရပါဘူး။ ဒါတောင်မှ ကျောင်းက အလုပ်သမားက လောင်းချပေးမှ သောက်ခွင့်ရတာပါ။ ရေလောင်းချပေးမယ့် အလုပ်သမား မရှိရင် ရေသောက်လို့မရတဲ့ ဘဝပါ။ သူ့အဖေ တပ်က အနားယူပြီးတော့ သူတို့မိသားစု Satara ကိုပြောင်းပါတယ်။ ပြောင်းပြီးနှစ်နှစ်လောက်နေတော့ အမေဆုံးသွားပါတယ်။ သူတို့မောင်နှမတစ်တွေကို အဒေါ်က စောင့်ရှောက်ခဲ့တာပါ။ မောင်နှမတွေထဲမှာ အမ်ဘေကာ တစ်ယောက်ပဲ အထက်တန်းကျောင်းကို အောင်ခဲ့ပါတယ်။
၁၈၉၇ ခုနှစ်မှာ သူတို့မိသားစု ဘုံဘေကို ပြောင်းသွားပြီး အယ်လ်ဖင်စတုန်း အထက်တန်းကျောင်းမှာ ကျောင်းတက်ခဲ့ပါတယ်။ အဲသည်ကျောင်းမှာ သူဟာ တစ်ဦးတည်းသော ဇာတ်နိမ့်ဖြစ်ပါတယ်။ ၁၉၀၆ ခုနှစ်မှာတော့ အသက်ကိုးနှစ်အရွယ် ရာမာဘီနဲ့ လက်ထပ်ပွဲပြုလုပ်ခဲ့ပါတယ်။
နောက်တစ်နှစ်ဖြစ်တဲ့ ၁၉၀၇ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးတော့ အယ်လ်ဖင်စတုန်း ကောလိပ်မှာ ပထမဆုံးသော ဇာတ်နိမ့်အနွယ်ဝင်ကျောင်းသားအဖြစ် တက်ရောက်ခဲ့ပါတယ်။ အဲသည်အောင်မြင်မှုဟာ သူ့ရဲ့ ဇာတ်နိမ့်အနွယ်ဝင်တွေကို စိတ်အားထက်သန်စေခဲ့ပါတယ်။
၁၉၁၂ ခုနှစ်မှာ ဘုံဘေတက္ကသိုလ်ကနေ စီးပွားရေးနဲ့နိုင်ငံရေးသိပ္ပံဘွဲ့ ရခဲ့ပြီး ပြည်နယ်အစိုးရမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ ၁၉၁၃ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့ခဲ့ပါတယ်။ ပြည်နယ်အစိုးရက ချီးမြှင့်တဲ့ တစ်လ စတာလင်ပေါင် ၁၁.၅၀ ပညာသင်ဆုကို သုံးနှစ်ရရှိခဲ့ပြီး ကိုလံဘီယာတက္ကသိုလ်မှာ ဘွဲ့လွန်ဆက်တက်နိုင်ခဲ့ပါတယ်။ ၁၉၁၅ ဇွန်လမှာ အိန္ဒိယရှေးဟောင်းကူးသန်းရောင်းဝယ်ရေးဆိုင်ရာ လေ့လာချက်စာတမ်းတင်ပြီး စီးပွားရေးပညာ လူမှုရေးပညာ သမိုင်း အတွေးအခေါ်ပညာ မနုဿဗေဒပညာရပ်တွေနဲ့ မဟာဘွဲ့ ရရှိခဲ့ပါတယ်။
၁၉၁၆ ခုနှစ်မှာ နောက်ထပ်မဟာဘွဲ့တစ်ဘွဲ့အတွက် ကမ်းလှမ်းခဲ့ပါတယ်။ အဲသည်နှစ် အောက်တိုဘာလမှာ ရှေ့နေစာမေးပွဲအတွက် လေ့လာခဲ့ပြီး လန်ဒန်စီးပွားရေးပညာကျောင်းမှာ ဒေါက်တာဘွဲ့အတွက် စတင်ကြိုးပမ်းခဲ့ပါတယ်။ ၁၉၁၇ ဇွန်လမှာ သူ့ရဲ့ ပညာသင်ဆုကာလပြီးဆုံးလို့ အိန္ဒိယကို ပြန်သွားရပေမယ့် လေးနှစ်အတွင်းမှာပဲ သူ့ရဲ့ ပါရဂူဘွဲ့စာတမ်း (အိန္ဒိယရူပီး) ကို တင်သွင်းဖို့ အမေရိကန်ကို ပြန်လာခွင့် ရခဲ့ပါတယ်။ သူစုဆောင်းထားတဲ့ စာအုပ်တွေ ကို တင်ဆောင်သွားတဲ့ သင်္ဘောဟာ ဂျာမန်ရေငုပ်သင်္ဘောက တော်ပီဒိုနဲ့ နှစ်မြှပ်ခဲ့လို့ သူ့စာအုပ်တွေ ဆုံးရှုံးခဲ့ရပါတယ်။ သူ့ကိုပညာသင်ပေးခဲ့တဲ့ ပြည်နယ်အစိုးရမှာ အလုပ်လုပ်ပေးရမယ်ဆိုပြီး သူ့ကို စစ်ဘက်လက်ထောက် ခန့်အပ်ခဲ့ပါတယ်။ ဒီအလုပ်ကိုတော့ သူ ခဏပဲ လုပ်ခဲ့ပါတယ်။
အဲသည်နောက် သူ့မိသားစုအတွက် အလုပ်လုပ်ဖို့ ကြိုးစားခဲ့ရတယ်။ အလွတ်သင်ဆရာ စာရင်းကိုင်အလုပ်တွေကို လုပ်ခဲ့ပေမယ့် သူ့ကို ဇာတ်နိမ့်မျိုးရိုးမှန်း သိကြတဲ့အခါ သူအလုပ်ပြုတ်ခဲ့ရပြန်ပါတယ်။ ၁၉၁၈ ခုနှစ်မှာ ဘုံဘေကောလိပ် နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာ ပါမောက္ခ ဖြစ်လာခဲ့ပါတယ်။ ကျောင်းသားတွေနဲ့ အဆင်ပြေပေမယ့် တစ်ခြားဆရာတွေက ရေတစ်ကောင်းတစ်ခုတည်း အတူသောက်ဖို့ ငြင်းဆန်တာ ခံခဲ့ရပါတယ်။
အမ်ဘေကာဟာ ၁၉၁၉ အိန္ဒိယအစိုးအက်ဥပဒေရေးဆွဲရေး ကော်မတီရှေ့မှောက်မှာ ကြားနာပေးခဲ့ရပါတယ်။ အဲသည်ကြားနာပွဲမှာ သူဟာ ဇာတ်နိမ့်တွေမဲပေးခွင့်နဲ့ ပတ်သက်ပြီး တောင်းဆိုတိုက်တွန်းခဲ့ပါတယ်။ ၁၉၂၀ မှာတော့ သူဟာ အပတ်စဉ်စာစောင်တစ်ခုကို ထုတ်ဝေခဲ့ပါတယ်။ ဆက်လက်ပြီး သူဟာ ဥပဒေပညာရှင်အဖြစ် ဆက်လက် လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၂၆ ခုနှစ်မှာ ဇာတ်နိမ့်ခေါင်းဆောင် သုံးယောက်ကို ဇာတ်မြင့်တွေက သူတို့ကို ပျက်လိုပျက်စီးဖြစ်အောင်လုပ်ပါတယ် ဆိုတဲ့ စွပ်စွဲချက်တွေကနေ ကာကွယ်ခုခံပေးနိုင်ခဲ့ပါတယ်။ ဘုံဘေမှာ တရားရုံးမှာ အလုပ်လုပ်နေရင်းနဲ့ ဇာတ်နိမ့်တွေရဲ့ ပညာရေးကို မြှင့်တင်ပေးဖို့ သူကြိုးစားခဲ့ပါတယ်။ ၁၉၂၇ ခုနှစ်မှာ ဇာတ်နိမ့်တွေအတွက် လှုပ်ရှားမှုတွေ လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သောက်ရေအတူဝေမျှ သောက်ခွင့်ရဖို့ ဟိန္ဒူဘုရားကျောင်းတွေကို ဝင်ခွင့်ရဖို့အတွက် လူထုလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
၁၉၂၅ ခုနှစ်မှာ ဥရောပ ဆိုင်မွန်ကော်မရှင်မှာ ခန့်အပ်ခံခဲ့ရပါတယ်။ ဆိုင်မွန်ကော်မရှင် အစီရင်ခံစာ ထွက်လာတော့ အိန္ဒိယအတော်များများက အသိအမှတ် မပြုခဲ့ကြပါဘူး။ အမ်ဘက်ကာက သူ့ဘာသာ သီးခြား အစီရင်ခံစာတစ်စောင်ရေးပြီး အနာဂတ် အိန္ဒိယ အခြေခံဥပဒေရေးဆွဲဖို့ ထောက်ခံတင်ပြခဲ့ပါတယ်။ ၁၉၄၇ သြဂုတ်လမှာ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရတဲ့အခါကျတော့ အစိုးရက အမ်ဘေကာကို ပထမဆုံး တရားရေးဝန်ကြီး ခန့်အပ်ခဲ့ပါတယ်။ သြဂုတ်လ ၂၉ ရက်မှာ အခြေခံဥပဒေရေးဆွဲရေး ကော်မတီမှာ ဥက္ကဌအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။
အမ်ဘေကာ ဦးဆောင် ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေဟာ ပြည်သူတစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကိုကာကွယ်ပေးထားပါတယ်။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ပြဌာန်းထားပြီး အမျိုးဇာတ် ခွဲခြားမှုအားလုံးကို တားမြစ်ထားပါတယ်။ အမျိုးသမီးတွေရဲ့ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ အခွင့်အရေးတွေကို ပေးထားပြီး အလုပ်အကိုင်နေရာတွေ ကျောင်းတွေ ကောလိပ်တွေမှာ ဇာတ်နိမ့်တွေအတွက် နေရာပေးဖို့ အချက်ကိုလည်း ထောက်ခံမှုတွေ ရခဲ့ပါတယ်။
ပါလီမန်မှာ သူတင်သွင်းတဲ့ ဟိန္ဒူဥပဒေကြမ်း ပယ်ချခံရပြီးနောက်မှာ အစိုးရအဖွဲ့က နုတ်ထွက်ခဲ့ပါတယ်။ ၁၉၅၂ ရွေးကောက်ပွဲမှာ အောက်လွှတ်တော်အမတ်အဖြစ် ဝင်အရွေးခံပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သူ့ကို အထက်လွှတ်တော်အမတ်အဖြစ် ခန့်အပ်ခဲ့တာမှာ သေသည်အထိ အထက်လွှတ်တော်အမတ်တာဝန်ကို ထမ်းဆောင်သွားခဲ့ပါတယ်။
အခြေခံဥပဒေ မူကြမ်း ရေးဆွဲပြီးသွားတဲ့အချိန်မှာ အိပ်မပျော်တဲ့ရောဂါနဲ့ ခြေထောက်အာရုံကျောတွေ နာကျင်တာကို ကုသဖို့ ဘုံဘေကို သွားခဲ့ပါတယ်။ အဲသည်မှာ ဒေါက်တာ ရှရာဒါ ကဘာ (Dr.Sharada Kabir) နဲ့ တွေ့ပြီး ၁၉၄၇ ဧပြီလ ၁၅ ရက်နေ့မှာ ဒုတိယအကြိမ် လက်ထပ်ခဲ့ပါတယ်။ အမ်ဘာကာဟာ ဆစ်ဘာသာကို ကူးပြောင်းဖို့ စဉ်းစားခဲ့ပါသေးတယ်။ ဆစ်ဘာသာရေး ခေါင်းဆောင်တွေနဲ့ တိုင်ပင်တဲ့အခါ သူဟာ ဒုတိယတန်းစား ဆစ်ဘာသာဝင် အဆင့်အတန်းကို ရမယ်ဆိုတာ သိခဲ့ရပြီး သူ့ရဲ့စိတ်ကူးကို စွန့်လွှတ်လိုက်ပါတယ်။ သူဟာ သူ့ဘဝတစ်လျှောက်လုံး ဗုဒ္ဓဘာသာကို လေ့လာခဲ့ပါတယ်။ ၁၉၅၀ ဝန်းကျင်မှာ ဗုဒ္ဓဘာသာကို လုံးလုံးလျားလျား အာရုံစိုက်ခဲ့ပြီး သီရိလင်္ကာမှာ ကျင်းပတဲ့ ဗုဒ္ဓရဟန်းတော် နဲ့ စာသင်သားများ ညီလာခံကို တက်ရောက်ခဲ့ပါတယ်။ သူဟာဗုဒ္ဓဘာသာဆိုင်ရာ စာအုပ်တစ်အုပ်ကို လက်စသတ် ရေးသားပြီးနောက်မှာ ဗုဒ္ဓဘာသာကို တရားဝင် ကူးပြောင်းခဲ့ပါတယ်။ အမ်ဘေကာက မြန်မာပြည်ကို ၁၉၅၄ ခုနှစ်မှာ နှစ်ခေါက် ရောက်ခဲ့ပါတယ်။ ဒုတိယအခေါက်က ရန်ကုန်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များ ညီလာခံကို တက်ရောက်ဖို့ ဖြစ်ပါတယ်။ ၁၉၅၅ ခုနှစ်မှာ အိန္ဒိယဗုဒ္ဓဘာသာအသင်းကို တည်ထောင်ခဲ့ပြီး ၁၉၅၆ ခုနှစ်မှာ ဗုဒ္ဓနဲ့ဓမ္မစာအုပ်ကို ရေးသားခဲ့ပါတယ်။
၁၉၅၆ အောက်တိုဘာလ ၁၄ ရက်နေ့မှာ သူ့ကို ထောက်ခံသူများနဲ့အတူ နာဂပူမြို့မှာ သရဏဂုံသုံးပါးနဲ့ ငါးပါးသီလ ခံယူပြီး ဇနီးသည်နဲ့အတူ ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူခဲ့ပါတယ်။ သူ့ကို ထောက်ခံတဲ့ ပြည်သူ ငါးသိန်းလောက်ကိုလည်း ဗုဒ္ဓဘာသာကို ကူးပြောင်းပေးနိုင်ခဲ့ပါတယ်။ အဲသလို ကူးပြောင်းတဲ့သူတွေကို သူက ကတိသစ္စာ ၂၂ ချက်ပေးကာ ရတနာသုံးပါးနဲ့ ငါးပါးသီလကို ခံယူစေခဲ့ပါတယ်။ အဲသည်နောက် နီပေါနိုင်ငံ ခတ္တမန္ဒူမြို့မှာ ကျင်းပတဲ့ စတုတ္ထအကြိမ် ကမ္ဘာ့ဗုဒ္ဓညီလာခံကို တက်ရောက်ခဲ့ပါတယ်။ သူရေးသားနေတဲ့ ဗုဒ္ဓနဲ့ ကားလ်မတ်စာအုပ်ကို လက်စမသတ်နိုင်ခဲ့ပါဘူး။
၁၉၄၈ ခုနှစ်ကတည်းက သွေးချိုရောဂါခံစားနေခဲ့ရတဲ့ အမ်ဘေကာဟာ ၁၉၅၄ ဇွန်လကနေ အောက်တိုဘာလအထိ အိပ်ယာထဲ လဲခဲ့ပြီး မျက်စိလည်း ကွယ်ခဲ့ရပါတယ်။ သူ့ရဲ့နောက်ဆုံးစာအုပ် ဗုဒ္ဓနဲ့ဓမ္မကို လက်စသတ်ပြီး သုံးရက်အကြာ ၁၉၅၆ ဒီဇင်ဘာလ ၆ ရက်နေ့မှာ ဒေလီမြို့ရှိ အိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။
သူ့ကို ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းနဲ့ သဂြိုဟ်ခဲ့ပြီး လူပေါင်းသိန်းနဲ့ချီပြီး လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။ အဲသည် အသုဘပို့ဆောင်တဲ့သူတွေကလည်း ဗုဒ္ဓဘာသာကို ကူးပြောင်းခဲ့ကြပါတယ်။
ဒေလီမြို့ အလီပူလမ်း အမှတ် ၂၆ အမ်ဘေကာရဲ့အိမ်မှာ သူ့အထိမ်းအမှတ်လုပ်ထားပါတယ်။ သူရဲ့မွေးနေ့ကို အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။ သူရဲ့မွေးနေ့နဲ့ သေဆုံးတဲ့နေ့တွေရောက်ရင် လူပေါင်းသန်းဝက်လောက် စုဝေးကြပြီး မွမ်ဘိုင်းမြို့က အမ်ဘေကာအထိမ်းအမှတ်နေရာမှာ သူ့ကို ဂါရဝပြုကြပါတယ်။ စာအုပ်ဆိုင်တွေလည်း ဖွင့်လှစ်ရောင်းချကြပါတယ်။ သူ့နောက်လိုက်တွေကို သူဟောတဲ့ တရားကတော့
"ပညာသင်ကြ စုစည်းညီညွတ်ကြ အခွင့်အရေးအတွက် တိုက်ပွဲဝင်ကြ" ဖြစ်ပါတယ်။
No comments:
Post a Comment