Friday, 26 April 2013

အိန္ဒိယနိုင်ငံသားများ၏ မူလအခွင့်အရေးများ (လွတ်လပ်ခွင့်များ)

 
    ပုဒ်မ ၁၉ မှာပြဌာန်းထားတာက လွတ်လပ်စွာပြောဆိုခွင့်နဲ့ ဆိုင်ပါတယ်။ နိုင်ငံသားတိုင်းဟာ လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ်၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့် ရှိတယ်၊ အသင်းအပင်းများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိတယ်၊ နိုင်ငံတစ်ဝှမ်းမှာ လွတ်လပ်စွာ သွားလာခွင့်ရှိတယ်၊ နိုင်ငံတစ်ဝန်းမှာ လွတ်လပ်စွာ အခြေစိုက် နေထိုင်ခွင့်ရှိတယ်၊ အသက်မွေးဝမ်းကျောင်းမှုပညာရပ်တွေ အလုပ်အကိုင်တွေ ကုန်သွယ်စီးပွားလုပ်ငန်းတွေကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရှိတယ်လို့ ပြဌာန်းထားပါတယ်။ ဒါပေမယ့် . . .
    အဲသည် ဒါပေမယ့် ဆိုတာကြီးက တော်တော်ကို ကြီးတဲ့ ဒါပေမယ့်ကြီးပါ။ ပုဒ်မ ၁၉ ကို ပထမတစ်ပိုဒ်ပဲ ဖတ်မယ်ဆိုရင်တော့ ကားလမ်းပေါ် စပါးထွက်လှန်းချင်ကြတဲ့ ကိုကိုဒီမိုတို့ မမဒီမိုတို့ အကြိုက်ပေါ့။ ဒါပေမယ့် နေပါအုံး၊ ဆက်ဖတ်ကြည့်ကြပါဦးစို့။
    အထက်ဖော်ပြပါ အခွင့်အရေးတွေ ပေးထားတယ်ဆိုပေမယ့် အဲသည်အခွင့်အရေးတွေနဲ့ ပတ်သက်တဲ့ ကျိုးကြောင်းဆီလျော်တဲ့ ကန့်သတ်ချက်တွေ ပြဌာန်းထားတဲ့ လက်ရှိတည်ဆဲဥပဒေတွေ အကောင်အထည်ဖော် ကျင့်သုံးတာကို အတားအဆီး မဖြစ်စေရပါတဲ့၊ လိုအပ်တဲ့ ဥပဒေတွေ ထုတ်ပြန်တာကို အဟန့်အတား မဖြစ်စေရပါတဲ့။ ဘာအတွက်လည်း ဆိုတော့ အိန္ဒိယနိုင်ငံတော်ရဲ့ အချုပ်အခြာနဲ့ စည်းလုံးညီညွတ်မှုကို မထိခိုက်ဖို့အတွက်၊ နိုင်ငံတော်လုံခြုံရေးကို မထိခိုက်ဖို့အတွက်၊ မိတ်ဆွေနိုင်ငံများနဲ့ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးကို မထိခိုက်ဖို့ရာအတွက်၊ ပြည်သူလူထုရဲ့ အေးချမ်းသာယာမှုကို မထိခိုက်စေဖို့အတွက်၊ ပြည်သူလူထုရဲ့ စိတ်ဓာတ်ရေးရာ ထိပါးနိမ့်ကျမှု မဖြစ်စေဖို့အတွက်၊ တရားရုံးတွေကို မထေမဲ့ပြင် ပြုရာ မရောက်စေဖို့အတွက် ပြီးတော့ ဖျက်လိုဖျက်ဆီး လုပ်တဲ့သူတွေကို အားပေးအားမြှောက်ပြုရာ မရောက်အောင်လို့ အတွက် ပြီးတော့ အခြေခံဥပဒေက အထူးကာကွယ်ပေးထားတဲ့ လူမှုရေးအဆင့်အတန်း နိမ့်ကျတဲ့ါ ဇာတ်နိမ့် လူတန်းစားတွေကို ကာကွယ်နိုင်ဖို့အတွက် လိုအပ်တဲ့ ကန့်သတ်ချက်တွေ စည်းကမ်းတွေ ဥပဒေတွေကို ထုတ်ပြန်ရမယ် လို့ အပိုဒ် ၂၊ ၃၊ ၄ နဲ့ ၅ မှာ ဆက်လက် ဖော်ပြထားပါတယ်။
    အလားတူပဲ တို့အခြေခံဥပဒေ ပုဒ်မ ၃၅၄ မှာ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါ အခွင့်အရေးများကို လွပ်လပ်စွာ သုံးစွဲ ဆောင်ရွက်ခွင့်ရှိသည် ဆိုပြီး (က) မိမိ၏ ယုံကြည်ချက် ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရေးသားဖြန့်ဝေခွင့်၊ (ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့် စီတန်းလှည့်လည်ခွင့်၊ (ဂ) အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်၊ (ဃ) တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်းကိုလည်းကောင်း အခြားဘာသာ သာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှု မရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား စာပေ ယဉ်ကျေးမှု ကိုးကွယ်သည့် ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့် ရှိရမယ်လို့ ပြဌာန်းထားပါတယ်။ ဒါ့အပြင် ပုဒ်မ ၃၅၅ မှာ နိုင်ငံသားတိုင်းသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း မည်သည့် အရပ်ဒေသ၌မဆို ဥပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့် ရှိသည်လို့ ဖော်ပြထားပါတယ်။ ပုဒ်မ ၃၇၀ မှာ နိုင်ငံသားများသည် နိုင်ငံတော်အတွင်း အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေး လုပ်ငန်းများကို ဥပဒေနှင့်အညီ လွတ်လပ်စွာ လုပ်ကိုင် ဆောင်ရွက်ခွင့်ရှိသည် လို့ ပြဌာန်းထားပါတယ်။

No comments:

Post a Comment