Friday 26 April 2013

အိန္ဒိယနိုင်ငံသားများ၏ မူလအခွင့်အရေးများ (ပြန်လည်ကုစားနိုင်သောအခွင့်အရေး)


    ဆက်လက်ပြီး အိန္ဒိယနိုင်ငံ အခြေခံဥပဒေထဲက ဖော်ပြပါ အခွင့်အရေးတွေ ဆုံးရှုံးနစ်နာရင် ပြန်လည် ကုစားပေးနိုင်တဲ့ နည်းလမ်းကိုလည်း ထည့်သွင်းပေးထားပါတယ်။ အဲသည်အာဏာကို တရားလွှတ်တော်ချုပ်ကို အပ်နှင်းထားပါတယ်။ နိုင်ငံသားတွေရဲ့ ဖော်ပြပါ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့အတွက် တရားလွှတ်တော်ချုပ်က ရှေ့တော်သွင်းစာချွန်တော်အမိန့် အာဏာပိုင်မေးစာချွန်တော်အမိန့် တားမြစ်စေစာချွန်တော်အမိန့် အာဏာပိုင်မေးစာချွန်တော်အမိန့် အမှုခေါ်စာချွန်တော်အမိန့်တွေ ထုတ်ဆင့်ခွင့်ရှိပါတယ်။ ဒီစာချွန်တော်အမိန့်တွေ ထုတ်ဆင့်ခွင့် အာဏာကို တရားလွှတ်တော်ချုပ်ကို အပ်နှင်းထားတယ် ဆိုပေမယ့် လိုအပ်ရင် ဒီအာဏာကို တစ်ခြားတရားရုံးတွေကလည်း ကျင့်သုံးနိုင်အောင် ပါလီမန်က ဥပဒေပြုပိုင်ခွင့် ရှိတယ်လို့ ဆိုပါတယ်။ စာချွန်တော်အမိန့်တွေ ထုတ်ဆင့်ပေးဖို့ လျှောက်ထားမှုနဲ့ ပတ်သက်ပြီး အခြေခံဥပဒေက တစ်ခြားနည်းနဲ့ ပြဌာန်းထားတာက လွဲရင် အဲသည်လျှောက်ထားပိုင်ခွင့်ကို ဆိုင်းငံ့ထားလို့ မရပါဘူးတဲ့။
    မြန်မာနိုင်ငံ အခြေခံဥပဒေမှာလည်း နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြန်လည် ကုစားပေးနိုင်တဲ့ နည်းလမ်းကို ပြဌာန်းပေးထားပါတယ်။ တို့အခြေခံဥပဒေပုဒ်မ ၁၈(ဂ)မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် စာချွန်တော်အမိန့်များ ထုတ်ပိုင်ခွင့် အာဏာများ ရှိသည်လို့ ပြဌာန်းထားပါတယ်။ ပုဒ်မ ၃၇၇ မှာလည်း ဤအခန်း၌ ပေးအပ်ထားသော အခွင့်အရေး တစ်ရပ်ရပ်ကို ရယူလိုပါလျှင် သတ်မှတ်ချက်များနှင့်အညီ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ လျှောက်ထား ပိုင်ခွင့် ရှိရမည် လို့ ဖော်ပြထားပြီး ပုဒ်မ ၃၇၈(က) မှာ ဤအခန်း၌ ပေးအပ်ထားသော အခွင့်အရေးများနှင့် စပ်လျဉ်း၍ လျှောက်ထားလာသည့် ကိစ္စရပ်များတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် အောက်ဖော်ပြပါ စာချွန်တော် အမိန့်တစ်ရပ်ရပ်ကို သင့်လျော်သည့်အတိုင်း ထုတ်ဆင့်ပေးခွင့် အာဏာ ရှိရမည်- (၁) ရှေ့တော်သွင်း စာချွန်တော်အမိန့် (၂) အာဏာပေးစာချွန်တော်အမိန့် (၃) တားမြစ်စေစာချွန်တော်အမိန့် (၄) အာဏာပိုင်မေးစာချွန်တော်အမိန့် (၅)အမှုခေါ်စာချွန်တော်အမိန့်။ ဆက်လက်ပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အပ်နှင်းသည့် စာချွန်တော်အမိန့်များ ထုတ်ဆင့်ခွင့် အာဏာသည် အခြားတရားရုံးများအား တည်ဆဲဥပဒေများအရ အပ်နှင်းထားသည့် စာချွန်တော်အမိန့် သဘောမျိုး သက်ရောက်သည့် အမိန့်ထုတ်ဆင့်ပိုင်ခွင့်အာဏာကို မထိခိုက်စေရ လို့ ပြဌာန်းထားပါတယ်။

No comments:

Post a Comment