Friday, 26 April 2013

အိန္ဒိယနိုင်ငံသားများ၏ မူလအခွင့်အရေးများ (လွတ်လပ်စွာကိုးကွယ်ခွင့်)

 
    သူတို့အခြေခံဥပဒေ ပုဒ်မ ၂၅ က လွတ်လပ်စွာ ကိုးကွယ်ခွင့်နဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေကို ဖော်ပြထားတာပဲ ဖြစ်ပါတယ်။ သူတို့ပုဒ်မ ၂၅(ခ) က တို့အခြေခံဥပဒေ ပုဒ်မ ၃၄ နဲ့ ထပ်တူထပ်မျှနီးပါး တူညီနေပါတယ်။ ငြိမ်ဝပ်ပိပြားနေရေးနှင့် သော်လည်းကောင်း ပြည်သူ့ကိုယ်ကျင့်တရားနှင့် သော်လည်းကောင်း ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခြားပြဌာန်းချက်တို့နှင့် သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာ သာသနာရေးတွင် လွတ်လပ်စွာ ယူဆနိုင်သော အခွင့်အရေး လွတ်လပ်စွာ ကိုးကွယ်ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှ ရရှိစေရမည် လို့ ပြဌာန်းထားပါတယ်။ သူတို့အခြေခံဥပဒေမှာ ဆက်ပြီး ဖော်ပြထားတာက အဲသလို ဘာသာရေးနဲ့ ပတ်သက်ပြီး လွတ်လပ်ခွင့် ပေးထားပေမယ့် ဘာသာရေးကိစ္စရပ်များနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ဥပဒေတွေ ကန့်သတ်ချက်တွေ ထုတ်ပြန်တာကို အဟန့်အတား မဖြစ်စေရပါဘူးတဲ့။ ပြီးတော့လည်း ဟိန္ဒူဘာသာရေးဆိုင်ရာ လူမှုဖူလုံရေးကိစ္စရပ်တွေကို အထောက်အပံ့ပြုတာ နဲ့ ဟိန္ဒူဘာသာရေးဆိုင်ရာ ကိစ္စရပ်တွေကို အဟန့်အတား မဖြစ်စေရဘူးလို့ ဆိုပါတယ်။ ( သူတို့ဆီမှာ ဟိန္ဒူဘာသာဝင်က အများဆုံး ဖြစ်ပါတယ်) ရှင်းလင်းချက်အနေနဲ့ ဆစ်ခ် ဘာသာဝင်တွေ ဓားကိုင်ဆောင်တာကို ဘာသာရေး လက္ခဏာတစ်ရပ်အနေနဲ့ လက်ခံပေးတယ်လို့ ဆိုပါတယ်။
    တို့အခြေခံဥပဒေ ပုဒ်မ ၃၄ မှာ အထက်ဖော်ပြပါ ပြဌာန်းချက်များရဲ့ နောက်ဆက်တွဲအဖြစ် ပုဒ်မ ၃၆၀ မှာလည်း ဒီလို ဆက်လက် ပြဌာန်းထားပါတယ်။ ဘာသာသာသနာရေးဆိုင်ရာ ကိုးကွယ် ဆောက်တည်မှုသည် စီးပွားရေး ဘဏ္ဍာရေး နိုင်ငံရေး အခြားလောကီရေးရာ ဆောင်ရွက်မှု တစ်ခုခုနှင့် ဆက်စပ်နေပါက ပုဒ်မ ၃၄ ပါ ဘာသာ သာသနာရေးဆိုင်ရာ လွတ်လပ်ခွင့်များတွင် မပါဝင်စေရပါတဲ့။ ဒါ့အပြင် ထိုသို့ ဘာသာရေးနှင့် စပ်လျဉ်း၍ လွတ်လပ်သော အခွင့်အရေးများကို ပေးထားသော်လည်း အများပြည်သူ အကျိုးကိစ္စနှင့် ပြုပြင်ရေး ကိစ္စတို့အတွက် နိုင်ငံတော်၏ ဥပဒေပြုခြင်းကို မတားမြစ်ရ လို့ ဖော်ပြထားပါတယ်။ ပြောရမယ်ဆိုရင်တော့ ပေးထားတဲ့ အခွင့်အရေးတွေဟာ တို့ဆီမှာနဲ့ သူတို့ဆီမှာ ထပ်တူထပ်မျှပဲ ဆိုတာပါပဲ။
    ပုဒ်မ ၂၆ ကတော့ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ဘာသာရေးဆိုင်ရာ ကိစ္စရပ်တွေကို လွတ်လပ်စွာ စီမံဆောင်ရွက်ခွင့် ရွှေ့ပြောင်းနိုင်တဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေ ပိုင်ဆိုင်ခွင့် စတာတွေကို ပြဌာန်းပေးထားတာ ဖြစ်ပါတယ်။ ပုဒ်မ ၂၇ က ဘာသာရေးဆိုင်ရာ ကိစ္စရပ်များနဲ့ ပတ်သက်ပြီး အခွန်ကင်းလွတ်ခွင့် ပေးထားတာပဲ ဖြစ်ပါတယ်။ ပုဒ်မ ၂၈ ကတော့ အစိုးရအထောက်အပံ့နဲ့ တည်ထောင်ထားတဲ့ ပညာရေးဆိုင်ရာ ကျောင်းဌာနတွေမှာ တက်ရောက်တဲ့သူတွေကို သူတို့ သဘောဆန္ဒမပါဘဲ ဘာသာရေးဆိုင်ရာ ဝတ်ပြုကိုးကွယ်မှုတွေ တွန်းအားပေး လုပ်ဆောင်စေတာကို တားဆီးထားတဲ့ ပုဒ်မ ဖြစ်ပါတယ်။
    သူတို့ အခြေခံဥပဒေက ဘာသာရေးဆိုင်ရာ ပြဌာန်းချက်များကတော့ အထက်မှာ တင်ပြခဲ့တဲ့အတိုင်းပါပဲ။ တို့ အခြေခံဥပဒေမှာတော့ နောက်ထပ် ပုဒ်မ လေးခုကျန်သေးတာကို ဆက်လက် တင်ပြလိုပါတယ်။ ပုဒ်မ ၃၆၁ မှာ နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူး ဝိသေသနှင့် ပြည့်စုံသည့် ဘာသာသာသနာ ဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည် လို့ ဖော်ပြထားပါတယ်။ ပုဒ်မ ၃၆၂ မှာ နိုင်ငံတော်သည် ခရစ်ယာန် ဘာသာသာသနာ အစ္စလာမ်ဘာသာ သာသနာ ဟိန္ဒူဘာသာသာသနာ နှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ်ပြုသည်လို့ ပြဌာန်းထားပြီး ပုဒ်မ ၃၆၃ မှာ နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှာက်မည်လို့ ပြဌာန်းထားပါတယ်။ ပုဒ်မ ၃၆၄ မှာ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစား မပြုရ။ ထို့ပြင် လူမျိုးရေးကြောင့် သော်လည်းကောင်း ဘာသာရေးကြောင့် သော်လည်းကောင်း တစ်ဖက်နှင့်တစ်ဖက် တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း မုန်းတီးခြင်း ရန်မူခြင်း စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဌာန်းနိုင်သည် လို့ ဖော်ပြထားပါတယ်။

No comments:

Post a Comment