နာမည်ပေးတာ တော်တယ်လို့တော့ မချီးကျူးကြနဲ့နော်။ ကြာသပတေးနေ့တိုင်း ခင်းတဲ့ ဈေးမို့လို့ ကြာသပတေးဈေးလို့ နာမည်ပေးလိုက်တာပါ။ ဗိုလ်ကောင်းတို့ နေတဲ့ မြို့အဝင် လမ်းရဲ့ ညာဘက်မှာ ဘုရားပွဲတွေလုပ်တဲ့ ကွင်းကျယ်ကြီးလို ကွင်းတစ်ကွင်းရှိတယ်။ မြို့ကို ဘယ်ဘက်က ဝင်တာလဲလို့ မမေးနဲ့နော်။ မြို့ကို ဝင်တဲ့လမ်းက တစ်လမ်းတည်းရှိတယ်။ အဲသည်လမ်းကလည်း မြို့ကိုရောက်တော့ ဆုံးသွားရော။ လမ်းဆုံးမြို့လေး ဆိုပါတော့။ ခုနပြောတဲ့ ကွင်းကြီးကလည်း နောက်ခံကျောက်တောင်ကြီးနဲ့ ဘောလုံးကွင်း သုံးကွင်းစာလောက်များ ကျယ်မလားမသိဘူး။ တော်တော်တော့ ကျယ်တယ်ဗျ။ အဲသည်ကွင်းထဲမှာ ကြာသပတေးနေ့ ညနေတိုင်း ဈေးခင်းတယ်။ ဈေးဆိုတာတော့ ဗိုလ်ကောင်းတို့ ငယ်ငယ်က နေတဲ့ ရွာက ဈေးလိုပါပဲ။ ဆိုင်ခန်းတွေဘာတွေ အတည်တကျရယ်လို့ မရှိဘဲ ဒီလိုပဲ ကွင်းထဲမှာ တစ်ချို့ကလည်း တဲလေးထိုးလို့ တစ်ချို့ကလည်း အခင်းလေးတွေခင်းလို့ ချရောင်းကြတာ။ အမယ်ကလည်း စုံမှစုံ။ ဈေးကလည်း ချိုတယ်လို့ ပြောလို့ရတယ်။ မြို့ထဲနဲ့စာရင် ပြောပါတယ်။ အဲသည်မှာ ဟင်းသီးဟင်းရွက် သားငါး ကြက်ဥ ဆန် ဆီ ဆား ဟင်းချက်စရာ အမယ်စုံ ဖရဲသီး သင်္ဘောသီးလို အသီးတွေ အာလူး ကြက်သွန် ငရုတ်သီး စတာတွေအပြင် ပန်းကန်ခွက်ယောက် တိုလီမိုလီ ပစ္စည်းလေးတွေ မုန့်ချိုလေးတွေ တော်တော်များ ရသဗျ။ ဈေးသည်တွေကလည်း ဗိုလ်ကောင်းတို့ ရွာက ဈေးသည်တွေလိုပဲ အော်ဟစ်ရောင်းချကြတာ။ အမယ် အာလူးအာလူး အော်သံကြားလို့ လှည့်ကြည့်လိုက်တော့ အာလူးတွေဗျ။ အော် သူတို့လည်း အာလူးကို အာလူးလို့ ခေါ်တာပါလားဆိုပြီး ဘာရယ်မဟုတ်ဘူး ပျော်သွားမိတယ်။ ငါးကျတော့လည်း ငါးတဲ့။ နမူာနာတဲ့ စမူဆာတဲ့ ချာပါတီတဲ့။ တူတာလေးတွေ ပြောပါတယ်။
နောက်တစ်ခု ကောင်းတာက သူတို့ ကြွပ်ကြွပ်အိတ် မသုံးကြဘူးဗျ။ လုံးလုံးကြီး မသုံးတာ မဟုတ်ပေမယ့် ရှားတောင့်ရှားခဲ သုံးကြတာဗျ။ အဲသည်တော့ ဈေးသွားရင် မြွေရေခွံ လက်ဆွဲအိတ်လေးတွေ ဆောင်သွားရတယ်။ ရောင်းတာကတော့ ကီလိုနဲ့ ရောင်းတာ များပါတယ်။ ချိန်တွယ်ပြီးရင် အိတ်နဲ့ ထည့်ပေးတာ မဟုတ်ဘဲ ကိုယ်ယူလာတဲ့ အိတ်ထဲကို သွန်ထည့်ပေးလိုက်တာဗျ။ သားငါးနဲ့ ကြက်ဥလောက်ပဲ အိတ်ပေးတာ။ ဒါတောင် ကြက်ဥကို စက္ကူအိတ်နဲ့ ထည့်ပေးလို့ တစ်ခါတစ်ခါ သယ်ရင်းပြုရင်းနဲ့ ကွဲသေးတာ။ အော် ငါတို့ဆီမှာ ကြွပ်ကြွပ်အိတ် မသုံးရဘာရ ဆိုပေမယ့် မေ့လောက်ရှိ ပြန်ပြန်ပေါ်လာသေးတာ။ သူတို့တော့ ဘယ်သူ့အမိန့်နဲ့များ မသုံးဘဲ နေကြတာပါလိမ့်လို့ အောက်မေ့မိပါတယ်။ ဈေးဝယ်ရင် ခက်တာက သူတို့တော်တော်များက အင်္ဂလိပ်လို မတတ်ကြဘူးဗျ။ တစ်ခါတစ်လေ တစ်ယောက်နဲ့ တစ်ယောက် စကားမပေါက်တာနဲ့ပဲ ဗိုလ်ကောင်းတို့လည်း မဝယ်ရ။ သူတို့လည်း မရောင်းရ ဖြစ်ရတယ်။ ဘယ်လောက်လဲမေးလို့ သူတို့ပြောတာက ကိုယ်နားမလည်ရင် ပိုက်ဆံထုတ်ပြရတယ်။ ဒီလောက်လား ဒီလောက်လားပေါ့။ အဲဒီလို ကျတော့လည်း အဆင်ပြေပြန်ရောဗျို့။ ဈေးဆစ်ရင်လည်း ပိုက်ဆံပြဆစ်လို့ရသဗျ။ တစ်ခါတစ်လေကျရင် ဆရာသမားက ဈေးလျှော့မပေးနိုင်တဲ့အကြောင်းကို အကျိုးနဲ့ အကြောင်းနဲ့ ရှည်ရှည်ဝေးဝေး ရှင်းပြချင် ရှင်းပြနေသေးတာ။ စကားက မပေါက်ရတဲ့ကြားထဲ သူပြောတာလည်း နားမလည်ပေမယ့် ခေါင်းတညိတ်ညိတ်နဲ့ အိုကေ အိုကေ ဆိုပြီး နားထောင်နေရသေးတာ။ တစ်ခါတစ်လေကျရင်လည်း ဘယ်နည်းနဲ့မှ အဆင်မပြေဘူး။ ကိုယ်ကလည်း သိပ်ဝယ်ချင်နေတယ်ဆို ဘေးဘီကို မျက်လုံးကစားရတော့တာ။ အသိတစ်ယောက်လောက် တွေ့လို့ကတော့ သိကြားမင်းနဲ့ တွေ့သလိုပဲ။ စကားရောဖောရောနဲ့ သူ့ကို ခေါ်ပြီး စကားပြန်လုပ်ခိုင်းရတာလည်း ရှိတယ်။ အရူးကွက် နင်းရတာပေါ့ဗျာ။ တော်ပါပြီ ကြာသပတေးဈေးအကြောင်းကတော့ အဲသည်လောက်ပါပဲ။ ဖတ်တဲ့အတွက် ကျေးဇူးပဲဗျို့။(27-4-2013)
No comments:
Post a Comment