Friday 26 April 2013

အိန္ဒိယနိုင်ငံသားများ၏ မူလအခွင့်အရေးများ (ယဉ်ကျေးမှုနှင့်ပညာရေး)


    ဆက်လက်ပြီး သူတို့အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ယဉ်ကျေးမှုနဲ့ ပညာရေးဆိုင်ရာ နိုင်ငံသားများရဲ့ အခွင့်အရေးများကို တင်ပြသွားမှာ ဖြစ်ပါတယ်။ ပုဒ်မ ၂၉ ဟာ လူနည်းစုများရဲ့ အကျိုးစီးပွားကို ကာကွယ်တဲ့ ပုဒ်မဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ဘာသာစကား စာပေ ယဉ်ကျေးမှုတွေကို အဓွန့်ရှည်အောင် ထိန်းသိမ်းဖို့ရယ် ဘယ်နိုင်ငံသားမဆို ဘာသာ လူမျိုး ဇာတ်နိမ့်ဇာတ်မြင့်ကို အကြောင်းပြုပြီး အစိုးရ အထောက်အပံ့ယူတဲ့ ပညာသင်ကျောင်းတွေမှာ ကျောင်းတက်ရောက်ခွင့် ငြင်းပယ်ခံရခြင်း မရှိစေရလို့ ပြဌာန်းထားပါတယ်။  ဒါနဲ့ပတ်သက်ပြီး သူတို့ဆီမှာ ဇာတ်နိမ့်လူနည်းစုတွေအတွက် ကျောင်းတွေမှာ ဘယ်နှရာခိုင်နှုန်း လက်ခံရမယ်လို့ သတ်မှတ်ထားတာတွေ ရှိပါတယ်တဲ့။  ပုဒ်မ ၃၀ မှာလည်း လူနည်းစုများဟာ ဘာသာရေးကို အခြေခံလို့ဖြစ်စေ ဘာသာစကားကို အခြေခံလို့ဖြစ်စေ ပညာရေးအဖွဲ့အစည်းတွေ တည်ထောင်ခွင့် ရှိရမယ်လို့ ဆိုထားပါတယ်။ အဲသည် အဖွဲ့အစည်းတွေကို နိုင်ငံတော်က အထောက်အပံ့ပြုရာမှာလည်း ကိုးကွယ်ရာ ဘာသာနဲ့ ဘာသာစကားကို အကြောင်းပြုပြီး ခွဲခြားမှု မရှိစေရဘူးလို့ ပြဌာန်းထားပါတယ်။ ဒီနေရာမှာ လူနည်းစုဆိုတာကို အခြေခံဥပဒေက အဓိပ္ပာယ်ဖွင့်ဆိုထားတာ မရှိပေမယ့် ပြည်နယ်တစ်ခုမှာ လူဦးရေ ၅၀ ရာခိုင်နှုန်းအောက်ရှိရင် လူနည်းစုပဲလို့ တရားလွှတ်တော်ချုပ်က အဓိပ္ပာယ် ဖွင့်ဆိုပေးထားပါတယ်။
    အထက်ပါ သူတို့ ပြဌာန်းချက်တွေနဲ့ ဆင်ဆင်တူတဲ့ တို့အခြေခံဥပဒေက ပြဌာန်းချက် တွေကို တင်ပြပေးပါမယ်။ ပုဒ်မ ၂၂ မှာ နိုင်ငံတော်သည် (က) တိုင်းရင်းသားများ၏ စကား စာပေ အနုပညာ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည် (ခ) တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်မည် (ဂ) တိုးတက် ဖွံ့ဖြိုးမှု နည်းပါးနေသည့် တိုင်းရင်းသားများ၏ ပညာရေး ကျန်းမာရေး စီးပွားရေး လမ်းပန်းဆက်သွယ်ရေး စသည်တို့ ပါဝင်သော လူမှုစီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်မည် လို့ ပြဌာန်းထားပြီး ပုဒ်မ ၂၇ မှာ နိုင်ငံတော်သည် အမျိုးသား ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက် ခိုင်မာရေးနှင့် စောင့်ရှောက် ထိန်းသိမ်းရေးအတွက် ကူညီဆောင်ရွက်မည် လို့ ပြဌာန်းထားပါတယ်။ ပုဒ်မ ၃၆၅ မှာလည်း နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ မိမိတို့ အမြတ်တနိုး ထားရှိသော စာပေ ယဉ်ကျေးမှု အနုပညာနှင့် ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိုးထောင် ဆောင်ရွက်ပိုင်ခွင့် ရှိသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိပါးမှု မရှိစေရန် ရှောင်ကျဉ်ရမည်။ ထို့ပြင် မိမိတို့၏ ဆောင်ရွက်မှုသည် အခြားတိုင်းရင်းသား လူမျိုးတစ်မျိုးကိုဖြစ်စေ လူမျိုးများကို ဖြစ်စေ ထိခိုက်နစ်နာစေနိုင်လျှင် သက်ဆိုင်သူများအချင်းချင်း ညှိနှိုင်း၍ ပြေလည်မှု ရရှိပြီးမှသာ ဆောင်ရွက်ခွင့် ရှိသည်လို့ ပြဌာန်းထားပါတယ်။
    ပညာရေးနဲ့ ပတ်သက်ရင်လည်း တို့အခြေခံဥပဒေ ပုဒ်မ ၂၈ မှာ နိုင်ငံတော်သည် (က) ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေး တိုးတက်စေရေးတို့အတွက် အလေးထား ဆောင်ရွက်ရမည်။ (ခ) ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေးတို့တွင် တိုင်းရင်းသား ပြည်သူများက ပါဝင်ဆောင်ရွက်နိုင်ရန် လိုအပ်မည့်ဥပဒေ ပြဌာန်း ဆောင်ရွက်ရမည်။ (ဂ) အခမဲ့ မသင်မနေရ မူလတန်း ပညာရေးစနစ် ဖော်ဆောင်ရမည်။ (ဃ) ဘက်စုံအတွေးအခေါ် အယူအဆ မှန်ကန်၍ အကျင့်စာရိတ္တ ကောင်းမွန်ပြီး နိုင်ငံတော် တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီ ပညာရေးစနစ် ဖော်ဆောင်ရမည် လို့ ပြဌာန်းထားပါတယ်။ ပုဒ်မ ၃၆၆ မှာလည်း နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ်ထားသော ပညာရေးဆိုင်ရာ မူဝါဒများနှင့်အညီ (က) ပညာသင်ကြားပိုင်ခွင့်ရှိသည် (ခ) ဥပဒေဖြင့် ပြဌာန်းသည့် မသင်မနေရ အခြေခံပညာများကို သင်ကြားရမည် (ဂ) သိပ္ပံပညာ စူးစမ်းရှာဖွေမှု စာပေနှင့် အနုပညာခေတ်မီ တိုးတက်စေရန် တီထွင်ကြံဆ ဖော်ထုတ် ရေးသားမှုနှင့် ယဉ်ကျေးမှု ကိစ္စများတွင် လွပ်လပ်စွာ သုတေသနပြု ဖော်ထုတ်ခွင့်ရှိသည်လို့ ဆိုထားပါတယ်။ ပုဒ်မ ၃၆၈ မှာ နိုင်ငံတော်သည် ပညာရည် ထူးချွန်သော နိုင်ငံသားများအား လူမျိုး ကိုးကွယ်ရာဘာသာ အမျိုးသား အမျိုးသမီး ခွဲခြားမှု မထားရှိဘဲ ယင်းတို့၏ အရည်အချင်းအလိုက် ချီးမြှောက်ထောက်ပံ့မည်လို့ ဖော်ပြထားပါတယ်။

No comments:

Post a Comment