Wednesday, 17 April 2013

နိုင်ငံသားဖြစ်ခြင်းနှင့်ပတ်သက်ပြီး အိန္ဒိယအခြေခံဥပဒေတွင်ပြဌာန်းထားချက်များ


    ဒီအပိုင်းနဲ့ ပတ်သက်ရင် တို့မြန်မာနိုင်ငံ အခြေခံဥပဒေမှာတော့ ပုဒ်မ ၂ ခုပဲ ပါဝင်ပါတယ်။ ပုဒ်မ ၃၄၅ မှာ မြန်မာနိုင်ငံသား တိုင်းရင်းသား မိဘနှစ်ပါးက မွေးဖွားသူ နဲ့ အခြေခံဥပဒေ အတည်ပြုပြဌာန်းတဲ့ နေ့မှာ ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူတွေဟာ နိုင်ငံသားတွေ ဖြစ်တယ်လို့ ပြဌာန်းထားပါတယ်။ နောက်တစ်ခုက ပုဒ်မ ၃၄၆ မှာပါ။ နိုင်ငံသားပြုခြင်း၊ နိုင်ငံသားဖြစ်ခြင်း နှင့် နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းတို့သည် ဥပဒေဖြင့် ပြဌာန်းသည့်အတိုင်း ဖြစ်စေရမည် လို့ ဖော်ပြထားပါတယ်။
    သူတို့ အခြေခံ ဥပဒေမှာတော့ နိုင်ငံသားဖြစ်ခြင်း အခန်းမှာ ပုဒ်မ ၁၁ ခုတောင် ပါဝင်ပါတယ်။ ပုဒ်မ ၅ မှာ အိန္ဒိယနယ်နိမိတ်အတွင်း မွေးဖွားသူ၊ အိန္ဒိယနိုင်ငံ နယ်နိမိတ်အတွင်း မွေးဖွားလာတဲ့ မိဘနှစ်ပါးက မွေးဖွားသူ၊ အခြေခံဥပဒေ အာဏာမတည်မီ ငါးနှစ်ထက်မနည်း အိန္ဒိယနိုင်ငံထဲမှာ အခြေစိုက် နေထိုင်ခဲ့သူတွေဟာ အခြေခံဥပဒေ အာဏာတည်တဲ့အချိန်မှာ အိန္ဒိယနိုင်ငံမှာ နေထိုင်တယ်ဆိုရင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုပါတယ်။


    ပုဒ်မ ၆ ကတော့ ပါကစ္စတန်ကနေ အိန္ဒိယကို ပြောင်းလာတဲ့ သူတွေအတွက် ပြဌာန်းထားတာ ဖြစ်ပါတယ်။ ပါကစ္စတန်ဆိုတာကလည်း အိန္ဒိယအတွက် အိပ်မက်ဆိုးကြီးကို ဖြစ်နေတော့တာကိုး။ ပါကစ္စတန်နဲ့ ပတ်သက်လာရင် အခြေခံဥပဒေထဲမှာတောင် တစ်သီးတစ်ခြား ဖော်ပြရအောင်ကို သူတို့တွေက စိုးရိမ်နေပုံရပါတယ်။  ပါကစ္စတန်က ပြောင်းလာတဲ့သူဟာ ၁၉၃၅ အိန္ဒိယအစိုးရ အက်ဥပဒေအရ သူကိုယ်တိုင်ဖြစ်ဖြစ်၊ သူ့ရဲ့ မိဘ ဘိုးဘွားပဲဖြစ်ဖြစ် အိန္ဒိယမှာ မွေးဖွားခဲ့သူ ဖြစ်ဖို့လိုပါတယ်။ အဲသည်သူဟာ ၁၉၄၈ ဇူလိုင်လ ၁၉ ရက် မတိုင်ခင် အိန္ဒိယနိုင်ငံထဲမှာ နေထိုင်တဲ့သူ ဖြစ်ရပါမယ်။ တကယ်လို့ အဲသည်ရက် နောက်ပိုင်းမှ ပါကစ္စတန်က ပြောင်းလာတဲ့သူဆိုရင် အိန္ဒိယနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားပြီးသူ ဖြစ်ဖို့ လိုပါတယ်တဲ့။ အခြေခံဥပဒေ အတည်ပြုတဲ့အချိန် မတိုင်မီ ခြောက်လအတွင်း နေထိုင်ခဲ့တာ မရှိဘူးဆိုရင် အဲသည်သူဟာ နိုင်ငံသားအဖြစ် မှတ်ပုံတင်ခွင့် မရှိပါဘူးတဲ့ဗျာ။ ရှုပ်လိုက်တာ။
    ပုဒ်မ ၇ ကတော့ ပါကစ္စတန်ကို ပြောင်းသွားတဲ့သူတွေနဲ့ ပတ်သက်တဲ့ ပြဌာန်းချက် ဖြစ်ပါတယ်။ အိန္ဒိယကနေ ပါကစ္စတန် နိုင်ငံထဲကို ၁၉၄၇ မတ်လ တစ်ရက်နေ့ နောက်ပိုင်း ပြောင်းရွှေ့သွားတဲ့သူကို နိုင်ငံသားအဖြစ် အသိအမှတ် မပြုဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အထက်ပုဒ်မ ၆ မှာ ပါတဲ့အတိုင်း ၁၉၄၈ ဇူလိုင်လ ၁၉ ရက်နေ့ နောက်ပိုင်းမှာ အိန္ဒိယနိုင်ငံထဲကို ပြန်ဝင်လာတဲ့သူဟာ ဥပဒေအရ နိုင်ငံသားမှတ်ပုံတင်တယ် ဆိုရင်တော့ နိုင်ငံသားအဖြစ် အသိအမှတ်ပြု ခံရပါမယ်တဲ့။ ဘာတွေမှန်းကို မသိဘူး။

    ပုဒ်မ ၈ ကတော့ အိန္ဒိယနိုင်ငံပြင်ပမှာ နေထိုင်ကြတဲ့ အိန္ဒိယနွယ်ဖွားတွေရဲ့ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်တဲ့ ပြဌာန်းချက် ဖြစ်ပါတယ်။ အထက်က ပုဒ်မ ၅ မှာ ဘယ်လိုပဲ ရေးထားထားတဲ့ ၁၉၃၅ အိန္ဒိယအစိုးရ အက်ဥပဒေအရ အဘိုးအဘွားတွေဟာ အိန္ဒိယနိုင်ငံသားတွေ ဖြစ်ပြီး သူတို့ ရောက်နေတဲ့ နိုင်ငံတွေက အိန္ဒိယ သံရုံးတွေမှာ  နိုင်ငံသားအဖြစ် မှတ်ပုံတင်မယ်ဆိုရင် နိုင်ငံသားအဖြစ် အသိအမှတ် ပြုပေးပါတယ်တဲ့။
    ပုဒ်မ ၉ မှာ ပြဌာန်းထားတာကတော့ အခြားနိုင်ငံသား ခံယူသွားတဲ့သူတွေကိုတော့ အိန္ဒိယနိုင်ငံသားအဖြစ် အသိအမှတ် မပြုပါဘူးတဲ့။ နှစ်နိုင်ငံ နိုင်ငံသား အဖြစ်ကို လက်မခံတဲ့ သဘောပဲဗျ။ နောက်ပုဒ်မ တစ်ခုဖြစ်ကတော့ တို့မြန်မာနိုင်ငံ အခြေခံဥပဒေ ပုဒ်မ ၃၄၆ နဲ့ သဘောသဘာဝချင်း အတူတူပါပဲ၊ နိုင်ငံသားပြုခြင်း နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းတို့နဲ့ ပတ်သက်ပြီး ပါလီမန်လွှတ်တော်က ဥပဒေပြဌာန်း  ဆောင်ရွက်နိုင်တယ်လို့ ရေးသားထားတာ ဖြစ်ပါတယ်။
    ဒီနေရာမှာ အလျဉ်းသင့်လို့ ဗိုလ်ကောင်းတို့ မြန်မာနိုင်ငံသားဥပဒေနဲ့ ပတ်သက်ပြီး နည်းနည်းလောက် မိတ်ဆက်ပေးချင်ပါတယ်။ မြန်မာနိုင်ငံသားဥပဒေကို ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် တတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကနေ ၁၉၈၂ ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၄ အဖြစ် ပြဌာန်းခဲ့ပါတယ်။ အဲသည် ဥပဒေမူရင်းကို ဖတ်ချင်ရင် ၁၉၈၂ ခုနှစ် ဥပဒေနည်းဥပဒေများ စာအုပ် စာမျက်နှာ ၅၅ မှာ ဖော်ပြထားပါတယ်။ အဲသည်ဥပဒေဟာ ဒီနေ့အချိန်အထိ တစ်စုံတစ်ရာ ပြင်ဆင်စရာမလိုအောင် ပြည့်စုံခေတ်မီနေသေးတယ်လို့ ဆိုစမှတ်ရှိပါတယ်။ စိတ်ဝင်စားသူများ ဖတ်ချင်ရင် ဖတ်လို့ ရအောင် နတ်လမ်းညွှတ်လိုက်ရပါတယ်ဗျား။

No comments:

Post a Comment