ကမ္ဘာပေါ်မှာ ကျင့်သုံးနေသမျှ ဘယ်အခြေခံ ဥပဒေမှ ပြီးပြည့်စုံတယ်ရယ်လို့ မရှိပါဘူး။ ရှိလည်း မရှိနိုင်ပါဘူး။ ကျင့်သုံးနေရင်းနဲ့ လိုအပ်ချက်တွေ ခေတ်နဲ့ မဆီလျော်တာတွေ ရှိလာမှာ သဘာဝ ကျပါတယ်။ ဒါကြောင့်လည်း အခြေခံ ဥပဒေတွေမှာ ပြင်ဆင်ခြင်း ဆိုတဲ့ အခန်းကို စရေးကတည်းက ထည့်ရေးပေးထားကြတာပေါ့။ တို့မြန်မာနိုင်ငံ အခြေခံဥပဒေမှာ အခန်း ၁၂ ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ အခြေခံ ဥပဒေမှာလည်း အပိုင်း ၂၀ ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း ဖြစ်ပါတယ်။
တို့နဲ့ သူတို့နဲ့ တူတဲ့အချက်က အခြေခံဥပဒေ ပြင်ဆင်ခွင့် အာဏာကို အကြမ်းဖျင်းအားဖြင့် လွှတ်တော်ကို အပ်နှင်းထားတာပဲ ဖြစ်ပါတယ်။ ဤအခြေခံဥပဒေ၌ မည်သို့ပင် ဆိုစေကာမူ အခြေခံဥပဒေပါ ပြဌာန်းချက်များကို ဖြည့်စွက်ခြင်း၊ ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်းတို့နှင့် ပတ်သက်ပြီး ဤပုဒ်မတွင် ပြဌာန်းထားသော လုပ်ထုံးလုပ်နည်းများနှင့် အညီ ပါလီမန်လွှတ်တော်က ကျင့်သုံးပြင်ဆင်နိုင်သည် လို့ အခြေခံဥပဒေ ပုဒ်မ ၃၆၈ မှာ ဖော်ပြထားပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ရန် တင်သွင်းသော အဆိုကို ဥပဒေမူကြမ်းအဖြစ် တင်သွင်းရမည် ဆိုတာက တို့နဲ့ သူတို့နဲ့ အတူတူပါပဲ။ တို့ဆီမှာတော့ အဲသည် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာပဲ တင်သွင်းဖို့ ပြဌာန်းထားပေမယ့် သူတို့ ဆီမှာတော့ အထက်လွှတ်တော် အောက်လွှတ်တော် တစ်ခုခုမှာ စတင် တင်သွင်းလို့ ရပါတယ်။ လွှတ်တော် နှစ်ရပ်လုံးက အများစု သဘောတူအတည်ပြုပြီ ဆိုရင် သမ္မတဆီ ပေးပို့ပြီး ဥပဒေအဖြစ် ထုတ်ပြန်ကြေညာရတာလည်း တူပါတယ်။ ဒါက ရိုးရိုးပုဒ်မတွေအတွက် ပြောတာ။ ခေတ်စကားနဲ့ ပြောရရင် ရိုးရိုးမဟုတ်တဲ့ ရှယ်ပုဒ်မတွေ ရှိပါသေးတယ်။
အဲသည်ရှယ်ပုဒ်မတွေကိုတော့ လွှတ်တော်ထဲမှာတင် ပြင်လို့ မရပါဘူး။ မြန်မာနိုင်ငံ အခြေခံဥပဒေ ပုဒ်မ ၄၃၆(က) မှာ ပုဒ်မတစ်ချို့ ဖော်ပြထားသလိုပဲ သူတို့ အခြေခံဥပဒေ ပုဒ်မ ၃၆၈ မှာလည်း သီးခြား ဖော်ပြထားတဲ့ ပုဒ်မတွေ အပိုင်းတွေ ရှိပါတယ်။ အဲသည် သီးခြားဖော်ပြထားတဲ့ ပုဒ်မတွေကိုတော့ လွှတ်တော်က သဘောတူ အတည်ပြုရုံနဲ့ ပြင်ဆင်လို့ မရပါဘူး။ မြန်မာနိုင်ငံမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့ သဘောတူလက်ခံပြီးရင်တောင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး ပြည်သူ့ဆန္ဒ ရယူရပါသေးတယ်။ အဲသည်မှာ ဆန္ဒမဲ ပေးခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော် ထောက်ခံချက် ရမှသာ ပြင်ဆင်နိုင်တာပါ။ ထိုနည်းတူစွာပါပဲ အိန္ဒိယ အခြေခံ ဥပဒေ ပြင်ဆင်ချက် အခန်းမှာ သီးခြားပြဌာန်းထားတဲ့ ပုဒ်မတွေကို ပါလီမန်လွှတ်တော်က များရာဆန္ဒမဲနဲ့ ထောက်ခံ အတည်ပြုပြီးပြီ ဆိုရင်တောင် ပြည်နယ် လွှတ်တော်တွေရဲ့ သဘောထားကို ရယူရပါသေးတယ်။ ပြည်နယ်လွှတ်တော် စုစုပေါင်းရဲ့ အနည်းဆုံး တစ်ဝက်က ထောက်ခံ သဘောတူမှသာ အဲသည်ဥပဒေကြမ်းကို သမ္မတဆီ ပေးပို့ အတည်ပြုရတာပါ။
ဒါပေမယ့် အိန္ဒိယအခြေခံဥပဒေမှာ ပြင်ဆင်ခွင့်မရှိတဲ့ ပုဒ်မတစ်ခု ရှိပါတယ်။ အဲဒါကတော့ ပုဒ်မ ၁၃ ဖြစ်ပါတယ်။ နိုင်ငံသားများ၏ မူလအခွင့်အရေးခန်းမှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်များနဲ့ ဆန့်ကျင်သွေဖည်တဲ့ ဥပဒေတွေကို ပြဌာန်းခြင်းကို တားမြစ်ထားတဲ့ပုဒ်မ ဖြစ်ပါတယ်။ အဲသည် ပုဒ်မ ၁၃ ကိုတော့ ဘယ်လိုနည်းနဲ့မှ ဘယ်သူမှ ပြင်ဆင်ခွင့် မရှိပါဘူးတဲ့။ နောက်ပြီးတော့ အခြေခံဥပဒေ ပြင်ဆင်ခြင်းနဲ့ ပတ်သက်ပြီး ဘယ်တရားရုံးကမှ ခေါ်ယူမေးမြန်းပိုင်ခွင့် မရှိဘူးဆိုတာပါ ထည့်သွင်း ပြဌာန်းထားပါသေးတယ်။ သဘောကတော့ အခြေခံဥပဒေကို အဓိပ္ပာယ် ဖွင့်ဆိုခွင့် ရှိတဲ့ တရားလွှတ်တော်ချုပ်ကတောင် ကန့်ကွက်လို့ မရဘူးလို့ ဆိုလိုတာလား ဗိုလ်ကောင်းလည်း သိပ်တော့ နားမလည်ဘူးရယ်။
No comments:
Post a Comment