Friday 26 April 2013

အိန္ဒိယနိုင်ငံသားများ၏ မူလအခွင့်အရေးများ (နိဒါန်း)


    အိန္ဒိယနိုင်ငံ အခြေခံဥပဒေစာအုပ်ကို ဖတ်နေရင်းနဲ့ တစ်ခါတစ်လေတော့လည်း စာသင်ခန်းကို ယူသွားမိပါတယ်။ တစ်ရက်တော့ စာသင်ခန်းထဲမှာ စားပွဲပေါ်တင်ထားတဲ့စာအုပ်ကို ဆရာမကတွေ့တော့ မင်းဒီစာအုပ်ကို ဖတ်နေတာလားတဲ့။ ဘာလို့ ဖတ်တာလဲတဲ့။ အိန္ဒိယနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ဘယ်လိုများ ကျင့်သုံးနေကြသလဲဆိုတာ စိတ်ဝင်စားလို့ ဖတ်တာပါလို့ ဖြေလိုက်ပြီး ဆရာမရော ဖတ်ပါသလား လို့ပြန်မေးတော့ တစ်ခုပဲ ဖတ်တယ်တဲ့။ နိုင်ငံသားများ၏ မူလအခွင့်အရေးများ အခန်းတစ်ခုကိုပဲ ဖတ်ပါတယ်တဲ့။ သူ့အခွင့်အရေးသူသိထားရအောင်လို့ပါတဲ့။ ဒါနဲ့ ဗိုလ်ကောင်းလည်း သူ့နိုင်ငံသားအခွင့်အရေးနဲ့ တို့နိုင်ငံသားအခွင့်အရေးနဲ့ ဘာများ ကွာခြားချက် တူညီချက်တွေ ရှိသလဲ သိရအောင်ရယ် ကိုယ်သိထားတာလေးတွေကိုလည်း ပြန်ပြီး မျှဝေပေးလို့ ရအောင်ရယ် ဆိုပြီး လေ့လာရေးသား တင်ပြလိုက်တာ ဖြစ်ပါတယ်။
    အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုင်း ၃ ဟာ နိုင်ငံသားများရဲ့ မူလအခွင့်အရေးများကို ပြဌာန်းထားတဲ့ အပိုင်းဖြစ်ပါတယ်။ ဒီအပိုင်းမှာ ပုဒ်မ ၁၂ ကနေ ပုဒ်မ ၃၅ အထိပြဌာန်းထားပြီး ဒီအထဲက အချို့ပုဒ်မတွေကိုတော့ အခြေခံဥပဒေပြင်ဆင်ချက် လုပ်ပြီး ပယ်ဖျက်လိုက်တာတွေလည်း ရှိပါတယ်။ ပထမဆုံး ပုဒ်မ ၁၂ ကတော့ အဓိပ္ပာယ်ဖွင့်ဆိုတဲ့ ပုဒ်မဖြစ်လို့ အထွေအထူး တင်ပြဖို့ မရှိပါဘူး။ ပုဒ်မ ၁၃ ကစပြီး တင်ပြပါ့မယ်။
    ပုဒ်မ ၁၃ ကတော့ အိန္ဒိယ အခြေခံဥပဒေထဲမှာ ပြင်ဆင်ခွင့် မရှိတဲ့ တစ်ခုတည်းသော ပုဒ်မ ဖြစ်ပါတယ်။ ပုဒ်မ ၁၃ မှာ ပြဌာန်းထားတာက အခြေခံဥပဒေ အာဏာမတည်ခင် ပြဌာန်းထားတဲ့ ဥပဒေတွေဟာ သည်အခန်းမှာ ဖော်ပြထားတဲ့ အခွင့်အရေးများနဲ့ မဆီမလျော် ဖြစ်နေပြီဆိုရင် ပျက်ပြယ်စေရမယ်လို့ ဆိုပါတယ်။ လွှတ်တော်တွေကလည်း ဒီအခန်းမှာ ပြဌာန်းထားတဲ့ အခွင့်အရေးတွေကို ကျူးလွန်ဖောက်ဖျက်ရာကျတဲ့ ဥပဒေတွေ ပြဌာန်းခွင့် မရှိဘဲ တကယ်လို့ ပြဌာန်းလိုက်တဲ့ ဥပဒေတစ်ရပ်ဟာ ဒီအခန်းမှာ ပါဝင်တဲ့ အခွင့်အရေးများနဲ့ မဆီမလျော် ကျူးလွန်ဖောက်ဖျက်တယ်ဆိုရင် ပျက်ပြယ်စေရမယ်လို့ ဆိုထားပါတယ်။ အခု ဖော်ပြထားတဲ့ ဥပဒေဆိုတဲ့စကားမှာ လွှတ်တော် ဒါမှမဟုတ် ဥပဒေထုတ်ပြန်ခွင့်ရှိတဲ့ မည်သူကမဆို ထုတ်ပြန်လိုက်တဲ့ ဥပဒေ၊ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်၊ အမိန့်၊ နည်းဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ သတိပေးထုတ်ပြန်ချက် အားလုံး ပါဝင်ပြီး တစ်နိုင်ငံလုံးအတွက် ထုတ်ပြန်သည် ဖြစ်စေ၊ ဒေသတစ်ခုအတွက်ပဲ ထုတ်ပြန်သည်ဖြစ်စေ ထုတ်ပြန်တဲ့ ဥပဒေအားလုံး ပါဝင်ပါတယ်။ ဒီပုဒ်မ ၁၃ ကို ပြင်ဆင်ခွင့် မရှိစေရဆိုပြီး ပုဒ်မ ၃၆၈(၃) မှာ ပြဌာန်းထားတာ ဖြစ်ပါတယ်။ (ဒီစာစုကို www.mymosaicpages.blogspot.com မှာလည်း ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်)

No comments:

Post a Comment