အိန္ဒိယနိုင်ငံမှာ ပြည်နယ်ပေါင်း ၂၈ ပြည်နယ်နဲ့ ပြည်ထောင်စုနယ်မြေပေါင်း ၇ ခုရှိပြီး ပြည်နယ်တွေမှာ ဥပဒေပြုရေးအတွက် ပြည်နယ်လွှတ်တော်တွေ ဖွဲ့စည်းထားပါတယ်။ တစ်ခု ထူးခြားတာက ဘီဟာပြည်နယ်၊ မဟာရာရှတြာ ပြည်နယ်၊ ကာနာတကပြည်နယ် နဲ့ ဥတ္တရာပရာဒက်ရှ် ပြည်နယ်တို့မှာ လွှတ်တော် နှစ်ရပ်စီ ရှိနေပြီး ကျန်ပြည်နယ်တွေမှာတော့ လွှတ်တော်တစ်ရပ်စီပဲ ရှိနေတာ ဖြစ်ပါတယ်။ လွှတ်တော်တစ်ရပ်ပဲ ရှိတဲ့ ပြည်နယ်မှာ လွှတ်တော်ကို ဥပဒေပြုညီလာခံ လို့ခေါ်ပြီး လွှတ်တော်နှစ်ရပ် ရှိတဲ့ ပြည်နယ်တွေမှာတော့ ကျန်တစ်ခုကို ဥပဒေပြု ကောင်စီလို့ ခေါ်ကြပါတယ်။ ဒါပေမယ့် အဲသည် ဥပဒေပြုကောင်စီတွေ ဖွဲ့စည်းခွင့် ဖျက်သိမ်းခွင့်တွေကို ပါလီမန်က ဥပဒေပြဌာန်း ဆောင်ရွက်နိုင်ပါတယ်။ သဘောကတော့ ပြည်နယ်တစ်ခုမှာ ဥပဒေပြုကောင်စီ မရှိသေးလို့ လိုအပ်မယ်ထင်ရင် ပါလီမန်က ဥပဒေပြဌာန်း ဖွဲ့စည်းပေးနိုင်ပြီး ရှိနေပြီးသား ဥပဒေပြုကောင်စီတွေကိုလည်း မလိုဘူးထင်ရင် ဖျက်သိမ်းပယ်ဖျက်ခွင့် ပါလီမန်မှာ ရှိနေတဲ့ သဘော ဖြစ်ပါတယ်။
ပထမဆုံး ပြည်နယ်တိုင်းမှာ ရှိနေတဲ့ ဥပဒေပြုညီလာခံတွေအကြောင်း စပြောပါ့မယ်။ အခြေခံဥပဒေ ပုဒ်မ ၃၃၃ အရ ဥပဒေပြု ညီလာခံမှာ မဲဆန္ဒနယ်အလိုက် တိုက်ရိုက်ရွေးကောက်တင်မြှောက်ထားတဲ့ အမတ်ဦးရေ အနည်းဆုံး ၆၀ ကနေ အများဆုံး ၅၀၀ ရှိရပါမယ်။ ဒီထက်တော့ ပိုလို့ မရပါဘူး။ လူဦးရေနဲ့ အမတ်ဦးရေကို အခါအားလျော်စွာ ပြန်လည် သတ်မှတ်ရမယ် ဆိုပေမယ့် ၂၀၀၀ ပြည်နှစ်နောက်ပိုင်း ပထဆုံး ထုတ်ပြန်တဲ့ သန်းခေါင်စာရင်းအရ သတ်မှတ်ထားတဲ့ အမတ်ဦးရေကို ထပ်ပြင်ဖို့ မလိုတော့ဘူးလို့လဲ ပြဌာန်းထားပါသေးတယ်။
ပြည်နယ်အချို့မှာပဲ ရှိတဲ့ ဥပဒေပြုကောင်စီ ဖွဲ့စည်းပုံကတော့ ဥပဒေပြုညီလာခံနဲ့ မတူပါဘူး။ သူကတော့ မဲဆန္ဒနယ်တွေက ရွေးကောင်တင်မြှောက်ရတာ မဟုတ်ဘဲနဲ့ သက်ဆိုင်ရာ အသိုင်းအဝိုင်းတွေက ရွေးချယ်တင်မြှောက်တာ ဖြစ်ပါတယ်။ အမတ်ဦးရေကလည်း သက်ဆိုင်ရာ ပြည်နယ်ဥပဒေပြုညီလာခံ အမတ်ဦးရေရဲ့ သုံးပုံတစ်ပုံထက် မပိုရဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အမတ် ဦးရေ ၄၀ ထက်လည်း မနည်းရဘူးလို့ ဆိုပြန်ပါတယ်။ အဲသည် သတ်မှတ်ထားတဲ့ အမတ်ဦးရေရဲ့ သုံးပုံတစ်ပုံကို သက်ဆိုင်ရာ မြို့နယ် ခရိုင် စည်ပင်သာယာရေးအဖွဲ့တွေ အုပ်ချုပ်ရေးအဖွဲ့တွေ အာဏာပိုင်အဖွဲ့အစည်းတွေကနေ ရွေးကောက် တင်မြှောက်ပေးရပါတယ်။ အမတ်ဦးရေရဲ့ ဆယ့်နှစ်ပုံတစ်ပုံကိုတော့ ဘွဲ့ရသက်တမ်း အနည်းဆုံး သုံးနှစ်ရှိနေတဲ့သူတွေ ဥပဒေအရ သတ်မှတ် အရည်အချင်း ပြည့်မီသူတွေကနေ ရွေးကောက်တင်မြှောက်ပေးရပါသတဲ့။ အမတ်ဦးရေရဲ့ ဆယ့်နှစ်ပုံ တစ်ပုံကို အလယ်တန်းအဆင့်ကနေအထက် ပညာသင်ကြားပေးနေတဲ့ ဆရာဆရာမတွေကနေ ရွေးကောက် တင်မြှောက်ပေးရပါတယ်တဲ့။ နောက်ထပ် သုံးပုံတစ်ပုံကို ပြည်နယ်ဥပဒေပြုညီလာခံကနေ ရွေးကောက်တင်မြှောက်ပေးရပါမယ်တဲ့။ ကျန်တဲ့ အမတ်တွေ အားလုံးကို ပြည်နယ်အုပ်ချုပ်ရေးမှူးက တိုက်ရိုက်ခန့်အပ်ရပါတယ်။ အဲသည်လို တိုက်ရိုက်အမည်စာရင်း တင်သွင်းခံရတဲ့ အမတ်များဟာ စာပေပညာ၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာ စတဲ့ ပညာရပ်များနဲ့ ပတ်သက်တဲ့ ပညာရှင်များ ဖြစ်ရပါမယ်တဲ့။ တော်တော် ခေါင်းစားမယ့် အမတ်ရွေးစနစ်ပါဗျာ။
ပြည်နယ်လွှတ်တော်တွေရဲ့ သက်တမ်းက စတင်ကျင်းပတဲ့ အချိန်ကစလို့ ငါးနှစ်သက်တမ်း ရှိတာ၊ အရေးပေါ်ကာလတွေမှာ တစ်နှစ်တစ်ကြိမ် သက်တမ်းတိုးလို့ ရတာ၊ အရေးပေါ်ကာလ ကုန်ဆုံးသွားရင် ခြောက်လထက် ပိုနေလို့ မရတာ စတာတွေကတော့ ပြည်ထောင်စုအဆင့် ပါလီမန်လွှတ်တော်နဲ့ အတူတူပါပဲ။ တို့မြန်မာပြည်နဲ့ မတူတဲ့အချက်က မြန်မာပြည်မှာ လွှတ်တော်တွေ အားလုံးရဲ့ သက်တမ်းကို ပြည်သူ့လွှတ်တော်ရဲ့ သက်တမ်းနဲ့ တန်းညှိထားတာဖြစ်ပြီး သူတို့ ဆီမှာတော့ လွှတ်တော်တစ်ခုချင်းစီက သက်တမ်းကို သီးခြားစီ ရေတွက်ကြတာ ဖြစ်ပါတယ်။ ပြီးတော့ သူတို့ဆီက ပြည်နယ်လွှတ်တော်တွေမှာ ပြည်နယ် အုပ်ချုပ်ရေးမှူးကို ထည့်သွင်း ဖွဲ့စည်းထားတာကလည်း တို့ဆီကနဲ့ မတူတဲ့အချက်ဖြစ်ပါတယ်။
ပြည်နယ် ဥပဒေပြုညီလာခံ အမတ်ဖြစ်ဖို့က အသက် ၂၅ နှစ် ပြည့်ဖို့ လိုပြီး ပြည်နယ်ဥပဒေပြုကောင်စီ အမတ်ဖြစ်ဖို့က အသက် ၃၀ ပြည့်ဖို့ လိုပါတယ်။ ကျန်တဲ့အရည်အချင်းတွေကတော့ ပါလီမန်အမတ်တွေရဲ့ အရည်အချင်းနဲ့ အတူတူပဲမို့လို့ ထပ်ပြီး မတင်ပြလိုတော့ပါဘူး။
လွှတ်တော်တွေကို ပြည်နယ် အုပ်ချုပ်ရေးမှူးက ခေါ်ယူကျင်းပစေနိုင်တာ၊ အချိန်ရွှေ့ဆိုင်းစေနိုင်တာ။ ပြည်နယ် ဥပဒေပြုညီလာခံကို ဖျက်သိမ်းနိုင်ခွင့်ရှိတာ စတာတွေကတော့ ပါလီမန်လွှတ်တော်နဲ့ သဘောသဘာဝ အတူတူပါပဲ၊ နောက်ပြီးတော့ ပြည်နယ် အုပ်ချုပ်ရေးမှူးက လွှတ်တော်ကို မိန့်ခွန်းပြောခွင့်ရှိတာ သဝဏ်လွှာပို့ခွင့်ရှိတာ၊ ပြည်နယ် ဝန်ကြီးတွေနဲ့ ပြည်နယ် စာရင်းစစ်ချုပ်တို့က လွှတ်တော် ဥပဒေပြုလုပ်ငန်းစဉ်တွေမှာ ဝင်ရောက်ဆွေးနွေးပြောဆိုခွင့် ရှိတာတွေကလည်း ပါလီမန်လွှတ်တော်နဲ့ အတူတူပါပဲ။
ပြည်နယ်လွှတ်တော်တွေမှာ လွှတ်တော်ဥက္ကဌနဲ့ ဒုတိယ ဥက္ကဌကို လွှတ်တော်ကပဲ ရွေးကောင်တင်မြှောက်ခန့်ထားပါတယ်။ ဒါ့အပြင် လွှတ်တော် အုပ်ချုပ်မှု လုပ်ငန်းစဉ်တွေအတွက် လွှတ်တော် အတွင်းရေးမှူးတစ်ယောက်ကိုလည်း ခန့်အပ်ရပါသေးတယ်။
No comments:
Post a Comment