အိန္ဒိယနိုင်ငံ အခြေခံဥပဒေ အပိုင်း ၉(က) မှာ မြို့ပြအုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး ပြဌာန်းထားပါတယ်။ အမှန်ကတော့ အပိုင်း ၉(က) ဆိုတာ မူလ အခြေခံဥပဒေ ရေးဆွဲစဉ်က ပါခဲ့ဟန် မတူပါဘူး။ နောက်မှ ပြင်ဆင်ချက်နဲ့ ထပ်ဖြည့်တဲ့ အပိုင်းဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အပိုင်း ၉ မှာ ပုဒ်မ ၂၄၃ တစ်ခုတည်းသာ ပါဝင်ပြီး အဲသည်ပုဒ်မကို ပုဒ်မခွဲတွေ ခွဲထားပြီး ကျေးလက်အုပ်ချုပ်ရေး မြို့ပြအုပ်ချုပ်ရေး စသည်ဖြင့် ခွဲခြားပြဌာန်းထားတာကို တွေ့ရလို့ဖြစ်ပါတယ်။ မြို့ပြ အုပ်ချုပ်ရေး အဖွဲ့ငယ်တွေကို မြူနီစီပယ်ကောင်စီ လို့ခေါ်ပြီး အဖွဲ့ကြီးတွေကိုတော့ မြူနီစီပယ် ကော်ပိုရေးရှင်းလို့ ခေါ်တာပါ။
မြန်မာပြည်မှာတော့ မြူနီစီပယ်ဆိုတာ စည်ပင်သာယာရေး အဖွဲ့မျှသာ ဖြစ်ပေမယ့် သူတို့ဆီမှာတော့  အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့ ဖြစ်ပါတယ်။ စက်မှုလုပ်ငန်း မြို့များနဲ့ တပ်မြို့များကတော့ သူတို့ အုပ်ချုပ်အောက်မှာ မရှိပါဘူးတဲ့။ မြူနီစီပယ် အုပ်ချုပ်ရေး အဖွဲ့ဝင်တွေကိုလည်း သက်ဆိုင်ရာ မဲဆန္ဒနယ်များက တိုက်ရိုက်ရွေးကောက် တင်မြှောက်ပါတယ်။ ကျေးရွာအဆင့်မှာလိုပဲ ဇာတ်နိမ့်များနဲ့ အမျိုးသမီးများအတွက် အဖွဲ့ဝင်နေရာ သတ်မှတ်ထားပေးပါတယ်။ မြုနီစီပယ် အဖွဲ့တွေမှာ စည်ပင်သာယာရေးဆိုင်ရာ နားလည် တတ်ကျွမ်းသူများ။ သက်ဆိုင်ရာ အောက်လွှတ်တော် အမတ်များနဲ့ ပြည်နယ်လွှတ်တော်အမတ်များ လွှတ်တော်ကော်မတီဥက္ကဌများက အဖွဲ့ဝင်အဖြစ် ပါပေမယ့် ဆုံးဖြတ်ချက်တွေချရင်တော့ မဲပေးခွင့် မရှိပါဘူး။
မြို့နယ်မြူနီစီပယ်အဖွဲ့များကို ဖျက်သိမ်းပစ်ခွင့် မရှိပါဘူးတဲ့။ သက်တမ်း ငါးနှစ် မပြည့်ခင်မှာ ဥပဒေကို ပြင်ပြီးတော့လည်း ဖျက်သိမ်းခွင့် မရှိပါဘူး။ မြို့နယ်မြူနီစီပယ် အဖွဲ့ဝင်ဖြစ်ဖို့ အငယ်ဆုံး အသက်သတ်မှတ်ချက်က ၂၁ နှစ်ဖြစ်ပြီး သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်များက ပြဌာန်းထားတဲ့ ဥပဒေပါ အရည်အချင်းများနဲ့ ကိုက်ညီသူ ဖြစ်ဖို့ လိုပါတယ်။
မြူနီစီပယ်အဖွဲ့တွေ ကိုင်တွယ်ဆောင်ရွက်ရတဲ့ လုပ်ငန်းရပ်များကတော့ မြို့ပြစီမံကိန်း၊ မြေအသုံးချမှုနဲ့ အဆောက်အုံများ ဆောက်လုပ်ခြင်း၊ စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းတံတားများ၊ စိုက်ပျိုးရေးကိစ္စမဟုတ်တဲ့ ရေအသုံးချခြင်း၊ ပြည်သူ့ကျန်းမာရေး၊ မိလ္လာနှင့်သန်ရှင်းရေး၊ မီးသတ်အဖွဲ့၊ မြို့ပြသစ်တောထူထောင်ခြင်း၊ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ထိန်းသိမ်းခြင်း၊ လူနည်းစုများရဲ့ အခွင့်အရေးကို ကာကွယ်ပေးခြင်း၊ မြို့ပြဆင်းရဲမွဲတေမှုတိုက်ဖျက်ခြင်း၊ မြို့ပြသာယာလှပရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုထိန်းသိမ်းခြင်း၊ သင်္ချိုင်းများနှင့် သဂြိုဟ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ လျှပ်စစ်မီးပေးဝေခြင်း၊ စားကျက်မြေများ၊ တိရစ္ဆာန်များအား ညှင်းပန်းမှုမှ ကာကွယ်ရေး၊ မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်း၊ သားသတ်ခြင်းနှင့် သားရေလုပ်ငန်းဆိုင်ရာ ကြီးကြပ်ခြင်း စသည်တို့ ဖြစ်ပါတယ်။ ဒီလုပ်ငန်းရပ်တွေကို အခြေခံဥပဒေ ဇယား ၂ မှာ ဖော်ပြထားပြီး ဒီကိစ္စရပ်များနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်များက ဥပဒေပြဌာန်း ဆောင်ရွက်စေနိုင်ပါတယ်။
ဗိုလ်ကောင်းတို့ မြန်မာပြည်နဲ့ အဓိက ကွာခြားချက်ကတော့ သူတို့က မြို့နယ်အဆင့် အုပ်ချုပ်ရေးကို ရွေးကောက်တင်မြှောက် အုပ်ချုပ်စေတာ ဖြစ်ပေမယ့် မြန်မာအခြေခံဥပဒေ ပုဒ်မ ၂၈၈ မှာ ခရိုင်နှင့် မြို့နယ်အဆင့်တို့၏ အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေး ဆောင်ရွက်စေရမည်လို့ ပြဌာန်းထားပါတယ်။ သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်များက မြန်မာ့အခြေခံဥပဒေ ဇယား ၂ ပါကိစ္စရပ်များကို ဥပဒေပြဌာန်း ဆောင်ရွက်စေတာခြင်းတော့ တူနေပါတယ်။ မြန်မာပြည်မှာတော့ နေပြည်တော် ပြည်ထောင်စု နယ်မြေဟာ သမ္မတရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ ရှိနေပြီး နေပြည်တော်ကောင်စီရဲ့ စီမံခန့်ခွဲ့မှုသာ သက်ရောက်ပြီးတော့ ဘယ်ပြည်နယ် တိုင်း လွှတ်တော်ရဲ့ ဥပဒေပြုမှု အာဏာစက်အောက်မှာ ရှိမနေပါဘူး။ ဒါပေမယ့် သူတို့ ဆီမှာတော့ ပြည်နယ်လွှတ်တော်များရဲ့ ဥပဒေပြုမှုဟာ သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေများကိုလည်း အကျုံးဝင် သက်ရောက်ပါတယ်။ သီးခြား သတ်မှတ်ထားတဲ့ လူမျိုးစုတွေ အမျိုးဇာတ်တွေကိုလည်း အာဏာစက်သက်ရောက်အောင် ဥပဒေ ပြဌာန်း ဆောင်ရွက်လို့ ရပါတယ်တဲ့။
အခု တင်ပြခဲ့တာကတော့ အိန္ဒိယနိုင်ငံ မြို့ပြအုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတ အနည်းအကျဉ်းမျှသာ ဖြစ်ပါတယ်။ ဖတ်ရှုသူများ ရွှင်လန်း ချမ်းမြေ့ကြပါစေဗျ။ (17-5-2013)
No comments:
Post a Comment