Monday, 29 April 2013

နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ


    ခေါင်းစဉ်ကတော့ မြန်မာနိုင်ငံ အခြေခံဥပဒေ အခန်း ၂ ခေါင်းစဉ်ဖြစ်ပါတယ်။ အိန္ဒိယအခြေခံဥပဒေမှာတော့ အပိုင်း ၁ ဖြစ်ပါတယ်။ ဒါ့အပြင် ဆက်စပ်နေတဲ့ အိန္ဒိယနိုင်ငံ ပြည်နယ်များစာရင်းကို ဖော်ပြထားတဲ့ အခြေခံဥပဒေ ဇယား ၁ နဲ့ ပြည်နယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်ဦးရေ သတ်မှတ်ပေးထားတဲ့ ဇယား ၄ တို့ကိုပါ ပူးတွဲ လေ့လာတင်ပြသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်နယ် ၇ ခ၊ု တိုင်းဒေသကြီး ၇ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၁ တိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခု၊ ပြည်ထောင်စုနယ်မြေ ၁ ခုနဲ့ ဖွဲ့စည်းထားပြီး အိန္ဒိယနိုင်ငံမှာတော့ ပြည်နယ် ၂၈ ခု၊ ပြည်ထောင်စုနယ်မြေ ၇ ခုနဲ့ ဖွဲ့စည်းထားပါတယ်။ ပြည်နယ် ၂၈ ပြည်နယ်မှာ ပြည်နယ်လွှတ်တော်တွေ ရှိပြီး ပြည်ထောင်စုနယ်မြေ ၇ ခုအနက် ပွန်ဒီချယ်ရီ ပြည်ထောင်စုနယ်မြေနဲ့ မြို့တော်ဒေလီတို့မှာ ရွေးကောက်တင်မြှောက် ဖွဲ့စည်းထားတဲ့ ဥပဒေပြုအဖွဲ့အစည်းနဲ့ သီးခြားအစိုးရတို့ ရှိနေပြီး ကျန်ပြည်ထောင်စု နယ်မြေတွေကိုတော့ ဗဟိုကနေ ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးနဲ့ တိုက်ရိုက် အုပ်ချုပ်တာဖြစ်ပါတယ်။ ပြည်နယ်တွေရဲ့အောက်မှာ ခရိုင် မြို့နယ် ကျေးရွာအုပ်စု ကျေးရွာတွေ ရှိနေတာကတော့ မြန်မာပြည်နဲ့ ဆင်ဆင်တူပါတယ်။

    ပြည်နယ်တွေကတော့
၁။    အန်ဒရာပရာဒက်ရှ်ပြည်နယ် (Andhra Pradesh)   
၂။    အရမ်နက်ချာပရာဒက်ရှ်ပြည်နယ် (Arunachal Pradesh)
၃။    အာသံပြည်နယ် (Assam)
၎။    ဘီဟာပြည်နယ် (Bihar)
၅။    ချက်တီစ်ဂါ့ပြည်နယ် (Chhattisgarh)
၆။    ဂိုအာပြည်နယ် (Goa)
၇။    ဂူဂျာရတ်ပြည်နယ် (Gujarat)
၈။    ဟာယာနပြည်နယ် (Haryana)
၉။    ဟီမာချယ်ပရာဒက်ရှ်ပြည်နယ် (Himachal Pradesh)
၁၀။    ဂျမူးနှင့်ကက်ရှ်မီးယားပြည်နယ် (Jammu and Kashmir)
၁၁။    ဂျဟာယခန့်ပြည်နယ် (Jharkhand)
၁၂။    ကာနာတကပြည်နယ် (Karnataka)
၁၃။    ကာရာလပြည်နယ် (Kerala)
၁၄။    မတ်ဒရာပရာဒက်ရှ်ပြည်နယ် (Madhya Pradesh)
၁၅။    မဟာရပ်ရှ်တြာပြည်နယ် (Maharashtra)
၁၆။    မဏိပူရ်ပြည်နယ် (Manipur)
၁၇။    မဟာလာယပြည်နယ် (Meghalaya)
၁၈။    မီဇိုရမ်ပြည်နယ် (Mizoram)
၁၉။    နာဂလန့်ပြည်နယ် ( Nagaland)
၂၀။    အောဒိရှပြည်နယ် (Odisha)
၂၁။    ပန်ဂျပ်ပြည်နယ် (Punjab)
၂၂။    ရာဂျက်စ်သန်ပြည်နယ် (Rajasthan)
၂၃။    ဆစ်ခင်ပြည်နယ် (Sikkim)
၂၄။    တမီလ်နာဒူးပြည်နယ် (Tamil Nadu)
၂၅။    ထရိပူရ်ပြည်နယ် (Tripura)
၂၆။    ဥတ္တရာပရာဒက်ရှ်ပြည်နယ် (Uttar Pradesh)
၂၇။    ဥတ္တရာခန့်ပြည်နယ် (Uttarakhand)
၂၈။    အနောက်ဘင်္ဂလားပြည်နယ် (West Bengal) တို့ ဖြစ်ပါတယ်။


ပြည်ထောင်စုနယ်မြေများကတော့
(က)    အက်ဒမန်နှင့်နီကိုဘာ ကျွန်းစုများ (Andaman and Nicobar Islands)
(ခ)    ချန်ဒီဂါ့ (Chandigarh)
(ဂ)    ဒက်ရာ နှင့် နာဂါ ဟက်ဝလီ (Dadra and Nagar Haveli)
(ဃ)    ဒက်မန်နှင့် ဒီရူး (Daman and Diu)
(င)    လာ့ခ်ရှဒွိ (Lakshadweep)
(စ)    ဒေလီမြို့တော် (National Capital Territory of Delhi)
(ဆ)    ပွန်ဒီချယ်ရီ (Puducherry) တို့ပဲ ဖြစ်ပါတယ်။

    အိန္ဒိနိုင်ငံရဲ့ တောင်ဘက်မှာ အာရေဗျပယ်လယ်နဲ့ ဘင်္ဂလားပင်လယ်အောင်တို့နဲ့ ထိစပ်နေတဲ့ ရှည်လျားတဲ့ ကမ်းရိုးတန်းရှိပါတယ်။ အနောက်ဘက်မှာ ပါကစ္စတန်နိုင်ငံ၊ မြောက်ဘက်မှာ တရုတ်နိုင်ငံ၊ နီပေါနိုင်ငံ၊ ဘူတန်နိုင်ငံ၊ အရှေ့ဘက်မှာ မြန်မာနိုင်ငံတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံကတော့ အိန္ဒိယနိုင်ငံရဲ့ အတွင်းထဲမှာပဲ ငုံထားမိတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ တောင်ဘက် ကမ်းလွန်ပင်လယ်ထဲမှာ သီရိလင်္ကာနိုင်ငံနဲ့ မော်လ်ဒိုက်ကျွန်းစုများ တည်ရှိပြီး အက်ဒမန်နဲ့ နီကိုဘာကျွန်းစုတွေကတော့ ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့နဲ့ ရေပြင်နယ်နိမိတ် ထိစပ်လျက်ရှိနေပါတယ်။


    နိုင်ငံတော် နယ်နိမိတ်ထဲကို အသစ်ထပ်မံဝင်ရောက်လာတဲ့ နယ်မြေကိုလည်း ပြည်နယ်အသစ်ဖွဲ့စည်းမှုအဖြစ် ပါလီမန်က ဥပဒေပြဌာန်းသတ်မှတ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ပြည်နယ်နှစ်ခု ပူးပေါင်းပြီး ပြည်နယ်တစ်ခုတည်ထောင်တာပဲ ဖြစ်ဖြစ်၊ ပြည်နယ်တစ်ခုရဲ့ နယ်ပယ်ကို ချဲ့ထွင်တာပဲဖြစ်ဖြစ်၊ ပြည်နယ်တစ်ခုရဲ့နယ်ပယ်ကို လျှော့ချတာပဲဖြစ်ဖြစ်၊ ပြည်နယ်ရဲ့ နယ်နိမိတ်ကို ပြောင်းလဲ သတ်မှတ်တာပဲ ဖြစ်ဖြစ်၊ ပြည်နယ်တစ်ခုရဲ့ နာမည်ကို ပြောင်းလဲတာပဲ ဖြစ်ဖြစ် ပါလီမန်က ဥပဒေပြဌာန်း ဆောင်ရွက်နိုင်တယ်လို့ ဆိုထားပေမယ့် သမ္မတရဲ့ထောက်ခံချက်မပါဘဲ ဆောင်ရွက်လို့ မရပါဘူး။ အထက်ပါဆောင်ရွက်ချက်တွေကို ဥပဒေပြဌာန်း ဆောင်ရွက်လိုက်ပြီ ဆိုရင်တောင် ပုဒ်မ ၃၆၈ မှာဖော်ပြထားတဲ့ ပြည်နယ်လွှတ်တော်များ ဥပဒေပြုစာရင်းကို ပြင်ဆင်တယ်လို့ မှတ်ယူခွင့် မရှိပါဘူးတဲ့။ ဆိုလိုတာက ပြည်နယ်နယ်နိမိတ်တွေ နာမည်ကိုတွေ ပြင်ဆင်လိုက်တယ် ဆိုရင်တောင် အဲဒီ ပြင်ဆင်ချက်များဟာ အခြေခံဥပဒေ ပုဒ်မ ၃၆၈ မှာ ဖော်ပြထားတဲ့ ပြည်နယ်လွှတ်တော်များ ဥပဒေပြုစာရင်းကို အကျိုးသက်ရောက်မှု မရှိစေရဘူးလို့ ပြောတာဖြစ်ပါတယ်။
    တို့မြန်မာနိုင်ငံ အခြေခံဥပဒေမှာလည်း နိုင်ငံတော်နယ်နိမိတ် ပြင်ဆင်သတ်မှတ်ရန် လိုအပ်ပါက ပြင်ဆင်သတ်မှတ်နိုင်မယ့် နည်းလမ်းများကို ပုဒ်မ ၅၂ မှာ ဖော်ပြထားပါတယ်။ အကြမ်းဖျင်းအားဖြင့် သမ္မတက ပြည်ထောင်စုလွှတ်တော်ကို အကြောင်းကြားမယ်။ လွှတ်တော်က သဘောတူရင် သမ္မတက ဆက်လက်ဆောင်ရွက်ဖို့ ပြဌာန်းထားတာပါ။ ပြည်နယ်တိုင်း တွေရဲ့ နယ်နိမိတ်ပြင်ဆင်ချင်ရင်တော့ ပထမဆုံး သက်ဆိုင်ရာပြည်နယ်တိုင်း နယ်နိမိတ်ထဲမှာ နေတဲ့သူတွေရဲ့ သဘောထားကို အရင်ရယူရမှာဖြစ်ပါတယ်။ သူတို့ သဘောတူပြီဆိုမှ သက်ဆိုင်ရာ ပြည်နယ်တိုင်း လွှတ်တော်တွေမှာ ဆက်လက် သဘောထားရယူရမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ပြည်နယ်တိုင်း လွှတ်တော်တွေ သဘောတူပြီဆိုမှ ပြည်ထောင်စုလွှတ်တော်ကို တင်ပြပြီး အဆုံးအဖြတ် ခံယူရတာဖြစ်ပါတယ်။ ရပ်ကွက် ကျေးရွာ အုပ်စု မြို့နယ် ခရိုင်တွေကို ပြင်ဆင်ဖွဲ့စည်းဖို့ဆိုရင်တော့ သက်ဆိုင်ရာ ပြည်နယ် တိုင်း ဝန်ကြီးချုပ်က သမ္မတကို ထောက်ခံတင်ပြပေးတဲ့အခါကျရင် သမ္မတက လိုအပ်သလို ဆက်လက်ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသတွေကိုလည်း အမည်ပြောင်းလဲ နိုင်ပေမယ့် အသစ်ဖွဲ့စည်းမှု ဘယ်လို လုပ်ရမလဲဆိုတာတော့ မတွေ့မိပါဘူး။ နိုင်ငံတော် ကာကွယ်ရေး လုံခြုံရေး စီးပွားရေး အုပ်ချုပ်ရေးတို့နဲ့ စပ်လျဉ်းပြီး ထူးခြားသောအခြေအနေရှိတဲ့ နေရာတစ်ခုကို ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်မယ်ဆိုရင်တော့ ဥပဒေပြဌာန်း သတ်မှတ်နိုင်ပါတယ်။
    တကယ့်တကယ်တော့ အိန္ဒိယနိုင်ငံ ဖွဲ့စည်းတည်ဆောက်ပုံကို ပြောရမယ်ဆိုရင် အများကြီး ကျန်ပါသေးတယ်။ ပြည်နယ်တွေ အသစ်တိုးလာတာ၊ နယ်ခြားပြဿနာတွေ စတဲ့ အကြောင်းအရာတွေ အများသားပါ။ ပြီးတော့ နိုင်ငံတစ်ခုရဲ့ ပထဝီဝင်အကြောင်း ပြောပြီ ဆိုရင်လည်း အိမ်နီးချင်း နိုင်ငံတွေ ပင်လယ်တွေအကြောင်းက မပါမဖြစ်ပါ။ ဒီနေရာမှာတော့ အခြေခံဥပဒေကို ဇောင်းပေး တင်ပြတာဖြစ်လို့ အထူးအထွေ ထပ်မံ မတင်ပြလိုတော့ပါဘူး။ စာဖတ်သူများ ရွှင်လန်းချမ်းမြေ့ပါစေဗျာ။

No comments:

Post a Comment