Friday 19 April 2013

အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲများ


    အိန္ဒိယနိုင်ငံမှာလည်း ရွေးကောက်ပွဲတွေ ကြီးကြပ်ဖို့၊ ညွှန်ကြားဖို့၊ ထိန်းသိမ်းကွပ်ကဲဖို့အတွက် ရွေးကောက်ပွဲ ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်း တာဝန်ပေးအပ် ရမယ်လို့ အခြေခံဥပဒေ အပိုင်း ၁၅ မှာ ပြဌာန်းထားပါတယ်။ အဲသည်ကော်မရှင်ဟာ ပါလီမန်လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် အမတ်တွေ ရွေးကောက်တင်မြှောက်ရာမှာ၊ သမ္မတနဲ့ ဒုသမ္မတ ရွေးကောက်တင်မြှောက်ရာမှာ ကြီးကြပ်ပေးရပါတယ်။ အဲသည် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဥက္ကဌနဲ့ အဖွဲ့ဝင်တွေကို သမ္မတက ခန့်အပ်ရပါတယ်။ ပြည်နယ်တွေမှာ ဒေသဆိုင်ရာအလိုက် ကြီးကြပ်နိုင်အောင် ရွေးကောက်ပွဲ ကော်မရှင်တွေ ဖွဲ့တဲ့နေရာမှာလည်း ကော်မရှင်ဥက္ကဌရဲ့ အကြံပြုချက်နဲ့ ဒေသဆိုင်ရာ ကော်မရှင်အဖွဲ့ဝင်များကို သမ္မတက ခန့်အပ်ရပါတယ်။ ကော်မရှင်ဥက္ကဌကို တရားလွှတ်တော်ချုပ် တရားသူကြီးတစ်ဦးရဲ့ ဆုံးဖြတ်ချက်က လွဲရင် ရာထူးတာဝန်က ဖယ်ရှားခွင့် မရှိပါဘူး။ မြန်မာအခြေခံဥပဒေမှာတော့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌနဲ့ အဖွဲ့ဝင်တွေကို သမ္မတကသာ စွပ်စွဲပြစ်တင်ခွင့် ရှိပါတယ်။ ဒါပေမယ့် ပြည်ထောင်စု လွှတ်တော် နာယကကို တင်ပြပြီး လွှတ်တော်မှာ စုံစမ်းစစ်ဆေးရပါတယ်။ တာဝန်က ရပ်စဲတန်တယ်လို့ လွှတ်တော်က ဆုံးဖြတ်ရင် သက်ဆိုင်ရာ ပုဂ္ဂိုလ်ကို တာဝန်က ရပ်စဲလို့ ရပါတယ်။


    တို့မြန်မာပြည်မှာတော့ မဲဆန္ဒရှင်တွေဟာ အထက်လွှတ်တော်၊ အောက်လွှတ်တော်နဲ့ ပြည်နယ်တိုင်း လွှတ်တော်အမတ်တွေ အားလုံးအတွက် မဲပေးရပေမယ့် သူတို့ဆီမှာတော့ အောက်လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် တစ်ရပ်ကိုပဲ ရွေးကောက် တင်မြှောက်ပေးရတာပါ။ အထက်လွှတ်တော် အမတ်ကို ပြည်နယ်လွှတ်တော်တွေက ရွေးကောက် တင်မြှောက်တာဖြစ်ပြီး လွှတ်တော်နှစ်ရပ် ရှိတဲ့ ပြည်နယ်တွေမှာလည်း ကျန်လွှတ်တော်တစ်ရပ်ကို ပြည်သူက တိုက်ရိုက် ရွေးကောက်တင်မြှောက်ရတာ မဟုတ်ပါဘူး။ တို့ဆီက တိုင်းရင်းသားတွေဟာ သက်ဆိုင်ရာ ပြည်နယ် တိုင်း တိုင်းရင်းသားရေးရာအမတ် နေရာအတွက် သီးခြားမဲပေးပိုင်ခွင့် ရှိပေမယ့် သူတို့ဆီမှာတော့ အဲသည်လို သီးခြားအခွင့်အရေးပေးဖို့ ခွင့်ပြုမထားပါဘူး။ အိန္ဒိယမှာ မနေသူ၊ စိတ်ပေါ့သွပ်သူ၊ ရာဇဝတ်မှုကျူးလွန်သူ တွေကလွဲရင် ဘာသာရေး၊ လူမျိုးရေး၊ အမျိုးဇာတ်နဲ့ ကျားမ ခွဲခြားမှုမရှိစေပဲ တားမြစ်ခြင်း အထူးအခွင့်အရေးပေးခြင်း မရှိစေရလို့ ပုဒ်မ ၃၂၅ နဲ့ ၃၂၆ တို့မှာ ဖော်ပြထားပါတယ်။


    ရွေးကောက်ပွဲများနဲ့ ပတ်သက်ပြီး မဲစာရင်းပြုစုတာ၊ မဲဆန္ဒနယ် ကန့်သတ်တာ စတဲ့ သက်ဆိုင်ရာ ကိစ္စရပ်များအတွက် လိုအပ်တဲ့ ဥပဒေတွေကို ပါလီမန်က ပြဌာန်းပေးရပါတယ်။ ပါလီမန်က ပြဌာန်းခြင်း မပြုသော်လည်း သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်တွေအတွက် ရွေးကောက်ပွဲဆိုင်ရာ လိုအပ်တဲ့ ဥပဒေတွေကို သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်များက ပြဌာန်းခွင့် ရှိပါတယ်။ ပြီးတော့ ရွေးကောက်ပွဲ ဆိုင်ရာ ကိစ္စရပ်များကို တရားစီရင်ရေးမဏ္ဍိုင်က ဝင်ရောက်စွက်ဖက်မှု မရှိအောင်လည်း တားမြစ်ထားပါသေးတယ်။ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဘယ်တရားရုံးမှာမှ တရားစွဲဆိုခွင့် မရှိတဲ့ သဘောဖြစ်ပါတယ်။ တို့ မြန်မာပြည်မှာတော့ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို ကော်မရှင်က ခုံရုံးဖွဲ့ပြီး စစ်ဆေး ဆုံးဖြတ်ပေးပါတယ်။ တရားစီရင်ရေး မဏ္ဍိုင်က ဆုံးဖြတ်ခွင့် မရှိတဲ့ သဘောပါပဲ။
    အခြေခံဥပဒေ စတင်ရေးသားစဉ်အခါက ပါလီမန်မှာ ဝန်ကြီးချုပ်နဲ့ လွှတ်တော် ဥက္ကဌ ရွေးကောက်တင်မြှောက်ခြင်းနဲ့ ပတ်သက်တဲ့ အထူးပြဌာန်းချက်ကို ထည့်သွင်း ရေးသားခဲ့ပေမယ့် အခြေခံဥပဒေ ပြင်ဆင်ချက်အမှတ် ၄၄ နဲ့ ၁၉၇၈ ခုနှစ်မှာပဲ ပယ်ဖျက်ပြီး ဖြစ်လို့ အဲသည်အကြောင်းကို မတင်ပြတော့ပါဘူး။


    ဒီနေရာမှာ မြန်မာနိုင်ငံ အခြေခံဥပဒေရဲ့ ရွေးကောက် တင်မြှောက်ခြင်း အခန်းပါ ထူးခြားချက်လေးတစ်ခုကို အလျဉ်းသင့်လို့ တင်ပြလိုပါတယ်။ မြန်မာနိုင်ငံ အခြေခံဥပဒေမှာ ပါဝင်တဲ့ ရာထူးနေရာ ခန့်ထားခြင်းတွေမှာ အသက်အပိုင်းအခြားတွေ ပါလေ့ရှိပါတယ်။ ဥပမာ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးဆိုရင် အသက် ၅၀ နှစ် မှ ၇၀ နှစ်အတွင်း ရှိရမယ်လို့ ပြဌာန်းထားပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌနဲ့ အဖွဲ့ဝင်တွေကိုတော့ အသက် ၅၀ နှစ်ပြည့်ပြီးသူ ဖြစ်ရမယ်လို့ ပုဒ်မ ၃၉၈(ခ)(၁) မှာ ဖော်ပြထားတာက လွဲရင် ဘယ်နှစ်နှစ်ထိ တာဝန်ထမ်းဆောင်ရမလဲ ဆိုတာကို ကန့်သတ်ထားချက် မတွေ့ရပါဘူး။ ဒါပေမယ့် ပြည်ထောင်စု လွှတ်တော်က  ၂၀၁၂ ခုနှစ် မတ်လ ၁၉ ရက်နေ့မှာ ပြင်ဆင်ပြဌာန်းလိုက်တဲ့ ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၃) ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေ အခန်း(၃) ပုဒ်မ (၆)မှာ "ဖွဲ့စည်းထားသော ကော်မရှင်၏ ရာထူးသက်တမ်းသည် နိုင်ငံတော် သမ္မတ၏ ရာထူးသက်တမ်းအတိုင်းဖြစ်သည်" လို့ ပါရှိတာကို တွေ့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အဲသည်ပြဌာန်းချက်ဟာ အခြေခံဥပဒေနဲ့ ညီညွတ်ပါရဲ့လားလို့ သိချင်တဲ့အတွက် လက်လှမ်းမီသလောက် မေးမြန်းလေ့လာကြည့်ရာမှာလည်း ဒီနေ့အထိ စိတ်ကျေနပ်လောက်တဲ့ အဖြေ မရသေးပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံ အခြေခံဥပဒေကို အနက်အဓိပ္ပာယ် ဖွင့်ဆိုခွင့်ရှိတဲ့ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကလည်း ဒါနဲ့ ပတ်သက်ပြီး ဘာမှ ပြောသံဆိုသံ မကြားမိသေးပါဘူး။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး သိကြသူများက ဗိုလ်ကောင်းနားမလည်ဖြစ်နေတာကို ကူညီရှင်းပြပေးကြပါလို့ ပန်ကြားရင်းနဲ့ ဒီစာစုကို နိဒါန်းချုပ်အပ်ပါတယ်။ ရွှင်လန်း ချမ်းမြေ့ကြပါစေ။

No comments:

Post a Comment