Thursday 16 May 2013

မြန်မာနိုင်ငံတွင် ပြဌာန်းခဲ့သော ဥပဒေများ မာတိကာစဉ်



မြန်မာနိုင်ငံမှာ ကျင့်သုံးလျက်ရှိတဲ့ တည်ဆဲဥပဒေပေါင်း ၄၀၀ ကျော်ရှိတယ်လို့ မှတ်သားရဖူးပါတယ်။ တစ်ချို့ ဥပဒေများဟာ မြန်မာနိုင်ငံကို ဗြိတိသျှတို့ မသိမ်းပိုက်မီကတည်းက အိန္ဒိယ နိုင်ငံမှာ ပြဌာန်းကျင့်သုံးခဲ့တဲ့ ဥပဒေတွေ ဖြစ်ပြီး မြန်မာပြည်ကို သိမ်းပိုက်ပြီးတဲ့အခါမှာလည်း မြန်မာဥပဒေအဖြစ် ပြဌာန်းကျင့်သုံးခဲ့တဲ့ ဥပဒေတစ်ချို့ကို ဒီနေ့အချိန်ခါထိ ကျင့်သုံးနေရဆဲ ရှိသေးတယ်လို့လည်း သိမှတ်ခဲ့ရဖူးပါတယ်။ တစ်ချို့ ဥပဒေတွေဟာ မူလ ပြဌာန်းစဉ်ကတည်းက အင်္ဂလိပ်လို ပြဌာန်းခဲ့ပြီး တရားဝင် အသိအမှတ်ပြုထားတဲ့ မြန်မာပြန်တွေ ရှိပေမယ့် တကယ့်တကယ် ဥပဒေပြင်ဆင်ချက်တွေ လုပ်ပြီဆိုရင် မူရင်းပြဌာန်းခဲ့တဲ့ အင်္ဂလိပ်ဘာသာ ဥပဒေကိုပဲ ပြင်ဆင်ချက် လုပ်နေရတုန်း ဆိုတာ ဥပဒေပြင်ဆင်ချက်များ  ထုတ်ပြန်တဲ့အခါ တွေ့နေရဆဲဖြစ်ပါတယ်။
    ဗိုလ်ကောင်းတို့ နိုင်ငံက တရားဥပဒေ စိုးမိုးမှု အားနည်းတယ်လို့ မှတ်ချက်ပြုကြတာတွေ ကြားဖူးကြမှာပါ။ ဒါနဲ့ ပတ်သက်ပြီးတစ်စုံတစ်ရာ မပြောလိုပေမယ့် ပြည်သူလူထု အများစုက ဥပဒေကို သိရှိနားလည်နေမှသာ တရားဥပဒေ စိုးမိုးရေး ပိုမိုဖြစ်ထွန်းလာမယ်ဆိုတာကိုတော့ အကြွင်းမဲ့ ယုံကြည်ပါတယ်။ လူများစုက ဥပဒေကို သိရှိနားလည်နေမှသာ လူများစုကိုယ်တိုင် ဥပဒေကို လိုက်နာကျင့်သုံးနိုင်ပြီး အုပ်ချုပ်သူ အစိုးရမင်းတွေကလည်း ဥပဒေနဲ့အညီ ပိုမို ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်။ ဒါမှသာ အုပ်ချုပ်သူရော အုပ်ချုပ်ခံသူ နှစ်ဘက်လုံးမှာ ဥပဒေ ကို ကျော်လွန်ဆောင်ရွက်တာတွေ နည်းလာပြီး တရားဥပဒေ စိုးမိုးမှု ပိုမိုရရှိလာမယ်လို့ ရိုးသားစွာ ယုံကြည်မိပါတယ်။ အကျိုးဆက်အနေနဲ့ နှစ်ဘက်လုံးက ဥပဒေကို ကိုင်တွယ် အသုံးချ ဆောင်ရွက်တတ်တဲ့ ဓလေ့ ပိုမိုထွန်းကားလာပြီး မိမိတို့ လုပ်ဆောင်ချက်များအပေါ် တာဝန်ယူမှု တာဝန်ခံနိုင်မှူတွေနဲ့အတူ ပိုမို ရဲရဲဝံ့ဝံ့ ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်။
    ဒါကြောင့် တရားဥပဒေ စိုးမိုးဖို့ ဆိုရင် အစိုးရမင်းများ သာမက ပြည်သူများပါ တရားဥပဒေကို သိရှိထားဖို့ မလွဲမသွေ လိုအပ်မယ်လို့ ယုံကြည်တဲ့အလျောက် ပြည်သူတစ်ယောက် ဖြစ်တဲ့ ဗိုလ်ကောင်းလည်း ဥပဒေတွေကို လက်လှမ်းမီသလောက် လေ့လာခဲ့ပါတယ်။ လေ့လာတယ်ဆိုတာ ရှိသမျှ ဥပဒေတွေအကုန် လျှောက်ဖတ်တာကို ဆိုလိုတာ မဟုတ်ပါဘူး။ ဥပဒေတစ်ခုကို ဖတ်တယ်ဆိုတဲ့အလုပ်က သာမန်အားဖြင့် အင်မတန်ကို ပျင်းရိငြီးငွေ့စရာကောင်းတဲ့ အလုပ်ပါ။ ဘယ်လို လေ့လာတာလဲ ဆိုတော့ ဥပမာ ဘူတာမှာ ရထားစောင့်လို့ ထိုင်နေရင်း ကိုယ့်ဘေးကလူက အငွေ့တထောင်းထောင်းနဲ့ ဆေးလိပ်သောက်နေတယ် ဆိုပါတော့။ ကိုယ်ကလည်း အခုလို အများပြည်သူနေရာမှာ ဆေးလိပ်သောက်နေတာက မကောင်းဘူးလို့ ထင်မိတယ် ဆိုပါတော့။ သူအခုလို ဆေးလိပ်သောက်နေတာကို တရားဥပဒေက ခွင့်ပြုထားရဲ့လားလို့ သိချင်လာပါတယ်။ ဆေးလိပ်ငွေ့ကြောင့် ဖြစ်လာမယ့် ကျန်းမာရေး ဆိုးကျိုးတွေရဲ့ အန္တရာယ်ကနေ အများပြည်သူကို ကာကွယ်ပေးထားတဲ့ ဥပဒေ ရှိသလားလို့ သိချင်လာပါတယ်။ သိချင်တဲ့အလျောက် လိုက်ရှာတဲ့အခါ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို သွားတွေ့ပါတယ်။ အဲသည်မှာ ကိုယ်လည်း စိတ်ဝင်စားပြီး သိချင်နေတဲ့ အကြောင်းအရာ ဖြစ်တဲ့အခါကျတော့ ဖတ်ရတာ ပျင်းစရာ မကောင်းတော့ပဲ စိတ်ဝင်စားစရာ ကောင်းလာပါတော့တယ်။ ဒီလိုနည်းနဲ့ ဥပဒေတွေကို လေ့လာတာ ဖြစ်ပါတယ်။
    ပြဿနာက ဥပဒေတစ်ခုကို ဖတ်ချင်ရင် လက်တစ်ကမ်းမှာ ရှာလို့ မရတဲ့ ပြဿနာပါ။ ဗိုလ်ကောင်း သိသလောက်တော့ စာကြည့်တိုက်တွေမှာလည်း ဥပဒေတွေ မတွေ့ပါဘူး။ အဲသည်တော့ ဥပဒေတစ်ခုကို သိချင်ရင် ဘယ်မှာ သွားဖတ်ရမယ်ဆိုတာ တကယ် သိချင်လာပြီဆိုရင် တော်တော်ကို ကြီးမားတဲ့ အခက်အခဲ တစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် ဗိုလ်ကောင်းမှာ စုဆောင်းထားတဲ့ ဥပဒေများကို စိတ်ဝင်စားသူများအတွက် ပြန်လည် ဝေမျှပေးဖို့ စိတ်ကူးရပြီး ဒီစာမျက်နှာများကို ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။
    အခုကတော့ ဥပဒေ စာအုပ်များရဲ့ မာတိကာများကို အရင်ဆုံး တင်ပေးလိုက်ပါတယ်။ ဥပဒေများကို ခွဲခြားကြည့်ရင် ဟိုး အရင်နှစ်ပေါင်း ရာကျော်ကနေ ၁၉၅၄ ခုနှစ် ဒီဇင်ဘာလ ၃၁ နေ့အထိ ပြဌာန်းခဲ့တဲ့ တည်ဆဲမူရင်းဥပဒေများကို ပြင်ဆင်ချက်များနဲ့တကွ အကြောင်းအရာတူရာ စုပေါင်းပြီး အတွဲ ၁၃ တွဲ ပြုစုထုတ်ဝေခဲ့ပါတယ်။ အဲသည်နောက်ပိုင်းမှာတော့ တစ်နှစ်ချင်းအလိုက် သက်ဆိုင်ရာ ဥပဒေပြု အဖွဲ့အစည်းများက ပြဌာန်းခဲ့ ဥပဒေများကို ရှေ့နေချုပ်ရုံးနဲ့ ပြည်သူ့လွှတ်တော်တို့က နှစ်စဉ်ဥပဒေပေါင်းချုပ်များ ပြုစု ထုတ်ဝေခဲ့ကြပါတယ်။
    အခုတင်ပြထားတာကတော့ မြန်မာဥပဒေ အတွဲ ၁၃ တွဲနဲ့ နှစ်စဉ်ထုတ်ဝေခဲ့တဲ့ ဥပဒေများရဲ့ မာတိကာစဉ် များဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ တည်ဆဲဥပဒေများကို စုံနိုင်သမျှ စုံလင်အောင် စုစည်းပြီး အမျိုးအစားအကြောင်းအရာကို လိုက်လို့ ရှာရလွယ်ကူအောင် တူရာတူရာစုစည်းပြီး ဆက်လက် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဥပဒေမာတိကာများကို အောက်ပါအတိုင်း ဒေါင်းလုတ်ချ ရယူနိုင်ပါတယ်


    ၂၀၀၉ ခုနှစ်နဲ့ နောက်ပိုင်း နဲ့ လက်ရှိ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းထားတဲ့ ဥပဒေမာတိကာများနဲ့ ဥပဒေများကိုလည်း ဆက်လက် စုစည်း တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေဗျ။

1 comment:

  1. Thanks a lot for your sharing. Please go on!

    ReplyDelete