Saturday 27 April 2013

အများပြည်သူအတွက် တေးဂီတ ဖြေဖျော်ပွဲ


    ဗိုလ်ကောင်းတို့ နေတဲ့ မြို့လေးမှာ အိန္ဒိယတပ်မတော် စစ်တီးဝိုင်းအဖွဲ့ရဲ့ ဖြေဖျော်ပွဲ တစ်ခုရှိပါတယ်။ အပတ်စဉ် ဗုဒ္ဓဟူးနဲ့ စနေနေ့ ညနေ ငါးနာရီခွဲကနေ ခြောက်နာရီ ဆယ်မိနစ်ထိ မိနစ်လေးဆယ်ကြာ တီးမှုတ်ကြတာ ဖြစ်ပါတယ်။ တီးမှုတ်တာကတော့ စစ်တီးဝိုင်းရယ် ရှေ့က ဂီတမှူးတစ်ယောက်ရယ် တီးကြတာပါ။ အဆိုတော့ မပါပါဘူး။ နေရာက မြို့ထဲက ရေကန်လေး တစ်ခုဘေးက သစ်ပင်ရိပ်တွေ အောက်မှာ ဖြစ်ပါတယ်။ အင်မတန် သာယာလှပတဲ့ နေရာလေးပါ။ အဲသည်နေရာမှာ ဂီတတီးဝိုင်း စင်မြင့်လေးတစ်ခု လုပ်ထားပြီး ရှေ့မှာလည်း လာကြည့်တဲ့သူတွေ ထိုင်ဖို့ ထိုင်ခုံလေးတွေ ချထားပေးပါတယ်။ တီးမှုတ်တာကတော့ စစ်သီချင်းလည်း ပါသလို အခြား ဂီတသံစဉ်များကိုလည်း တီးမှုတ်ပါတယ်။ တကယ်လို့ ခင်ဗျား နားထောင်ချင်တဲ့ ခင်ဗျား သိပ်ကြိုက်တဲ့ သံစဉ်သီချင်းတွေ တီးမှုတ်ပေး စေချင်ရင် ဂီတမှူးကို တောင်းဆိုလို့ ရပါတယ်။ သူအဆင်ပြေရင် အဲ သူ့တီးဝိုင်း အဆင်ပြေရင် တီးပေးမှာပါ။


 သူတို့မှာလည်း တီးဝိုင်း ဘယ်နှဝိုင်းတောင် ရှိလဲ မသိပါဘူး။ တစ်ပတ်နဲ့ တစ်ပတ် လာဖြေဖျော်တဲ့ အဖွဲ့တွေက မတူပါဘူး။ တစ်ပတ်ကို တစ်ဖွဲ့ သဘောမျိုး အလှည့်ကျ လာတီးရတာ ထင်ပါရဲ့။ ဆောင်းရာသီလို နေ့တာတိုတဲ့ ကာလတွေမှာ ညနေ ငါးနာရီခွဲ ခြောက်နာရီဆိုတာ မှောင်နေပေမယ့် အခုလို ပွင့်လင်း ရာသီမျိုးကျတော့လည်း ညနေ ခြောက်နာရီ ဆိုတာတောင် အစောကြီး ရှိသေးတယ်ဗျ။ သူတို့ စစ်တီးဝိုင်းက နားထောင်တဲ့သူ ရှိရှိ မရှိရှိ အချိန်တန်ရင် တီးစရာရှိတာ တီးမှုတ်နေကြတာပါပဲ။ ဗိုလ်ကောင်းကတော့ တေးဂီတသံစဉ်လေးတွေ သဘောကျလို့ သွားသွားနားထောင်ဖြစ်ပါတယ်။ တစ်ခါတစ်လေကျတော့လည်း အားပေးတဲ့ လူတွေ အများကြီးမို့ ထိုင်ခုံတောင် မလောက်လို့ မတ်တပ်ရပ် ကြည့်ရတယ်။ တစ်ခါတစ်လေတော့လည်း ဗိုလ်ကောင်းအပါအဝင်မှ အားပေးတဲ့ ပရိတ်သတ်က တစ်ယောက်တည်းရယ်။ ဟဲ ဟဲ ကိုယ့်ကိုယ်ကို အထူးဧည့်သည်တော် သဘောထားပြီး တစ်ယောက်တည်း ထိုင်အားပေးရတာပေါ့ဗျာ။ စဉ်းစားကြည့် ပရိသတ်တစ်ယောက်တည်းအတွက် ဖျော်ဖြေပေးနေတာက တီးဝိုင်းကြီးတစ်ခုလုံး။ အဲသည်အခါတုန်းကဆိုရင် ထပြန်ချင်ပေမယ့် တီးနေတဲ့သူတွေကြည့်ပြီး အော် ငါပြန်သွားရင် တစ်ယောက်မှ ကျန်တော့မှာ မဟုတ်ဘူးလေဆိုပြီး အပြီးထိ တစ်ယောက်တည်း ထိုင်အားပေးခဲ့ရတယ်။



    ဗိုလ်ကောင်းတို့ မြန်မာပြည်မှာရော စစ်တီးဝိုင်းတွေ မရှိဘူးလားဆိုတော့ ရှိပါတယ်။ တစ်နှစ်တစ်နှစ် တပ်မတော်နေ့ နီးရင် စစ်တီးဝိုင်းပြိုင်ပွဲဆိုတာ မြဝတီက တိုက်ရိုက်လွှင့်ပေးလို့ အမြဲ ကြည့်ရတယ် မဟုတ်လား။ ဒါပေမယ့်နော် တီဗီကကြည့်တာ စီဒီဖွင့် နားထောင်တာနဲ့ တကယ်တီးတာမှုတ်တာကို သွားကြည့်ရတာ ခံစားရတာချင်းက မိုးနဲ့မြေဗျ။ ဗိုလ်ကောင်းတို့ မြန်မာပြည်မှာလည်း တပ်ရှိတဲ့ မြို့တွေမှာ အဲသည်လိုလေး အခါအားလျော်စွာ မြို့ထဲပြထဲမှာ တီးတာမှူတ်တာလေးတွေလုပ်ပြီး ပြည်သူတွေကို ဖျော်ဖြေရင် သိပ်ကောင်းမှာပဲလို့ တွေးမိပါတယ်။ ဂီတသမားတွေအတွက်လည်း အလေ့အကျင့်ဖြစ် ပြည်သူတွေလည်း နားထောင်ရ ပြီးတော့ အချင်းချင်း ချစ်ခင်ရင်းနှီးမှုလည်း ပိုရလို့ တွေးမိတာပါ။ ဗိုလ်ကောင်းသာ ကြီးလာလို့ မြို့မိမြို့ဖတွေဘာတွေ ဖြစ်ရင် အနီးဆုံးတပ်ကို အကူအညီတောင်းပြီး အဲသည်လို တေးဂီတဖျော်ဖြေပွဲလေးတွေ လုပ်ပေးမယ်လို့ စိတ်ကူးယဉ်မိပါတယ်။(27-4-2013)
 

No comments:

Post a Comment