ငယ်ငယ်တုန်းက ကျောင်းတက်ရင်း သူငယ်ချင်းတွေနဲ့ အတူ နေ့လည်စာ ၀ိုင်းဖွဲ့ စားရတဲ့ အရသာမျိုး လူတော်တော်များများ ကြုံဖူးကြမှာပါ။ ကျွန်တော်လည်း ငယ်ငယ်တုန်းကလို့ မဆိုနိုင်ပေမယ့် ရန်ကုန် တက္ကသိုလ်မှာ ဘွဲ့လွန်တက်နေတုန်း သူငယ်ချင်းတွေနဲ့ နေ့လည်စာ အတူစားခဲ့ဖူးတဲ့ အကြိမ်ပေါင်းများစွာ ရှိခဲ့ဖူးပါတယ်။
ကျွန်တော်နဲ့ နေ့လည်စာ အတူစားခဲ့တဲ့သူတွေဟာ တစ်တန်းတည်းသားချင်းမို့ သူငယ်ချင်းလို့ ဆိုပေမယ့် တကယ်တော့ ကျွန်တော် ရိုသေချစ်ခင်ရတဲ့ အစ်မတွေ ဖြစ်ပါတယ်။ တေဘုမ္မာ သ်ီချင်းကြီးကို ရေးသွားတဲ့ ဦးပြုံးချိုတို့ ကျိုက်လတ်မြို့က မဇင်မာလွင်၊ ကြိုးကြာမသောက် ရေမနောက် မပေါက်ရွှေကြာ မိထိလာဆိုတဲ့ ကြည်တစ်ခြမ်း နောက်တစ်ခြမ်း ရေကန်ကြီး ရှိတဲ့ မိတ္ထီလာမြို့ သူ မမေသူထွေး၊ စာဆိုတော် အကျော်အမော် န၀ဒေးကြီးတို့ရဲ့အရပ် ပြည်မြို့က မလွင်သန္တာထား။ နာမည်ကြားလိုက်တာနဲ့ ( တံတားဦးက ကွမ်းနုဝါ)ဆိုတဲ့ စာချိုးလေးကို သတိရသွားစေတဲ့ မခင်ဝါနု။ ခရမ်းကနေ ရန်ကုန်တက္ကသိုလ်ထိ ကားတမေ့တမောစီးပြီး ကျောင်းလာတက်ရတယ်ဆိုတဲ့ မငြိမ်းသွဲ့ခိုင် တို့ဟာ ကျွန်တော်နဲ့ နေ့လည်စာ အတူစားဖက် သူငယ်ချင်းများ ဖြစ်ပါတယ်။ ထမင်းဝိုင်းမှာ မပါပေမယ့် ကျွန်တော့်အတွက် ဟင်းတွေ တကူးတကချက် ယူလာပေးတတ်တဲ့ သူကတော့ အင်္ဂလိပ်လို ပြောတဲ့အခါ အသံစူးစူးလေးနဲ့ နားနားပြီး ပြောတတ်တဲ့ မဆွေနိုင်ထွန်း ဖြစ်ပါတယ်။
ရိပ်သာက လာပို့ပေးတဲ့ ထမင်းဗူးဟာ နေ့တိုင်း အသားဟင်း ဆိုပေမယ့် စားချင့်စဖွယ် နည်းနည်းလေးမှ မကောင်းတဲ့ဟင်းပါ။ စပြီး စားရခါစကတော့ မဆိုးပါဘူးလို့ ထင်ခဲ့ပေမယ့် ကြာလာတော့ နေ့တိုင်း စားနေရတဲ့ ဒီထမင်းဗူးဟာ ဖွင့်လိုက်လို့ ဟင်းနဲ့ ရတာနဲ့ကို စားချင်စိတ် ပျောက်သွားမတတ်ပါ။ အဲဒီလို အခြေအနေမျိုးမှာ ကျွန်တော့် သူငယ်ချင်းများ ကိုယ်တိုင် စောစောထ ချက်ပြုတ်ကြော်လှော်လာတဲ့ ဒါမှမဟုတ် သူတို့အိမ်တွေက ချက်ပြုတ် ကြော်လှော် ပေးလိုက်တဲ့ ဟင်းတွေဟာဆိုရင် ကျွန်တော့်အတွက် နတ်သုဒ္ဓါတမျှပါပဲ။ ကျွန်တော့် အစ်မများက သူတို့ ကြော်လှော် ချက်ပြုတ်လာတာတွေကို ရက်ရက်ရောရော ကျွေးရုံသာမကဘူး ကျွန်တော့် ထမင်းဗူးထဲက ဟင်းတွေကိုပါ စိတ်ဝင်တစား စားပေးတဲ့အတွက် ကျေးဇူးတင်ရပါသေးတယ်။
ကျွန်တော့် သူငယ်ချင်း မမများဟာ ထမင်းစားရင် ဟင်းထည့်ကျွေးရုံသာမက ထမင်းစားပြီးရင်လည်း လက်ဖက်ရည်တို့ ကော်ဖီတို့ တိုက်ပါသေးတယ်။ အမြဲတမ်းလိုလို ဘိုင်ပြတ်နေတဲ့ ကျွန်တော်ဟာ သူတို့တိုက်တဲ့ လက်ဖက်ရည် ကော်ဖီတွေသာ ခဏခဏ သောက်ပြီး သူတို့ကိုရော ဘယ်နှခါ ကော်ဖီတိုက်ဖူးသလဲလို့ အခု စဉ်းစားကြည့်တာ ခေါင်းထဲမှာ ပေါ်မလာပါဘူး။ အဲဒီလို ထမင်းလည်းကျွေး လက်ဖက်ရည်လည်းတိုက်တာကို ပြန်သတိရမိရင် ငယ်ငယ်တုန်းက မြန်မာ့သမိုင်းမှာ သင်ရတဲ့ သင်္ဘောသဌေး ဦးနာအောက်နဲ့ အပြိုင် (ထမင်းလည်းကျွေး ပုဝါ တစ်ပိုင်စီကိုလည်း လက်ဆောင်အဖြစ်ပေးတဲ့) ဗြိတိသျှ အရင်းရှင်တို့ရဲ့ ဧရာဝတီ သင်္ဘော ကုမ္ပဏီကို သွား သတိရမိပါတယ်။
ထမင်းစားရင်း စကားတွေ ပြောတဲ့အခါ ကျွန်တော်က အတန်းထဲက ကျွန်တော်ကြိုက်နေတဲ့ မမ တစ်ယောက်အကြောင်း ပြောရင် သူတို့ က သည်းခံ နားထောင်ပေးသလို သူတို့ပြောတဲ့ ဟိုမင်းသားနဲ့ ဟိုမင်းသမီးက ဘာဖြစ်ပြန်ပြီတဲ့ ဆိုရင်လည်း ကျွန်တော်က နားထောင်ပေးရပါတယ်။ ထမင်းဝိုင်းမှာ အများဆုံး ကြားရတာကတော့ မဇင်မာရဲ့ သားလေးအကြောင်း၊ မလွင်သန္တာ (တိတ်တိတ်ပုန်းအခေါ် ကြောင်လေး) ရဲ့ အမေအကြောင်း၊ မငြိမ်းရဲ့ မောင်လေးအကြောင်း၊ မမေသူရဲ့ အွန်နရီတို့ ဘာတို့ ပါတဲ့ ဘောလုံးပွဲအကြောင်း တွေပဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ သုံးနှစ်က အခုထိုင်နေတဲ့ နေရာရဲ့ တောင်ဘက် မိုင်နှစ်ရာ့ငါးဆယ်အကွာမှာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး နေ့လည်စာ စားခဲ့ကြတာဟာ စိတ်ထဲမှာတော့ဖြင့် အခုလေးတင် စားပြီးခါစလို့ပဲ အောက်မေ့ပါတယ်။ ကျွန်တော်တို့ရဲ့ ပျော်ရွှင်စရာ ကျောင်သားဘ၀ဟာ မကြာခင်မှာပဲ အဆုံးသတ်သွားခဲ့ပြီး ချစ်လှစွာသော မမများကလည်း တက္ကသိုလ် ဆရာမတွေဖြစ်။ ကျွန်တော်လည်း ဦးစီးအရာရှိဖြစ်နဲ့။ တစ်နယ်စီ ဝေးသွားကြတဲ့အခါ တစ်ခါတစ်ရံ အကြောင်းတိုက်ဆိုင်ရင် ဖုန်းလေးဘာလေးဆက်လိုက် ရယ်လိုက်မောလိုက်နဲ့ ။
စိတ်ကူးလေး ယဉ်ကြည့်မိပါတယ်။ တစ်နေ့နေ့မှာ သားတွေ သမီးတွေ အိမ်ထောင်ဘက်တွေ မပါပဲ ရန်ကုန်တက္ကသိုလ် တောင်ငူဆောင် ဦးချစ်ဆိုင်ရှေ့က မဟော်ဂနီပင်ကြီးအောက်မှာ ကျွန်တော်တို့ ထမင်းဝိုင်းလေး ပြန်ကျင်းပဖြစ်တယ်ဆိုရင် ရှေးဟောင်းနှောင်းဖြစ်တွေ ပြောလို့ ။ ရယ်လို့မောလို့ ။ လွမ်းစရာလေးတွေ ရှက်စနိုးစရာလေးတွေ ဂုဏ်ယူစရာလေးတွေ စားမြုံ့ပြန်လို့ ။ မသေကြခင် တစ်ခါလောက်ပဲဖြစ်ဖြစ်ပေါ့။ ( ၃-၇-၂၀၀၈)
No comments:
Post a Comment