Saturday, 13 April 2013

အိန္ဒိယနိုင်ငံပါလီမန်အကြောင်း တစေ့တစောင်း


    ကမ္ဘာပေါ်မှာ နိုင်ငံရေးစနစ် အမျိုးမျိုး ရှိတဲ့အနက် လွှတ်တော်တစ်ရပ်စနစ် ကျင့်သုံးတဲ့ နိုင်ငံတွေ ရှိသလို လွှတ်တော်နှစ်ရပ်စနစ် ကျင့်သုံးတဲ့ နိုင်ငံတွေ ရှိပါတယ်။ အိန္ဒိယနိုင်ငံကတော့ လွှတ်တော်နှစ်ရပ်စနစ် ကျင့်သုံးတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့်မှာ ပါလီမန်လွှတ်တော်ကို သမ္မတ၊ အထက်လွှတ်တော်၊ အောက်လွှတ်တော်တို့နဲ့ ဖွဲ့စည်းထားပါတယ်။ လွှတ်တော်မှာ နိုင်ငံတော် အုပ်ချုပ်ရေး အကြီးအကဲ သမ္မတကို ထည့်သွင်း ဖွဲ့စည်းထားတာကလည်း မှတ်သားစရာ တစ်ခု ဖြစ်ပါတယ်။ ပြည်နယ်တွေမှာလည်း သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်တွေ ရှိပြီး ထူးခြားတာက တစ်ချို့ပြည်နယ်က လွှတ်တော်တစ်ရပ်တည်း ရှိပြီး တစ်ချို့ပြည်နယ်တွေက လွှတ်တော်နှစ်ရပ် ရှိနေတာ ဖြစ်ပါတယ်။ တို့ မြန်မာပြည်မှာတော့ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတကို ထည့်သွင်း ဖွဲ့စည်းထားခြင်း မရှိဘဲ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာလည်း လွှတ်တော် တစ်ရပ်စီသာ ရှိပါတယ်။
    မြန်မာပြည်မှာ အမျိုးသားလွှတ်တော်လို့ ခေါ်တဲ့ အထက်လွှတ်တော်ကို သူတို့က ပြည်နယ်များ ကောင်စီလို့ ခေါ်ပါတယ်။ အထက်လွှတ်တော်မှာ သမ္မတက အမည်စာရင်းတင်သွင်းပြီး တိုက်ရိုက်ခန့်တဲ့ ပညာရှင် လွှတ်တော်အမတ် ၁၂ ဦး၊ ပြည်နယ်တွေ ပြည်ထောင်စုနယ်မြေတွေကနေ အခြေခံ ဥပဒေ ဇယား ၄ အရ ရွေးကောက်တင်မြှောက်လိုက်တဲ့ ၂၃၈ ယောက်ထက်မပိုတဲ့ အမတ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ မြန်မာပြည်နဲ့ အမေရိကန်တို့မှာ ဆိုရင် အထက်လွှတ်တော် အမတ်ကို ပြည်သူက တိုက်ရိုက် ရွေးကောက် တင်မြှောက်ပြီး ပြည်နယ်အားလုံးက အရေအတွက် အတူတူပဲ စေလွှတ်ရတာပါ။ အိန္ဒိယမှာတော့ အခြေခံဥပဒေ ဇယား ၄ မှာ ဖော်ပြထားတဲ့ အရေအတွက်အတိုင်း စေလွှတ်ရတာမို့ ပြည်နယ်တစ်ခုနဲ့ တစ်ခု အမတ် အရေအတွက် မတူပါဘူး။ ပြီးတော့ အထက်လွှတ်တော်အမတ်ကို ပြည်သူက တိုက်ရိုက်ရွေးကောက် တင်မြှောက်ရတာ မဟုတ်ဘဲနဲ့ သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်များကနေ အချိုးကျ ရွေးကောက်တင်မြှောက် စနစ်နဲ့ ရွေးကောက်တင်မြှောက် စေလွှတ်ရတာကလည်း ထူးခြားပါတယ်။
    မြန်မာပြည်မှာ ပြည်သူ့လွှတ်တော်လို့ ခေါ်တဲ့ အောက်လွှတ်တော်ကို သူတို့ကလည်း ပြည်သူ့လွှတ်တော်လို့ပဲ ခေါ်ပါတယ်။ အဲဒီမှာ သက်ဆိုင်ရာ မဲဆန္ဒနယ်တွေကနေ တိုက်ရိုက်ရွေးကောက် တင်မြှောက်လိုက်တဲ့ အရေအတွက် ၅၃၀ ဦးထက်မပိုတဲ့ အမတ်တွေ၊ ပြည်ထောင်စု နယ်မြေတွေက ရွေးကောက်တင်မြှောက်လိုက်တဲ့ ၂၀ ဦးထက်မပိုတဲ့ အမတ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ တစ်ခုရှိတာက မဲဆန္ဒနယ်တွေရဲ့ လူဦးရေဟာ တတ်နိုင်သမျှ တူညီနေဖို့ လိုပြီး မဲဆန္ဒနယ် ဖွဲ့စည်းမှုကိုလည်း နောက်ဆုံးထုတ်ပြန်လိုက်တဲ့ သန်းခေါင်စာရင်းပေါ် မူတည်ပြီး ဖွဲ့စည်းပေးဖို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။
    မြန်မာပြည်မှာတော့ လွှတ်တော်နှစ်ရပ်လုံးရဲ့ သက်တမ်းတွေက အတူတူပဲ ဖြစ်ပေမယ့် အိန္ဒိယပါလီမန်မှာတော့ အထက်လွှတ်တော်ဟာ သက်တမ်းကုန်ဆုံးတယ်ရယ်လို့ မရှိဘဲ နှစ်နှစ်တစ်ခါ အမတ် သုံးပုံတစ်ပုံကို အသစ်ရွေးကောက်တင်မြှောက်ရပါတယ်။ အမေရိကန် ဆီးနိတ် အထက်လွှတ်တော် ပုံစံမျိုးပါပဲ။ အောက်လွှတ်တော်ရဲ့ သက်တမ်းက ငါးနှစ်ဖြစ်ပေမယ့် အရေးပေါ်အခြေအနေ ကြေညာထားတဲ့ အရေးပေါ်ကာလမှာဆိုရင် လွှတ်တော်သက်တမ်းကို တစ်ကြိမ် တစ်နှစ်ထက် မပိုစေပဲ သက်တမ်းတိုးထားလို့ ရပါတယ်။ အရေးပေါ်အခြေအနေ ပြန်လည်း ရုပ်သိမ်းပြီးဆိုရင်တော့ သက်တမ်းကုန်ပြီး ခြောက်လထက် ပိုနေလို့ မရပါဘူး။


    လွှတ်တော်အမတ်အရည်အချင်းတွေကတော့ အကြမ်းဖျင်းအားဖြင့် အိန္ဒိယ နိုင်ငံသားဖြစ်ရင် ရပါပြီ။ ဥပဒေပြဌာန်းထားတယ် ဆိုပေမယ့် အခြေခံဥပဒေမှာတော့ ဒီလောက်ပဲ ဖော်ပြထားပါတယ်။ အထက်လွှတ်တော်အမတ်ဖြစ်ဖို့ အနည်းဆုံး အသက်သုံးဆယ် ပြည့်ဖို့ လိုပြီး အောက်လွှတ်တော် အမတ်ဖြစ်ဖို့ အနည်းဆုံး အသက်နှစ်ဆယ့်ငါးနှစ် ပြည့်ဖို့ လိုပါတယ်။ မြန်မာပြည်နဲ့ အတူတူပါပဲ။ လွှတ်တော် အစည်းအဝေး တစ်ခုနဲ့ တစ်ခုကြားကာလဟာ တို့ဆီမှာဆိုရင် တစ်နှစ်ထက် မပိုစေရလို့ ပြဌာန်းထားပြီး သူတို့ဆီမှာတော့ ခြောက်လထက် မပိုစေရလို့ ပြဌာန်းထားပါတယ်။ သမ္မတဟာ လိုအပ်တယ်ထင်ရင် လွှတ်တော်ကို အချိန်မရွေး နေရာမရွေး ခေါ်ယူကျင်းပစေနိုင်တဲ့ အာဏာရှိပါတယ်။ လွှတ်တော်အစည်းအဝေးတွေကို အချိန်ရွေ့ဆိုင်းနိုင်ပြီး အောက်လွှတ်တော်ကိုလည်း အချိန်မရွေး ဖျက်သိမ်းနိုင်ခွင့် ရှိပါတယ်။
    သမ္မတဟာ လွှတ်တော်မှာ မိန့်ခွန်းပြောကြားခွင့်၊ သဝဏ်လွှာပို့ခွင့် ရှိပါတယ်။ ပြည်ထောင်စု ဝန်ကြီးတွေနဲ့ စာရင်းစစ်ချုပ်တို့ဟာ လွှတ်တော် အစည်းအဝေးတွေ၊ သူတို့ ပါဝင်တဲ့ လွှတ်တော် ကော်မတီတွေမှာ ပါဝင်ဆောင်ရွက်ခွင့် ရှိပေမယ့် မဲပေးခွင့်တော့ မရှိကြပါဘူး။
    ဒုသမ္မတဟာ ရာထူးအရ အထက်လွှတ်တော် ဥက္ကဌတာဝန်ကို အလိုအလျောက် ထမ်းဆောင်ရပြီး ဒုဥက္ကဌကိုတော့ အထက်လွှတ်တော်ကပဲ ရွေးချယ်ပါတယ်။ အထက်လွှတ်တော် ဥက္ကဌ ရာထူးတာဝန်ရပ်စဲတာနဲ့ ပတ်သက်ပြီး ပြဌာန်းထားခြင်း မရှိဘဲ ဒုဥက္ကဌကတော့ နုတ်ထွက်လို့ပဲ ဖြစ်ဖြစ်၊ အမတ်တွေက မဲခွဲပြီး ဖြုတ်ချလို့ပဲ ဖြစ်ဖြစ် ဒုဥက္ကဌရာထူးက ဆင်းပေးရပြီဆိုရင် လွှတ်တော်အမတ်အဖြစ်ကပါ ရပ်စဲသွားပါတယ်။ ဒုတိယ သမ္မတကို ရာထူးတာဝန်က ရပ်စဲဖို့ အဆိုကိုဆွေးနွေးရင်ဖြစ်ဖြစ်၊ ဒုဥက္ကဌကို ရာထူးက ရပ်စဲဖို့ ဆွေးနွေးတာပဲ ဖြစ်ဖြစ် အချိန်တွေမှာ သက်ဆိုင်ရာ ဒုသမ္မတနဲ့ ဒုဥက္ကဌတို့ဟာ လွှတ်တော်ကို ဦးစီးခွင့် မရှိပါ။
    အောက်လွှတ်တော်မှာတော့ ဥက္ကဌနဲ့ ဒုဥက္ကဌကို လွှတ်တော်ကပဲ ရွေးပါတယ်။ ကျန်တဲ့ အချက်အလက်တွေကတော့ အထက်လွှတ်တော်နဲ့ အတူတူပါပဲ။ တစ်ခုရှိတာက အထက်လွှတ်တော်ရော အောက်လွှတ်တော်မှာပါ လွှတ်တော် အတွင်းရေးမှူးတစ်ယောက်စီကို ခန့်အပ်ရပါတယ်။ ခန့်အပ်ဖို့ စည်းမျဉ်းကမ်းတွေကိုတော့ လွှတ်တော်ဥက္ကဌတွေ့ရဲ့ အကြံပြုချက်နဲ့ သမ္မတက ထုတ်ပြန်ရတာပါ။


    ကတိသစ္စာပြုတာနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာတော့ လွှတ်တော်အမတ်တွေဟာ သက်ဆိုင်ရာ လွှတ်တော်ဥက္ကဌ ရှေ့မှောက်မှာ ကတိသစ္စာ ပြုရတာ ဖြစ်ပေမယ့် သူတို့ကတော့ သမ္မတ သို့မဟုတ် သမ္မတကိုယ်စားလှယ်ရဲ့ ရှေ့မှာ ကတိသစ္စာ ပြုရတာပါ။ ဆုံးဖြတ်ချက်တွေ ချဖို့ မဲခွဲရင်လည်း သာမန်အားဖြင့် တက်ရောက်မဲပေးသူတွေရဲ့ များရာဆန္ဒမဲနဲ့ ဆုံးဖြတ်ချက်တွေ ချပါတယ်။ ဥက္ကဌတာဝန် ထမ်းဆောင်တဲ့သူကတော့ မဲဝင်ပေးခွင့် မရှိဘဲ ထောက်ခံမဲနဲ့ ကန့်ကွက်မဲ အရေအတွက် တူနေမှသာ အနိုင်မဲ ပေးခွင့်ရှိတာပါ။ လွှတ်တော်အမတ်ဦးရေရဲ့ အနည်းဆုံး ဆယ်ပုံတစ်ပုံ တက်ရောက်ရင် အစည်းအဝေးတွေ ထမြောက်ပါတယ်။ အရေအတွက် မပြည့်ရင် အစည်းအဝေးကို ရွှေ့ဆိုင်းရပါတယ်။
    လွှတ်တော်အမတ်တစ်ယောက် နုတ်ထွက်ချင်ရင် သက်ဆိုင်ရာ ဥက္ကဌဆီမှာ နုတ်ထွက်ခွင့် တင်လို့ ရပါတယ်။ ဥက္ကဌက ခွင့်မပြုရင် နုတ်ထွက်ခွင့် မရှိပါဘူး။ အမတ်တစ်ယောက်က ရက်ပေါင်းခြောက်ဆယ် ခွင့်မဲ့ ပျက်ကွက်ရင်တော့ အမတ်နေရာ လစ်လပ်ကြောင်း ကြေညာရပါတယ်။
    လွှတ်တော်အမတ်တစ်ယောက်ဟာ အစိုးရရာထူးတစ်ခုခုကို လက်ခံရင်၊ စိတ်ပေါ့သွပ်နေရင်၊ ဒေဝါလီခံရင်၊ အခြားနိုင်ငံသား ခံယူသွားရင် ဒါမှမဟုတ် ဥပဒေအရ အရည်အချင်း မမီတော့ရင် လွှတ်တော်အမတ်အဖြစ်က ရပ်စဲရပါတယ်။
    အခု ရေးသားခဲ့တာတွေကတော့ အိန္ဒိယနိုင်ငံ ပါလီမန် လွှတ်တော် ဖွဲ့စည်းပုံနဲ့ လွှတ်တော် အမတ်များရွေးကောက် တင်မြှောက်ပုံတို့ကို ဗိုလ်ကောင်းတို့ မြန်မာပြည် စနစ်နဲ့ ယှဉ်ထိုး တင်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီး ပါလီမန် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်မှာ ဥပဒေပြု လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး ဘယ်လို လုပ်ငန်းစဉ်တွေနဲ့ လုပ်ကိုင်ဆောင်ရွက်ကြသလဲဆိုတာ ဆက်လက် လေ့လာတင်ပြပေးပါမယ်။

No comments:

Post a Comment