Friday 12 April 2013

အိန္ဒိယနိုင်ငံ အခြေခံ ဥပဒေ မိတ်ဆက်


         ယဉ်ကျေးမှုတွေ အမျိုးမျိုး၊ ဇာတ်နိမ့်ဇာတ်မြင့်တွေ ဓလေ့ထုံးစံအကွဲကွဲ အပြားပြားတွေနဲ့ ရှုပ်ထွေးလှတဲ့ အိန္ဒိယနိုင်ငံကြီးမှာ ဒီမိုကရေစီစနစ်ကို ဘယ်လိုများ ကျင့်သုံးနေသလဲဆိုတာ စိတ်ဝင်စားလို့ သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေ့လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ အခြေခံ ဥပဒေဟာ ကမ္ဘာပေါ်က အချုပ်အခြာအာဏာပိုင် နိုင်ငံများ ကျင့်သုံးနေတဲ့ စာနဲ့ ရေးထားတဲ့ အခြေခံ ဥပဒေတွေအထဲမှာ အရှည်လျားဆုံး လို့ဆိုပါတယ်။ အဲသည်မှာ ပုဒ်မပေါင်း ၄၄၈ ခု၊ အပိုင်းပေါင်း ၂၂ ပိုင်း၊ ဇယားပေါင်း ၁၂ ခု ပါရှိပြီး ယနေ့အထိ ပြင်ဆင်ချက်ပေါင်း ၁၁၈ ခု ပြုလုပ်ပြီး ဖြစ်ပါတယ်။ ရေးသားတုန်းက အင်္ဂလိပ်လို ရေးသားခဲ့ပေမယ့် ဟင်ဒီဘာသာနဲ့ တရားဝင် ဘာသာပြန်ချက်လည်း ရှိနေပါတယ်။ အခြေခံဥပဒေရေးသားပြုစုရေး ကော်မတီ ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဥပဒေပညာရှင် ဒေါက်တာ ဘီအာ အမ်ဘက်ခါ ကို အခြေခံဥပဒေရဲ့ ဖခင်ကြီးအဖြစ် အသိအမှတ်ပြုထားကြပါတယ်။                        အခြေခံဥပဒေကို ရေးဆွဲရေးညီလာခံက ၁၉၄၉ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ အတည်ပြုခဲ့ပြီး ၁၉၅၀ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ စတင် အာဏာတည်ခဲ့ပါတယ်။ အဲသည်နေ့ကစပြီး  အိန္ဒိယနိုင်ငံဟာ ကိုယ်ပိုင်အခြေခံ ဥပဒေရှိတဲ့ အချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ်ကို ရောက်ရှိခဲ့တာဖြစ်ပြီး နှစ်စဉ် ဇန်နဝါရီလ ၂၆ ရက်နေ့ကို သမ္မတနိုင်ငံတော်နေ့အဖြစ် တခမ်းတနား ကျင်းပကြပါတယ်။
    နောက်ခံသမိုင်းကြောင်းကို ပြောရမယ်ဆိုရင် အိန္ဒိယနိုင်ငံဟာ ဗြိတိသျှတို့ လက်အောက်မှာ ၁၇၅၇ ကနေ ၁၉၄၇ အထိ နှစ်ပေါင်း နှစ်ရာနီးပါး နေခဲ့ရတာပါ။ လွတ်လပ်ရေးကို ကြိုးပမ်းကြရင်းနဲ့ ၁၉၄၇ သြဂုတ်လ ၁၅ ရက်နေ့မှာ ဒိုမီနီယံအဆင့် လွတ်လပ်ရေးကို ပါကစ္စတန်နဲ့အတူ ရခဲ့ပြီး ကိုယ်ပိုင် အခြေခံဥပဒေကို စတင်ရေးဆွဲတာမှာ ၁၉၅၀ ဇန်နဝါရီလ ၂၆ ရက်နေ့ကျမှ အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံအဖြစ်ကို ရောက်ခဲ့တာ ဖြစ်ပါတယ်။ စတင်အာဏာတည်တဲ့အချိန်တုန်းက အခြေခံဥပဒေမှာ ပုဒ်မပေါင်း ၃၉၅ ခု၊ အပိုင်းပေါင်း ၂၂ ပိုင်း နဲ့ ဇယား ၈ ခု ပါဝင်ခဲ့ပါတယ်။ စကားလုံးပေါင်း ရှစ်သောင်းနီးပါး ပါဝင်တဲ့ အခြေခံဥပဒေကို ၂ နှစ် ဆယ့်တစ်လနဲ့ ၁၈ ရက်ကြာအောင် ရေးဆွဲခဲ့ရပါတယ်။ အခြေခံ ဥပဒေဟာ ဖယ်ဒရယ်စနစ်ပုံစံ သဘောဆောင်ပေမယ့် တစ်ပြည်ထောင်စနစ်ဘက်ကို အကဲသာတယ်လို့ ပြောစမှတ်ရှိပါတယ်။
အခြေခံ ဥပဒေမှာ အပိုင်းပေါင်း ၂၂ ပိုင်းပါဝင်ပါတယ်။ အဲဒါတွေကတော့
နိဒါန်း
အပိုင်း ၁    ပြည်ထောင်စုနှင့် နယ်မြေအပိုင်းအခြား
အပိုင်း ၂    နိုင်ငံသားဖြစ်ခြင်း
အပိုင်း ၃    မူလအခွင့်အရေး
အပိုင်း ၄    နိုင်ငံတော် အခြေခံမူများ
အပိုင်း ၄က    မူလတာဝန်များ
အပိုင်း ၅    ပြည်ထောင်စု
အပိုင်း ၆    ပြည်နယ်များ
အပိုင်း ၇    ပယ်ဖျက်ပြီးဖြစ်သည်
အပိုင်း ၈    ပြည်ထောင်စု၏ နယ်နိမိတ်
အပိုင်း ၉    ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေး
အပိုင်း ၉က    မြို့ပြအုပ်ချုပ်ရေး
အပိုင်း ၉ခ    ပူးပေါင်းလူမှုအဖွဲ့အစည်းများ
အပိုင်း ၁၀     မျိုးနွယ်စုဒေသများ
အပိုင်း ၁၁    ပြည်ထောင်စုနှင့် ပြည်နယ်များဆက်သွယ်ရေး
အပိုင်း ၁၂    ဘဏ္ဍာရေး၊ ပိုင်ဆိုင်မှု၊ စာချုပ်များ
အပိုင်း ၁၃    ပြည်တွင်း ကူးသန်းရောင်းဝယ်ရေး
အပိုင်း ၁၄    ပြည်ထောင်စုနှင့် ပြည်နယ်များတွင် ဝန်ထမ်းများ ခန့်ထားရေး
အပိုင်း ၁၄က    တရားစီရင်ရေး
အပိုင်း ၁၅    ရွေးကောက်ပွဲများ
အပိုင်း ၁၆    သီးခြားလူတန်းစားများအတွက် အထူးပြဌာန်းချက်များ
အပိုင်း ၁၇    ဘာသာစကားများ
အပိုင်း ၁၈    အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များ
အပိုင်း ၁၉    အထွေထွေပြဌာန်းချက်များ
အပိုင်း ၂၀    အခြေခံဥပဒေပြင်ဆင်ခြင်း
အပိုင်း ၂၁    ကူးပြောင်းရေးကာလဆိုင်ရာ ပြဌာန်းချက်များ
အပိုင်း ၂၂    အမည်၊ အာဏာတည်ခြင်း၊ တရားဝင်ဟင်ဒီစာမူ နှင့် ပယ်ဖျက်ခြင်း
ပါဝင်တဲ့ ဇယားတွေကတော့
ဇယား ၁    ပြည်နယ်များ နှင့် နယ်နိမိတ်များ
ဇယား ၂    အစိုးရအရာရှိများ၏ လစာများ
ဇယား ၃    ကတိသစ္စာပြုချက်များ နှင့် ကျမ်းသစ္စာကျိန်ဆိုချက်များ
ဇယား ၄    အထက်လွှတ်တော် အမတ်နေရာသတ်မှတ်ချက်များ
ဇယား ၅    တိုင်းရင်းသားမျိုးနွယ်စုနယ်မြေဆိုင်ရာ စီမံခန့်ခွဲခြင်း
ဇယား ၆    အာသံ၊ မဟလယ၊ တရိပူရ နှင့် မီဇိုရမ်ပြည်နယ်တို့ရှိ တိုင်းရင်းသားများကို စီမံခန့်ခွဲခြင်း
ဇယား ၇    ပြည်ထောင်စု နှင့် ပြည်နယ်ဥပဒေပြုစာရင်း
ဇယား ၈    ရုံးသုံးဘာသာစကား
ဇယား ၉    မူလအခွင့်အရေးကို ထိပါးသည်ဟု အငြင်းပွားဖွယ်ရာ ဥပဒေများ စာရင်း
ဇယား ၁၀    လွှတ်တော်အမတ်များ ပါတီကူးပြောင်းမှုကာကွယ်ခြင်းဆိုင်ရာ ပြဌာန်းချက်များ
ဇယား ၁၁    ကျေးလက်အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ
ဇယား ၁၂ မြို့ပြအုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ
    အိန္ဒိယနိုင်ငံ အခြေခံ ဥပဒေဟာ ဖယ်ဒရယ်စနစ်ပုံစံ ရေးဆွဲထားတာကို ပြည်ထောင်စု ဥပဒေပြုစာရင်း၊ ပြည်နယ်ဥပဒေပြုစာရင်းများ ခွဲခြားထားမှုမှာ တွေ့နိုင်ပါတယ်။ ပြည်ထောင်စုရော ပြည်နယ်များပါ ဥပဒေပြုနိုင်တဲ့ ဇယားတစ်ခုလည်း ပါဝင်ပြီး ဒီဇယားသုံးခုစလုံးမှာ မပါဝင်တဲ့ ကိစ္စများ ဥပဒေပြုခွင့်ကိုတော့ ပြည်ထောင်စုကို အပ်နှင်းထားပါတယ်။ အခြေခံဥပဒေအရ ပါလီမန်ဒီမိုကရေစီ စနစ်ကို ကျင့်သုံးပါတယ်။ သမ္မတကို ပြည်သူက တိုက်ရိုက်ရွေးကောက် တင်မြှောက်တာ မဟုတ်ဘဲ ပြည်ထောင်စုနဲ့ ပြည်နယ်လွှတ်တော်များက ရွေးကောက်တင်မြှောက်တာ ဖြစ်ပါတယ်။ သမ္မတဟာ နိုင်ငံ့အကြီးအကဲ ဖြစ်ပြီး အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးကိစ္စများမှာ သမ္မတအမည်နဲ့ ဆောင်ရွက်ရတာဖြစ်ပေမယ့် တကယ့်တကယ်ကျတော့ သမ္မတက နာမည်ခံပဲ ရှိတာပါ။ ဝန်ကြီးချုပ်ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ အကြံပြုချက်အတိုင်းသာ သမ္မတက ဆောင်ရွက်ခွင့် ရှိပါတယ်။
    ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့တို့ဟာ ပြည်သူက တိုက်ရိုက်ရွေးကောက်တင်မြှောက်ထားတဲ့ အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အောက်လွှတ်တော်ရဲ့ ထောက်ခံချက်နဲ့ အုပ်ချုပ်ရေးကိစ္စရပ်များကို စီမံခန့်ခွဲပါတယ်။ ဝန်ကြီးတွေက လွှတ်တော်နှစ်ရပ်လုံးကို တာဝန်ခံရပါတယ်။ ပြီးရင်လည်း ဝန်ကြီးတွေက လွှတ်တော်နှစ်ရပ်ရဲ့ အမတ်တွေ ဖြစ်ရပါတယ်။ ဒါကြောင့် လွှတ်တော်က အုပ်ချုပ်ရေးကို လွှမ်းမိုးထားတယ်လို့ ဆိုနိုင်ပါတယ်။ ပြည်နယ်များမှာလည်း ထို့အတူပါပဲ။ ပြည်သူက တိုက်ရိုက်ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်နယ်လွှတ်တော်ဟာ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရတို့ကို ထိန်းချုပ်ထားပါတယ်။
    တရားစီရင်ရေးကတော့ အုပ်ချုပ်ရေးရော ဥပဒေပြုရေးရော နှစ်ခုလုံးရဲ့ လောင်းရိပ်က လွတ်ကင်းပါတယ်။ အခြေခံဥပဒေကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်တဲ့ အာဏာဟာ တရားစီရင်ရေးရဲ့ လက်ထဲမှာ ရှိပြီး ပြည်နယ်အချင်းချင်း ဖြစ်တဲ့ အငြင်းပွားမှု၊ ပြည်နယ်နဲ့ ပြည်ထောင်စုတို့ ဖြစ်တဲ့ အငြင်းပွားမှုတွေကိုလည်း ဆုံးဖြတ်ပေးရပါတယ်။ လွှတ်တော်တွေက ပြဌာန်းလိုက်တဲ့ ဥပဒေတွေကို သုံးသပ်နိုင်ပြီး အခြေခံဥပဒေကို ဖောက်ဖျက်တယ်ဆိုရင် အခြေခံဥပဒေနဲ့ ညီညွတ်မှု မရှိကြောင်း ကြေညာလို့ ရပါတယ်။ အခြေခံဥပဒေ ပြင်ဆင်နိုင်ခွင့်ကို ပြည်ထောင်စုလွှတ်တော်ကို အပ်နှင်းထားပြီး လွှတ်တော်နှစ်ရပ်လုံးက သုံးပုံနှစ်ပုံ ထောက်ခံချက်နဲ့ ပြင်ဆင်ခွင့်ရှိပါတယ်။ ဒါပေမယ့် ဖယ်ဒရယ်သဘောသဘာဝကို ထိပါးတဲ့ ပြင်ဆင်ချက်မျိုးဆိုရင်တော့ ပြည်နယ်လွှတ်တော် အများစုရဲ့ ထောက်ခံချက်လည်း လိုအပ်ပါသေးတယ်။ ၂၀၁၂ ခုနှစ် စက်တင်ဘာလအထိ အခြေခံဥပဒေပြင်ဆင်ချက်ပေါင်း ၁၁၈ ခု လွှတ်တော်ကို တင်သွင်းခဲ့ပြီး ၉၇ ခုသာလျှင် ပြင်ဆင်ချက် ဥပဒေများအဖြစ် ရောက်ရှိလာခဲ့ပါတယ်။ အကြမ်းဖျင်းအားဖြင့် တစ်နှစ်ကို နှစ်ကြိမ်လောက် ပြင်ဆင်ချက် တင်တဲ့သဘောပါပဲ။ တရားလွှတ်တော်ချုပ်ကတော့ ပြင်ဆင်ချက်တိုင်းကို ခွင့်မပြုခဲ့ပါဘူး။ ပြင်ဆင်ချက်တွေဟာ ပြည်ထောင်စုရဲ့ အခြေခံမူများကို လေးစားရမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်တုန်းက အခြေခံဥပဒေ သုံးသပ်ရေးအတွက် အမျိုးသားအဆင့် ကော်မရှင်တစ်ရပ် ဖွဲ့စည်း သုံးသပ်မှု ပြုခဲ့ပါသေးတယ်။
အခု ရေးသားချက်များဟာ ဗိုလ်ကောင်း ကိုယ့်ဘာသာ စိတ်ဝင်စားလို့ ဖတ်ရင်းနဲ့ နားလည်သလို ရေးသားထားတာဖြစ်ပါတယ်။ ဥပဒေပညာရှင်မဟုတ်တဲ့အတွက် အကောက်အယူ ချွတ်ချော်တိမ်းစောင်းတာတွေ ရှိနိုင်ပါတယ်။ ဆက်လက်ပြီးတော့လည်း အိန္ဒိယနိုင်ငံ အခြေခံ ဥပဒေထဲက စိတ်ဝင်စားဖွယ်ရာများကို ထပ်မံ ရေးသားတင်ပြသွားဖို့ ရှိပါသေးတယ်။

No comments:

Post a Comment