Friday, 26 April 2013

အိန္ဒိယနိုင်ငံသားများ၏ မူလအခွင့်အရေးများ (တရားစီရင်ရေးဆိုင်ရာ)


    အိန္ဒိယအခြေခံဥပဒေ ပုဒ်မ ၂၀ မှာ ပြဌာန်းထားတာကတော့ တရားရုံးတွေနဲ့ အဓိက သက်ဆိုင်မယ် ထင်ပါတယ်။ သူတို့ ပုဒ်မ ၂၀(၁)က တို့ဆီက ပုဒ်မ ၃၇၃ နဲ့ အတူတူပါပဲ။ ဖော်ပြထားတာက ပြစ်မှုကျူးလွန်သူ မည်သူ့ကိုမဆို ယင်းပြစ်မှု ကျူးလွန်သည့်အချိန်က အတည်ဖြစ်လျက်ရှိသော သက်ဆိုင်ရာ ဥပဒေအရသာ ပြစ်မှုထင်ရှား စီရင်ရမည်။ ထို့ပြင် ယင်းဥပဒေအရ ချမှတ်နိုင်သော ပြစ်ဒဏ်ထက်ပို၍ ချမှတ်ခြင်း မပြုရ လို့ ပါရှိပါတယ်။ အဲဒါက ဘာနဲ့ သွားတူသလဲဆိုရင် တို့အခြေခံဥပဒေ အခြေခံမူများအခန်းက ပုဒ်မ ၄၃ မည်သည့် ပြစ်မှုဆိုင်ရာ ဥပဒေမျှ နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန် ပြဌာန်းခွင့် မရှိစေရ ဆိုတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။
    သူတို့အခြေခံဥပဒေ ပုဒ်မ ၂၀(၂)မှာ ပြစ်မှုတစ်ခုအတွက် တစ်ကြိမ်ထက်ပိုပြီး ပြစ်ဒဏ်မချမှတ်ရဘူးလို့ တားမြစ်ထားပါတယ်။ တို့အခြေခံဥပဒေ ပုဒ်မ ၃၇၄ မှာ တစ်ဦးတစ်ယောက်သည် စီရင်ပိုင်ခွင့်ရှိသော တရားရုံးက ပြစ်မှုတစ်ရပ်အတွက် ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျှင်ဖြစ်စေ အမှုမှ အပြီးအပြတ် လွှတ်ခြင်းခံရလျှင် ဖြစ်စေ အဆိုပါ ပြစ်မှုထင်ရှား စီရင်သည့် စီရင်ချက် သို့မဟုတ် အမှုမှ အပြီးအပြတ် လွှတ်သည့် စီရင်ချက်ကို အဆင့်မြင့် တရားရုံးက ပယ်ဖျက်ပြီး အမှုကို အသစ်တစ်ဖန် ပြည်လည်စစ်ဆေးစေရန် အမိန့်ချမှတ်သည့် အခါမှတစ်ပါး ယင်းပြစ်မှုအတွက် ထိုသူအား ထပ်မံ စစ်ဆေးခြင်း မပြုရ လို့ တားမြစ်ထားပါတယ်။
    ဆက်လက်ပြီး သူတို့အခြေခံဥပဒေ ပုဒ်မ ၂၀(၃) မှာဆက်လက် ဖော်ပြထားတာက ပြစ်မှုကျူးလွန်တဲ့သူကို သူ့ကိုယ်သူ သက်သေအဖြစ် ထွက်ဆိုဖို့ အတင်းအကျပ်လုပ်ဆောင်ခြင်း မပြုရလို့လည်း တားမြစ်ထားပါတယ်။
    ပုဒ်မ ၂၁ ဟာ တို့ဆီက ပုဒ်မ ၃၅၃ နဲ့ အတူတူပါပဲ။ မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတစ်ပါး အသက်ကိုဖြစ်စေ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကို ဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိစေရ လို့ ပြဌာန်းထားပါတယ်။
    ပုဒ်မ ၂၂ နဲ့ ပတ်သက်ပြီး တို့အခြေခံဥပဒေက ပြဌာန်းချက်ကို အရင် တင်ပြပါ့မယ်။ တို့အခြေခံဥပဒေ ပုဒ်မ ၃၇၆ မှာ နိုင်ငံတော် လုံခြုံရေး တရားဥပဒေစိုးမိုးရေး အများပြည်သူ အေးချမ်းသာယာရေးနှင့် အများပြည်သူအကျိုးငှာ ဥပဒေနှင့်အညီ ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်သော ကိစ္စ သို့မဟုတ် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ခွင့်ပြုသည့် ကိစ္စမှတစ်ပါး စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက် ပို၍ ချုပ်နှောင်ခြင်း မပြုရ လို့ ပြဌာန်းထားပါတယ်။ သူတို့ အခြေခံဥပဒေမှာ ဖော်ပြထားတာကတော့ နည်းနည်း ပိုပြီး ကျယ်ပျံ့ပါတယ်။ အဲသည် ၂၄ နာရီဆိုတဲ့ အချိန်ထဲမှာ တရားရုံးကို သွားလို့ ကြာတဲ့အချိန် မပါဘူးဘူးလို့ ဆိုပါတယ်။ ပြီးတော့လည်း ကြိုတင်ကာကွယ်မှု ဥပဒေတစ်ရပ်ရပ်အရ လူတစ်ယောက်ကို ချုပ်နှောင်တယ် ဆိုရင်လည်း သုံးလထက် ပိုချုပ်ဖို့ရာ အထူးခွင့်ပြုချက် လိုပါတယ်။ တကယ်လို့ ချုပ်တော့မယ့်အမိန့် ထုတ်လိုက်ပြီဆိုရင်လည်း အချုပ်ခံရမယ့်သူကို စောနိုင်သမျှစောစော အကြောင်းကြားပြီး အဲဒီလူကို ခုခံခွင့် ပေးရမှာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပါလီမန်က လိုအပ်တဲ့ ဥပဒေ ပြဌာန်းနိုင်တယ်လို့ ဆိုပါတယ်။


    သူတို့ အခြေခံဥပဒေ ပုဒ်မ ၂၃ ပြဌာန်းချက်တွေကလည်း တို့အခြေခံဥပဒေ ပုဒ်မ ၃၅၈ နဲ့ ၃၅၉ တို့နဲ့ ထပ်တူထပ်မျှ ဖြစ်ပါတယ်။ ပုဒ်မ ၃၅၈ မှာ နိုင်ငံတော်သည် ကျေးကျွန်ပြုမှုနှင့် လူကုန်ကူးမှုများကို တားမြစ်သည်။ ပုဒ်မ ၃၅၉ မှာ နိုင်ငံတော်သည် ဥပဒေကျူးလွန်၍ ပြစ်ဒဏ်ပေးခြင်းကို ခံရသဖြင့် အလုပ်ဒဏ် ထမ်းဆောင်ခိုင်းခြင်းနှင့် အများပြည်သူအကျိုးအတွက် ဆောင်ရွက်ရန် နိုင်ငံတော်က ဥပဒေနှင့်အညီ တာဝန်ချထားခြင်းမှတစ်ပါး အဓမ္မစေခိုင်းခြင်းကို တားမြစ်သည် လို့ ပြဌာန်းထားပါတယ်။ သူတို့ အခြေခံဥပဒေ ပုဒ်မ ၂၄ မှာက အသက် ၁၄ နှစ်အောက် ကလေးသူငယ်တွေကို စက်ရုံတွေ မိုင်းတွင်းတွေနဲ့ တစ်ခြား အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်ခိုင်းစေတာကို တားမြစ်ထားပါတယ်။

No comments:

Post a Comment