ပုဒ်မ ၁၄ ကနေ ၁၆ အထိဟာ နိုင်ငံသားတွေရဲ့ တန်းတူညီမျှမှု အခွင့်အရေးကို အကာအကွယ် ပေးထားတဲ့ ပြဌာန်းချက်များ ဖြစ်ပါတယ်။ ပုဒ်မ ၁၄ က တို့အခြေခံဥပဒေ ပုဒ်မ ၃၄၇ နဲ့ အတူတူပါပဲ။ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည့်အပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့် ပေးရမယ်လို့ ဆိုထားပါတယ်။
ပုဒ်မ ၁၅ ကတော့ ကိုးကွယ်တဲ့ ဘာသာ၊ လူမျိုး၊ အမျိုးဇာတ်၊ ယောက်ျားမိန်းမ နဲ့ ဇာတိတို့ကို အကြောင်းပြုပြီး လူအချင်းချင်း ခွဲခြားဆက်ဆံတာကို တားမြစ်ထားတဲ့ ပုဒ်မ ဖြစ်ပါတယ်။ ဘယ်သူမဆို ဈေးဆိုင်မှာ ဈေးဝယ်တာ၊ စားသောက်ဆိုင်မှာ စားသောက်တာ၊ တည်းခိုခန်း ဟိုတယ်မှာ တည်းတာ၊ အများပြည်သူ ဖျော်ဖြေပွဲတွေကို သွားရောက် ကြည့်ရှုတာ၊ ရေတွင်း ရေကန် အသုံးပြုတာ၊ ရေချိုးဆိပ်အသုံးပြုတာ၊ လမ်းတွေ အများပြည်သူ နေရာတွေမှာ သွားလာတာတွေနဲ့ ပတ်သက်ပြီး ခွဲခြားဆက်ဆံမှု မရှိစေရလို့ တားမြစ်ထားတာ ဖြစ်ပါတယ်။ တို့အခြေခံဥပဒေ ပုဒ်မ ၃၄၈ မှာလည်း နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့် နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှု မရှိစေရ လို့ ပြဌာန်းထားပါတယ်။
ပုဒ်မ ၁၆ ကတော့ ပြည်သူ့ဝန်ထမ်းတာဝန်ထမ်းဆောင်မှုနဲ့ ပတ်သက်ပြီး နိုင်ငံသားအားလုံးဟာ အခွင့်အရေး တန်းတူညီမျှ ရှိစေရမယ်လို့ ပြဌာန်းထားပါတယ်။ ဒါပေမယ့် အလုပ်အကိုင်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်နယ်ဒေသအတွင်း နေထိုင်သူကို ဦးစားပေးတာ၊ ဇာတ်နိမ့်တွေအတွက် သီးခြား အခွင့်အရေးတွေ သတ်မှတ်ပေးတာကို တော့ ဒီပြဌာန်းချက်က အဟန့်အတား မဖြစ်စေရလို့လည်း ဆိုပါတယ်။ တို့အခြေခံဥပဒေ ပုဒ်မ ၃၅၂ မှာလည်း နိုင်ငံတော်သည် အလုပ်အကိုင် ခန့်ထားရာတွင်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်း ရွေးချယ်တာဝန်ပေးရာတွင် ဖြစ်စေ သတ်မှတ်သော အရည်အချင်းနှင့် ပြည့်စုံပါက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့် နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ သာသနာ၊ အမျိုးသား၊ အမျိုးသမီးကို အကြောင်းပြုလျက် ရာထူး ရွေးချယ်ခန့်ထားခြင်းကို ခွဲခြားမှု မပြုရ၊ သို့ရာတွင် အမျိုးသားများနှင့်သာ လျော်ကန်သင့်မြတ်သည့် ရာထူးတာဝန်များအတွက် အမျိုးသားများအား ရွေးချယ်ခန့်ထားခြင်းကို ဤပုဒ်မအရာ အဟန့်အတား မဖြစ်စေရ လို့ ပြဌာန်းထားပါတယ်။
ပုဒ်မ ၁၇ ကတော့ အိန္ဒိယနိုင်ငံက လူတန်းစားတစ်မျိုးနဲ့ ဆိုင်ပါတယ်။ သူတို့တွေက သိပ်ဇာတ်ကြီးကြတာဆိုတော့ တစ်ချို့ ဇာတ်နိမ့်တွေကိုများဆိုရင် မထိကောင်း မကိုင်ကောင်းတဲ့ အရာလို့တောင် သတ်မှတ်ကြသတဲ့။ တစ်ချို့ဈေးဆိုင်တွေက ဇာတ်နိမ့်တွေကို ဆိုင်ထဲ အဝင်မခံဘူးတဲ့။ တစ်ချို့အိမ်တွေက သူတို့အိမ်မှာ သန့်ရှင်းရေးလာလုပ်တဲ့သူဟာ ဇာတ်နိမ့်ဆိုရင် အိမ်ပြင်ထွက်နေကြသတဲ့။ သူတို့ကို အဖက်လုပ် စကားပြောဖို့ ဝေးလို့ မတော်တဆ သူတို့ကို ထိမိကိုင်မိတယ် ဆိုရင်တောင် ရေခုနစ်ခါချိုးပြီး ပြန်သန့်ကြသတဲ့။ အဲသည်လို ဖြစ်နေတာဟာ လူလူချင်း ခွဲခြားတာဖြစ်လို့ အိန္ဒိယအခြေခံဥပဒေ ရေးဆွဲစဉ်မှာ အဲသည် အကျင့်တွေကို ဖျောက်ဖျက်ပစ်ဖို့ ထည့်သွင်းရေးဆွဲ ခဲ့ပါတယ်။ လူလူချင်း အဲသည်လို ခွဲခြားဆက်ဆံမှုဟာ ပြစ်မှုမြောက်ပြီး အပြစ်ဒဏ်ပေးတာ ခံရမယ်လို့ ပုဒ်မ ၁၇ မှာ ပြဌာန်းခဲ့ပြီး အဲသည်ပုဒ်မအရ ၁၉၅၅ ခုနှစ်မှာ ပါလီမန်က ဇာတ်နိမ့်ခွဲခြားမှု တိုက်ဖျက်ရေး ဥပဒေတစ်ရပ် ပြဌာန်းခဲ့ပါတယ်။ တို့အခြေခံဥပဒေ ပုဒ်မ ၃၅၂ ပြဌာန်းချက်မှာတော့ ဒီအကြောင်းအရာတွေအားလုံး အကျုံးဝင်ပြီး ဖြစ်ပါတယ် (အထက်မှာဖော်ပြပြီး)။
ပုဒ်မ ၁၈ ကတော့ နည်းနည်း ထူးဆန်းပါတယ်။ စစ်ဘက်ဆိုင်ရာနဲ့ ပညာရပ်ပိုင်းဆိုင်ရာကလွဲပြီး ဘယ်ဘွဲ့ထူးဂုဏ်ထူးကိုမှ လက်ခံရယူခွင့် မရှိဘူးလို့ ပြဌာန်းထားပါတယ်။ ပြည်ပနိုင်ငံက ဘွဲ့ထူးဂုဏ်ထူးကို ရယူခြင်းကိုလည်း တားဆီးထားတဲ့အတွက် အင်္ဂလိပ်ခေတ်က ပေးအပ်ခဲ့တဲ့ ဘွဲ့ထူးဂုဏ်ထူးတွေတကိုလည်း အသိအမှတ်မပြုတဲ့သဘော သက်ရောက်တာကို တွေ့ရပါတယ်။
No comments:
Post a Comment