အိန္ဒိယနိုင်ငံ မီးရထားလုပ်ငန်းဟာ အစိုးရပိုင်လုပ်ငန်းတစ်ခုဖြစ်ပြီး မီးရထားဝန်ကြီးဌာနက စီမံခန့်ခွဲပါတယ်။ ကမ္ဘာပေါ်က အကြီးမားဆုံး မီးရထားကွန်ယက်များထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး ရထားလမ်းကြောင်းပေါင်း ၇၁၀၀၀ မိုင် နဲ့ ဘူတာရုံပေါင်း ၇၅၀၀ ကျော် ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်လုံး ခရီးသည် ကိုးဘီလီယံကျော် ပို့ဆောင်ပေးခဲ့လို့ တစ်ရက်ကို ခရီးသည် ပေါင်း ၂၅ သန်း ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ မီးရထားလုပ်ငန်းက အခွန်ငွေ အမေရိကန် ဒေါ်လာ ဘီလျံ ၂၀ အခွန်ဆောင်နိုင်ခဲ့ပါတယ်။ ပြည်နယ်ပေါင်း ၂၈ ပြည်နယ်ရှိတဲ့ အနက် ပြည်နယ် ၂၄ ပြည်နယ်နဲ့ ပြည်ထောင်စုနယ်မြေ သုံးခုမှာ ရထားကွန်ယက်ဖြန့်ကျက်ထားပြီး နီပေါ ဘင်္ဂလားဒေ့ရှ် နဲ့ ပါကစ္စတန်တို့ကိုလည်း အကန့်အသတ်နဲ့ သွားနိုင်ပါတယ်။
အိန္ဒိယရထားလုပ်ငန်းဟာ ကမ္ဘာပေါ်မှာ နဝမမြောက် ဝန်ထမ်းအများဆုံးလုပ်ငန်းဖြစ်ပြီး ဝန်ထမ်းပေါင်း ၁.၄ သန်း ခန့်အပ်ထားပါတယ်။ လက်ရှိပြေးဆွဲနေတဲ့ ကုန်တင်တွဲပေါင်း ၂၃၉၂၈၁ တွဲ၊ ခရီးသည်တင်တွဲပေါင်း ၅၉၇၁၃ တွဲရှိပါတယ်။ ရထားတွဲတွေဆွဲတဲ့ စက်ခေါင်းပေါင်း ၉၅၄၉ ခေါင်း ရှိတဲ့အနက် ရေနွေးငွေ့စက်ခေါင်း ၄၃ ခေါင်း၊ ဒီဇယ်စက်ခေါင်း ၅၁၉၇ ခေါင်း နဲ့ လျှပ်စစ်စက်ခေါင်း ၄၃၀၉ ခေါင်း ရှိပါတယ်။ ၂၀၁၃ မတ်လ ၃၁ ရက်နေ့မှာ လျှပ်စစ်စက်ခေါင်းဆွဲတဲ့ လမ်းအရှည် မိုင်ပေါင်း ၁၄၆၂၈ မိုင်ရှိပါတယ်။ အေစီ ၂၅၀၀၀ ဗို့အားရှိတဲ့ လျှပ်စစ်ဓာတ်အားကို အသုံးပြု ပြေးဆွဲခုတ်မောင်းနေတာ ဖြစ်ပါတယ်။
ရထားတွေမှာ လေအေးစက်တပ်ထားတဲ့တွဲရော လေအေးစက်တပ်မထားတဲ့ တွဲတွေပါ ပါဝင်ပါတယ်။ ရထားတစ်စီးမှာလည်း အထက်တန်း ရိုးရိုးတန်း စသည်ဖြင့် အတန်းပေါင်းစုံ ပါနိုင်ပါတယ်။ အနှေးရထားတွေမှာတော့ ကြိုတင်လက်မှတ် ရောင်းချခြင်း မရှိဘဲ Rajdhani, Duronto နဲ့ Shatabdi ရထားတွေမှာတော့ လေအေးစက်တပ်တွဲတွေပဲ ပါပါတယ်။ လက်မှတ်ဈေးတွေက အမျိုးမျိုးဖြစ်ပြီး သွားခါနီးမှ ဝယ်တဲ့ ရထားလက်မှတ်ကတော့ ဈေးအချိုဆုံးပါတဲ့။ အထက်က ပြောခဲ့တဲ့ ရထား သုံးခုရဲ့ လက်မှတ်ခမှာ အစားအသောက်ဖိုး ပါပြီးသားပေမယ့် တစ်ခြားရထားတွေရဲ့ လက်မှတ်ခမှာတော့ အစားအသောက်ဖိုး မပါပါဘူး။ ရထားပေါ်ရောက်မှ စားချင်ရင် သတ်သတ် ဝယ်စားရတာပါ။ ခရီးဝေးရထားတွေမှာ ထိုင်ခုံအရောက် အစားအသောက် ရောင်းချပေးတဲ့စနစ် ပါတတ်ပါတယ်။ ဇိမ်ခံ ရထားလိုင်းတွေမှာတော့ စားသောက်တွဲ သီးသန့်ပါဝင်ပြီး ရထားလက်မှတ်ခကလည်း ကြယ်ငါးပွင့် ကြယ်ငါးပွင့် ဟိုတယ်တွေလို ဈေးကြီးပါသတဲ့။
ရထားတွဲတွေမှာ ကြိုတင်လက်မှတ် မရောင်းတဲ့ ခရီးသည်တင်တွဲ လေးတွဲ ပါဝင်ပြီး ရှေ့ဆုံးမှာ နောက်ဆုံးမှာ နှစ်တွဲ ချိတ်ဆက်ထားပါတယ်။ အဲသည်အထဲက တစ်တွဲက အမျိုးသမီး သီးသန့်တွဲ ဖြစ်ပါတယ်။ လိုအပ်ချက်ပေါ်မူတည်ပြီး ခရီးသည်တင်တွဲကို ပိုမိုချိတ်ဆက်ပေးပါတယ်။ ကုန်တင်တွဲကလည်း ရှေ့နဲ့နောက်မှာ ပါပါတယ်။ စာပို့ရထား တစ်ချို့မှာတော့ စာပို့တွဲ သီးသန့်ပါဝင်ပြီး လူစီးတွဲတွေမှာ အနောက်တိုင်းပုံစံ အိမ်သာနဲ့ အိန္ဒိယပုံစံ အိမ်သာဆိုပြီး အိမ်သာနှစ်မျိုး ပါဝင်ပါတယ်။
အိန္ဒိယရထားတွေမှာ အတန်းအစား ၁၀ တန်း ပါဝင်ပါတယ်။ အဲဒါတွေကတော့ 1A, 2A, FC, 3A, 3E, CC, EC, SL, 2S, UR တို့ပဲ ဖြစ်ပါတယ်။
1Aး First class AC: အတန်းကတော့ ဈေးအကြီးဆုံးအတန်း ဖြစ်ပါတယ်။ လေအေးစက်ပါတဲ့ နှစ်ယောက်ခန်းတွေ ပါရှိပါတယ်။ လူစီးများတဲ့ ရထားတွေမှာသာ ဒီလိုတွဲမျိုးတွေ ပါဝင်ပါတယ်။ အိပ်ယာတွေက ကျယ်ကျယ်ဝန်းဝန်း ရှိပြီး ထိုင်ခုံတွေကို အဖုံးတွေဘာတွေဖုံးထားပြီး အိပ်ယာခေါင်းအုံးတွေ စောင်တွေလည်း ပေးပါတယ်။ တစ်ကိုယ်ရေလွတ်လွတ်လပ်လပ် စီးနိုင်တဲ့ အတန်းဖြစ်ပါတယ်။
2Aး AC-Two tier: အထက်က အတန်းနဲ့ အတူတူဖြစ်ပြီး အိပ်ယာနှစ်ဆင့်ဖြစ်တာသာ ကွာပါတယ်။ အခန်းတွေနဲ့ ကော်ရစ်ဒါတစ်လျှောက်ကို ခန်းဆီးနဲ့ ကာထားပေးပါတယ်။
FCး First class: 1AC အတန်းနဲ့ အတူတူပဲပေမယ့် ဒီအတန်းမှာ လေအေးစက် နဲ့ အိပ်ယာ မပါပါဘူး။ ဒီလိုအတန်းမျိုးကို တွေ့ရခဲပြီး တောင်ပေါ်မြို့များကိုသွားတဲ့ ရထားများမှာသာ ဒီလိုအတန်းမျိုးကို တွေ့ရမှာ ဖြစ်ပါတယ်။
3Aး AC three tier: 2AC ထက် တစ်ဆင့်နိမ့်ပြီး အိပ်ယာ သုံးဆင့် ပါပါတယ်။ စာဖတ်မီးနဲ့ ခန်းဆီးတွေလည်း မပါပါဘူး။ ဒီအတန်းကိုတော့ လမ်းကျယ်ရထားလမ်းများမှာသာ တွေ့ရမှာ ဖြစ်ပါတယ်။
3Eး AC three tier (Economy): အထက်က 3AC ထက် တစ်ဆင့်နိမ့်တဲ့ အတန်းဖြစ်ပါတယ်။ စာဖတ်မီးနဲ့ ခန်းဆီးများ မပါဝင်ဘဲ အိပ်ယာပစ္စည်းတွေလည်း ပေးမထားပါဘူး။
CCး AC chair car: အတန်းတစ်တန်းမှာ ငါးယောက်စာ ထိုင်ရတဲ့ ထိုင်ခုံသက်သက် လေအေးစက်ပါ အတန်းဖြစ်ပါတယ်။ မြို့ကြီးတွေကြား နေ့ခရီးတွေမှာ အသုံးပြုကြပါတယ်။
ECး Executive class chair car: ထိုင်ခုံကျယ်ကြီးတွေနဲ့ အခန်းကျယ်တွေပါတဲ့ ရထားတွဲ ဖြစ်ပါတယ်။ တစ်တန်းမှာ လေးယောက်စာ နေရာပါပြီး လေအေးစက်လည်း ပါဝင်ပါတယ်။ မြို့ကြီးတွေအကြား နေ့ခရီးသွားရာမှာ သုံးဖို့ သင့်လျော်ပါတယ်။ ဒီအတန်းကတော့ Shatabdi Express ရထားတွေမှာပဲ ပါတာပါ။
SLး Sleeper class: ရိုးရိုးအိပ်စင်အတန်း ဖြစ်ပါတယ်။ တွဲတစ်တွဲကို ခရီးသည် ၇၂ နှစ်ယောက် တင်ဆောင်နိုင်ပါတယ်။
2Sး Seater class: ခုံတန်းရှည်တွေနဲ့ စီးရတာဖြစ်ပြီး လေအေးစက်လည်း မပါပါဘူး။ ကြိုတင်လက်မှတ်လည်း ဝယ်လို့ရတယ်။ ချက်ချင်းဝယ်လို့လည်း ရပါတယ်။
URး Unreserved: ဈေးအချိုဆုံးအတန်း ဖြစ်ပါတယ်။ တွဲဟောင်းတွေမှာ သစ်သားခုံတွေနဲ့ ဖြစ်ပြီး တွဲသစ်တွေမှာတော့ ကူရှင်ခုံတွေ တပ်ဆင်ထားပါတယ်။ လူစီးများလို့ ထိုင်ခုံရဖို့ မလွယ်ပါဘူး။ လက်မှတ်ကို ၂၄ နာရီကြိုဝယ်လို့ ရပါတယ်။ လက်မှတ်ရပြီဆိုရင် ခရီးလမ်းတူ ရထားတွေမှာ ကြိုက်တဲ့ရထား တက်စီးလို့ ရပါတယ်။
ဆက်လက်ပြီး အိန္ဒိယနိုင်ငံက ရထားလက်မှတ်ရောင်းတဲ့ စနစ်အကြောင်း တင်ပြပါ့မယ်။ ကြိုတင်ရောင်းတဲ့ ရထားလက်မှတ်တွေကို အွန်လိုင်းကနေ ဝယ်လို့ ရပါတယ်။ ကိုယ်သွားချင်တဲ့မြို့ ကိုယ်စီးချင်တဲ့ရထား ကိုယ်သွားမည့် နေ့ရက်အချိန် စတာတွေဖြည့်ပြီး လက်မှတ်ကျန်မကျန် ကြည့်နိုင်ပါတယ်။ လက်မှတ်ဝယ်ရာမှာ ကြိုတင်လက်မှတ်ဝယ်ထားပြီး အတည်ပြုရပါသေးတယ်။ တစ်ခါတစ်လေ ကြိုတင်လက်မှတ်ဝယ်ထားပေမယ့် ထိုင်ခုံနေရာပေါ်မူတည်ပြီး မရနိုင်တော့ရင် ပယ်ဖျက်ရတာမျိုးလည်း ရှိပါတယ်။ ကြိုတင်လက်မှတ်က ထိုင်ခုံနံပါတ် မပေးပါဘူး။ အတည်ပြုချက် ရပြီဆိုမှ ထိုင်ခုံနေရာမေးပြီး ဖြည့်ရတာဖြစ်ပါတယ်။ ကိုယ်စီးချင်တဲ့ ခရီးစဉ်အတွက် ဘယ်နေရာမဆို ကြိုတင်လက်မှတ် ဝယ်လို့ရပါတယ်။အွန်လိုင်းကဝယ်ရတာဖြစ်တော့ နေရာအကန့်အသတ် မရှိပါဘူး။ ထိုင်ခုံနေရာ မကျန်တော့လို့ ဒါမှမဟုတ် ခရီးမသွားဖြစ်တော့လို့ လက်မှတ်ကို ဖျက်သိမ်းမယ်ဆိုရင် အချိန်မီ ဖျက်သိမ်းပါက ငွေပြန်အမ်းပေးပါတယ်။ အပြည့်တော့ ပြန်မရပါဘူး။ ရာခိုင်နှုန်း နည်းနည်းဖြတ်တောက်ထားပါတယ်။ အရင်တုန်းက ကြိုတင်လက်မှတ်ကို ရက်ပေါင်း ၁၂၀ ကြိုဝယ်လို့ ရပေမယ့် အခုမေလ ၁ ရက်နေ့ကစပြီး ရက် ၆၀ ပဲ ကြိုရောင်းပါတော့တယ်။
လက်မှတ်အရေအတွက်ကို ခွဲတမ်းချထားပေးတာ ရှိပါတယ်။ တစ်ရက်ကြိုတင်လက်မှတ်၊ အမျိုးသမီးများအတွက်ခွဲတမ်း၊ ကာကွယ်ရေးဆိုင်ရာခွဲတမ်း၊ နိုင်ငံခြားခရီးသွားများအတွက် ခွဲတမ်း၊ တာဝန်အရသွားလာသူများ ခွဲတမ်း၊ မစွမ်းမသန်သူများခွဲတမ်း၊ ဇာတ်နိမ့်များခွဲတမ်း၊ အထွေထွေခွဲတမ်း စသည်ဖြင့်ပေါ့။
ဗိုလ်ကောင်းရဲ့ အတွေ့အကြုံအရ ပြောရမယ်ဆိုရင် အိန္ဒိယဘူတာတွေက သိပ်ညစ်ပတ်ပါတယ်။ ညစ်ညစ်ပတ်ပတ် စုတ်စုတ်ပြတ်ပြတ် နေတတ်တာက သူတို့ရဲ့ အမျိုးသားရေး စရိုက်လက္ခဏာများလား ထင်ရလောက်အောင် ညစ်ပတ်လှပါတယ်။ အထက်တန်းစီးတဲ့ ခရီးသည်ကတောင်မှ သူ့ဆီက အမှိုက်ကို ခြေလှမ်းငါးလှမ်းလောက် သွားရင် ရောက်မယ့် အမှိုက်ပုံကို သွားမပစ်ချင်ဘဲ သူများထိုင်ခုံအောက်ကို ပစ်တတ်တဲ့ လူမျိုးတွေ ဖြစ်ပါတယ်။ သူတို့ ဘူတာတိုင်းမှာ ရေဘုံဘိုင်ရှိပါတယ်။ ရေလည်း ရှိပါတယ်။ သူတို့က အဲသည်ရေကိုပဲ သောက်ဖို့ရော သုံးဖို့ရော ဆေးဖို့ရော သုံးကြတာပါ။ ဗိုလ်ကောင်းတို့ကတော့ မသတီလို့ ယူမသုံးပါဘူး။ နောက်တစ်ခုက ခရီးသွားခါနီး ခဏခဏ သတိပေးခံရတာက အထုပ်အပိုးတွေ ဂရုစိုက်ဖို့ ဖြစ်ပါတယ်။ သူတို့တွေက အထုပ်အပိုးကို ထိုင်ခုံ ဒါမှမဟုတ် ထုပ်တန်းမှာ ကြိုးနဲ့ ချည်ထားကြတာပါ။ ဗိုလ်ကောင်းတို့ ဆယ့်ငါးနာရီကြာ ရထားစီးခဲ့ရာမှာတော့ အပျောက်အရှ မရှိခဲ့ပါဘူး။ ဒီလူမျိုးတွေရဲ့ စိတ်ပျက်မှုကတော့ မိုင်ကုန်ရောက်သွားပါတယ်။ ( ၂၆-၅-၂၀၁၃)
No comments:
Post a Comment