ဥပဒေကြမ်းတွေမှာ ငွေရေးကြေးရေးဆိုင်ရာ ဥပဒေကြမ်းနဲ့ အခြားကိစ္စများဆိုင်ရာ ဥပဒေကြမ်းဆိုပြီး လုပ်ထုံးလုပ်နည်း ကွဲပြားပါတယ်။ ပထမဆုံး ငွေရေးကြေးရေးဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းကို အရင် တင်ပြသွားမှာ ဖြစ်ပါတယ်။ ဗိုလ်ကောင်းတို့ မြန်မာပြည်မှာတော့ ဒီလို ဘဏ္ဍာရေးဆိုင်ရာ ဥပဒေကြမ်းတွေကို အစိုးရက တင်သွင်းတဲ့အခါ ပြည်ထောင်စုလွှတ်တော်ကို တိုက်ရိုက်တင်သွင်း ရပါတယ်။ သူတို့ ဆီမှာတော့ ငွေရေးကြေးရေးနဲ့ဆိုင်တဲ့ ဘဏ္ဍာရေး ဥပဒေကြမ်းတစ်ခုကို အထက်လွှတ်တော်က စတင် တင်သွင်းခွင့် မရှိဘဲ အောက်လွှတ်တော်ကသာ စတင် တင်သွင်းရတာ ဖြစ်ပါတယ်။ အောက်လွှတ်တော်မှာ ဆွေးနွေးပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီးတဲ့အခါမှာ အထက်လွှတ်တော်ကို ပေးပို့ရပါတယ်။ အထက်လွှတ်တော်ကို ရောက်တဲ့ နေ့ကနေ ဆယ့်လေးရက်အတွင်းမှာ အထက်လွှတ်တော်က အဲဒီ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး သုံးသပ်မှတ်ချက်ပြုကာ အောက်လွှတ်တော်ကို ပြန်လည် ပေးပို့ရပါတယ်။ အထက်လွှတ်တော်ရဲ့ သုံးသပ်မှတ်ချက် ပြုမှုတွေကို အောက်လွှတ်တော်က အားလုံးပဲ ဖြစ်ဖြစ် တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ဖြစ် လက်ခံချင်လည်း ရပါတယ်။ လက်မခံဘဲ ပယ်ချချင်လည်း ရပါတယ်။ တကယ်လို့ အထက်လွှတ်တော်က ဆယ့်လေးရက်အတွင်း ပြီးအောင် မဆွေးနွေးလို့ ပြန်မပို့ရင်လည်း အောက်လွှတ်တော်မှာတင် အတည်ပြုလိုက်ရတာပါ။ ဥပဒေကြမ်းတစ်ခုဟာ ဘဏ္ဍာရေးဆိုင်ရာ ဥပဒေကြမ်း ဟုတ်မဟုတ် အငြင်းပွားခဲ့ရင် အောက်လွှတ်တော် ဥက္ကဌရဲ့ အဆုံးအဖြတ်ဟာ အတည်ဖြစ်ပါတယ်။ ဒါကြောင့် ငွေရေးကြေးရေးဆိုင်ရာ ဥပဒေကြမ်းတွေနဲ့ ပတ်သက်လာရင် အောက်လွှတ်တော်ကပဲ လုံးလုံး စီမံခန့်ခွဲခွင့် ရှိတဲ့ အခြေအနေကို တွေ့ရပါတယ်။
အပေါ်မှာ ပြောထားတဲ့အတိုင်း ဘဏ္ဍာရေးဥပဒေကြမ်းတစ်ခုကို လွှတ်တော်က အတည်ပြုလိုက်ပြီဆိုရင် သမ္မတဆီ ပေးပို့ ရပါတယ်။ ပို့လိုက်တဲ့ ဥပဒေကြမ်းကို သမ္မတက ပြင်ဆင်ချက်လုပ်ချင်တယ်ဆိုရင် လုပ်ချင်တဲ့ ပြင်ဆင်ချက်ကို ရေးသားပြီး လွှတ်တော်ကို အမြန်ဆုံး ပြန်ပို့ ပေးရပါတယ်။ မြန်မာပြည်မှာတော့ ဘယ်ဥပဒေကြမ်းမဆို သမ္မတဆီ ပို့ပေးရင် သမ္မတက ဆယ့်လေးရက်အချိန်ရပါတယ်။ ဆယ့်လေးရက်အတွင်း လွှတ်တော်ကို ပြန်မပို့ရင် ဥပဒေက အာဏာတည်ပါတယ်။ သူတို့ ဆီမှာတော့ အချိန်ကန့်သတ်ချက် မရှိပါဘူး။ အမြန်ဆုံးလို့ ပြန်ပို့ရမယ်လို့ပဲ ပြဌာန်းထားတာပါ။ သမ္မတက မှတ်ချက် ပြင်ဆင်ချက်တွေနဲ့ ဥပဒေကြမ်းကို လွှတ်တော်ကို ပြန်ပို့လိုက်ရင် သမ္မတရဲ့ မှတ်ချက်တွေကို လွှတ်တော်မှာ ဆွေးနွေးရပါတယ်။ သဘောတူတာ မတူတာကတော့ လွှတ်တော်ရဲ့ သဘောထားပါပဲ။ သမ္မတရဲ့ မှတ်ချက်ကို လွှတ်တော်က သဘောတူလို့ပဲ ဖြစ်ဖြစ် သဘောမတူလို့ပဲ ဖြစ်ဖြစ် သမ္မတဆီ နောက်တစ်ကြိမ် ပြန်ပို့လိုက်ပြီဆိုရင် သမ္မတက မဖြစ်မနေ အတည်ပြုရတော့တာပါ။ တို့ မြန်မာပြည်မှာဆိုရင် ဥပဒေကြမ်းကို သမ္မတဆီ ဒုတိယအကြိမ် ပြန်ပို့လိုက်ပြီဆိုရင် သမ္မတက ခုနစ်ရက် အချိန်ရပါတယ်။ ဒါပေမယ့် သမ္မတက ငြင်းခွင့် မရှိတော့တာချင်းတော့ အတူတူပါပဲ။
ဘဏ္ဍာရေးနဲ့ ငွေရေးကြေးရေးဆိုင်ရာ ဥပဒေတွေကလွဲရင် ကျန်တဲ့ ဥပဒေကြမ်းတွေကို အထက်လွှတ်တော်မှာဖြစ်ဖြစ် အောက်လွှတ်တော်မှာ ဖြစ်ဖြစ် စတင် တင်သွင်းလို့ ရပါတယ်။ လွှတ်တော် နှစ်ရပ်လုံးက သဘောတူမှ သာလျင် လွှတ်တော် နှစ်ရပ်လုံးက အတည်ပြုတယ်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။ လွှတ်တော်အစည်းအဝေးတွေ ရပ်နားထားလို့ ပါလီမန်မှာ ဥပဒေကြမ်းတစ်ခု ဆိုင်းငံ့ ဖြစ်နေရင်လည်း အဲသည်ဥပဒေကြမ်း မပျက်ပြယ်ပါဘူး။ အထက်လွှတ်တော်မှာ ဆွေးနွေးနေတုန်းမှာ အောက်လွှတ်တော် ဖျက်သိမ်းသွားရင်လည်း အဲသည်ဥပဒေကြမ်း မပျက်ပြယ်ပါဘူး။
ဗိုလ်ကောင်းတို့ မြန်မာပြည်မှာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်နဲ့ ပေါင်းပြီး ပြည်ထောင်စုလွှတ်တော်ဆိုတာ ကျင်းပသလို သူတို့ ဆီမှာလည်း တစ်ချို့သော ကိစ္စတွေအတွက် လွှတ်တော်နှစ်ရပ် ပေါင်းပြီး စည်းဝေးကျင်းပရတာ ရှိပါတယ်။ လွှတ်တော်တစ်ရပ်က ဥပဒေကြမ်းတစ်ခုကို အတည်ပြုပေးလိုက်တာကို တစ်ခြားလွှတ်တော်တစ်ရပ်က ပယ်ချလိုက်တဲ့အခါ၊ ဥပဒေကြမ်းပြင်ဆင်ချက်တွေကို လွှတ်တော်နှစ်ရပ် သဘောကွဲလွဲတဲ့အခါ၊ လွှတ်တော်တစ်ရပ်က ပေးပို့လာတဲ့ ဥပဒေကြမ်းတစ်ခုကို လက်ခံပြီး ခြောက်လကြာတဲ့အထိ အတည်ပြု မပေးနိုင်တဲ့အခါမျိုးတွေမှာ လွှတ်တော်နှစ်ရပ်ပေါင်းပြီး စည်းဝေးရပါတယ်။ လွှတ်တော်နှစ်ရပ်ပေါင်း အစည်းအဝေးမှာ သဘောကွဲလွဲချက်တွေကို ညှိနှိုင်းလို့ မရဘူးဆိုရင် မဲခွဲပြီး ဆုံးဖြတ်ပါတယ်။ အဲသည် လွှတ်တော် နှစ်ရပ်ပေါင်း စည်းဝေးဖို့ကို သမ္မတက ဆင့်ခေါ်ပေးရပါတယ်။ ဒီလုပ်ငန်းစဉ်တွေကတော့ ဗိုလ်ကောင်းတို့ မြန်မာပြည်က ပြည်ထောင်စု လွှတ်တော် လုပ်ငန်းစဉ်တွေနဲ့ သဘောတရားချင်း အတူတူပဲလို့ ဆိုနိုင်ပါတယ်ဗျာ။
အစိုးရရဲ့ နှစ်စဉ် ရသုံး မှန်းခြေ ငွေစာရင်း ဥပဒေကြမ်းနဲ့ ပတ်သက်ရင်တော့ လုပ်နည်းလုပ်ဟန်က နည်းနည်း ကွဲပြားပါတယ်။ ဆက်လက် လေ့လာတင်ပြပေးသွားမှာ ဖြစ်ပါတယ်။
No comments:
Post a Comment