Friday 26 April 2013

အိန္ဒိယနိုင်ငံသားများ၏ မူလအခွင့်အရေးများ (ကန့်သတ်ခြင်းနှင့် ရုပ်သိမ်းခြင်း)


    အခြေခံဥပဒေကတော့ နိုင်ငံသားတွေကို မူလအခွင့်အရေးတွေ ခံစားနိုင်အောင် ပြဌာန်း ပေးအပ်ထားပါပြီး။ အဲသည်အခွင့်အရေးတွေကို နိုင်ငံသားအားလုံး ခံစားခွင့် ရှိရဲ့လား။ အဲသည်လို မေးလာရင်တော့ ဟင့်အင်း လို့ပဲ ဖြေရမှာပါ။ အခြေခံဥပဒေက ဘယ်လိုပင် ပြဌာန်းထားစေအုံးတော့ အဲသည်အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး လိုအပ်သလို တားဆီးကန့်သတ်တဲ့ ဥပဒေတွေကို ပါလီမန်က ပြဌာန်းခွင့် ရှိပါတယ်တဲ့။ လူတိုင်းကိုတော့ တားဆီးကန့်သတ်လို့ မရပါဘူး။ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ကန်တော့ဆွမ်း လုပ်ခွင့်ရှိတဲ့သူတွေက လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေ၊ ပြည်သူ့လုံခြုံရေးကို စောင့်ရှောက်နေရတဲ့သူတွေ၊ ထောက်လှမ်းရေးနဲ့ တန်ပြန်ထောက်လှမ်းရေး တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ တယ်လီဖုန်းဆက်သွယ်ရေး ဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့နဲ့ ပတ်သက်လို့ လိုအပ်ရင် အခြေခံဥပဒေပါ နိုင်ငံသားများရဲ့ မူလအခွင့်အရေးများအနက် အချို့ကို ဥပဒေပြဌာန်း ကန့်သတ် ရုပ်သိမ်းထားခွင့် ပေးထားပါတယ်ဗျ။ ဘာလို့လဲ ဆိုတော့ သူတို့ တာဝန်ဝတ္တရားတွေကို ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်အောင်ရယ် စည်းကမ်းသေဝပ်မှု ရှိအောင်ရယ်ဆိုပြီး အခွင့်အရေးတစ်ချို့ကို ရုပ်သိမ်းဖို့ လိုအပ်ရင် ရုပ်သိမ်းရပါမယ်တဲ့ဗျာ။
    တို့နိုင်ငံ အခြေခံဥပဒေမှာ ပြန်ကြည့်ကြည့်တော့လည်း ပုဒ်မ ၃၈၂ မှာ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ သို့မဟုတ် ငြိမ်ဝပ်ပိပြားရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်ရသော တပ်ဖွဲ့ဝင်များအား ယင်းတို့၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးနှင့် စည်းကမ်းသေဝပ်မှုများ ရှိစေရေးတို့အတွက် ဤအခန်း၌ ပေးအပ်ထားသော အခွင့်အရေးများအနက် ကန့်သတ်ရန် သို့မဟုတ် ဖျက်သိမ်းရန် လိုအပ်သော အခွင့်အရေးများကို ဥပဒေပြဌာန်း၍ ကန့်သတ်ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်း ပြုလုပ်ရမည်။ ဟဲ ဟဲ သေချာ ဖတ်ကြနော်။ စစ်သားတို့ ရဲတို့ကို အခွင့်အရေး ပိုပေးထားတာ မဟုတ်ဘူး။ သာမန် နိုင်ငံသားတစ်ယေက်လောက်တောင် သူတို့က အခွင့်အရေး အပြည့်အဝမရကြဘူး။ သာမန် နိုင်ငံသားတစ်ယောက်ကတောင်မှ သူတို့ထက် အခွင့်အရေး ပိုသာနေသေးတယ်။
    အိန္ဒိယအခြေခံဥပဒေ ပုဒ်မ ၃၄ က ပိုလို့တောင် စိတ်ဝင်စားစရာ ကောင်းပါသေးတယ်။ စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ထားတဲ့ ဒေသတွေမှာတဲ့ အခြေခံဥပဒေက ပေးအပ်ထားတဲ့ အခွင့်အရေးတွေကို ကန့်သတ်ထားလို့ ရတယ်လို့ ပြဌာန်းထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သိပ်မရှင်းလင်းတာက အိန္ဒိယ အခြေခံ ဥပဒေမှာ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ဖို့ သီးခြားပြဌာန်းချက် မပါဘဲ ဒီပုဒ်မကို ဘာလို့ဖော်ပြထားတာလဲ ဆိုတာပါ။ ဗိုလ်ကောင်းတို့ မြန်မာနိုင်ငံ အခြေခံဥပဒေမှာလည်း စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်တဲ့အကြောင်း မပါပေမယ့် အရေးပေါ် အခြေအနေကြေညာထားတဲ့ အချိန် နဲ့ ဒေသတွေမှာ နိုင်ငံသားအခွင့်အရေးကို ကန့်သတ်ထားနိုင်ကြောင်း ပြဌာန်းထားတာ ရှိပါတယ်။ တို့အခြေခံဥပဒေ ပုဒ်မ ၄၁၄(ခ)မှာ လိုအပ်ပါက အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့် နယ်မြေဒေသအတွင်း နေထိုင်ကြသော နိုင်ငံသားများ၏ မူလအခွင့်အရေးတစ်ရပ်ရပ်ကိုဖြစ်စေ တစ်ရပ်ထက်ပို၍ဖြစ်စေ လိုအပ်သလို ကန့်သတ်နိုင်သည် သို့မဟုတ် ရပ်ဆိုင်းထားနိုင်သည် လို့ ဖော်ပြထားပါတယ်။ ဆက်လက်ပြီး ပုဒ်မ ၃၇၉ မှာလည်း အောက်ဖော်ပြပါ အခြေအနေ တစ်ရပ်ရပ် ပေါ်ပေါက်ချိန်တွင် အများပြည်သူ လုံခြုံရေးအတွက် လိုအပ်သည့် ကိစ္စမှတစ်ပါး ပုဒ်မ ၃၇၇ ပါ အခွင့်အရေးများ တောင်းခံပိုင်ခွင့်ကို ရပ်ဆိုင်းထားခြင်း မပြုရဆိုပြီး (က)စစ်မက်ဖြစ်ပွားချိန် (ခ)တိုင်းတစ်ပါးမှကျူးကျော်ဝင်ရောက်ချိန် (ဂ)ဆူပူသောင်းကျန်းမှုများဖြစ်ပေါ်နေချိန်လို့ ပြဌာန်းထားပြီး တစ်ခါ ပုဒ်မ ၃၈၁ မှာလည်း အောက်ဖော်ပြပါ အခြေအနေနှင့် အချိန်အခါမှတစ်ပါး နိုင်ငံသားများ၏ တရားဝင်ရပိုင်ခွင့်ရှိသော နစ်နာချက်များအတွက် ဥပဒေဖြင့် သတ်မှတ်ထားသော ရယူပိုင်ခွင့်များကို ငြင်းပယ်ခြင်း မပြုရဆိုပြီး (က)တိုင်းတစ်ပါးမှကျူးကျော်ဝင်ရောက်တိုက်ခိုက်ချိန် (ခ)ဆူပူသောင်းကျန်းမှုများဖြစ်ပေါ်နေချိန် (ဂ)အရေးပေါ်အခြေအနေဖြစ်ပေါ်နေချိန် ဆိုပြီး ပြဌာန်းထားပါတယ်။
    သူတို့ အခြေခံဥပဒေ နိုင်ငံသားအခွင့်အရေးများအခန်း နောက်ဆုံးပုဒ်မ ၃၅ ကတော့ ဥပဒေပြဌာန်းခြင်းနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်များဖြစ်ပါတယ်။ ဒီအခန်းနဲ့ ပတ်သက်တဲ့ တစ်ချို့အပိုင်းကို ပါလီမန်လွှတ်တော်ကသာ ပြဌာန်းခွင့် ရှိပြီး တစ်ချို့အပိုင်းတွေကိုတော့ ပါလီမန်ရော ပြည်နယ်လွှတ်တော်တွေကပါ ပြဌာန်းခွင့် ရှိကြောင်း ခွဲခြားဖြော်ပထားတာဖြစ်ပါတယ်
    အခု အထက်မှာ တင်ပြခဲ့တာတွေကတော့ အိန္ဒိယနိုင်ငံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ နိုင်ငံသားများရဲ့ မူလအခွင့်အရေးများ အခန်းပါ ဖော်ပြချက်များကို ဗိုလ်ကောင်း လက်လှမ်းမီရာ မြန်မာအခြေခံဥပဒေ ပြဌာန်းချက်များနဲ့ ချိန်ထိုး တင်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ဥပဒေပညာရှင်လည်း မဟုတ်တဲ့ ဗိုလ်ကောင်းရဲ့ ရေးသားတင်ပြချက်တွေထဲမှာ ချွတ်ချော်တိမ်းပါး အယူအဆမှားတာလေးတွေ အထိုက်အလျောက် ရှိနိုင်ပါတယ်။ သိတဲ့သူများက ဗိုလ်ကောင်းကို ပြင်ဆင်တည့်မတ် ပေးကြမယ်ဆိုရင် အင်မတန်ကို ဝမ်းမြောက်ဝမ်းသာနဲ့ ပြင်ဆင်ဖြည့်ဆည်းဖို့ အမြဲ အသင့်ရှိနေပါကြောင်း ပြောကြားရင်းနဲ့ ဒီအခန်းကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။ ဆက်လက်ပြီးတော့လည်း ကျန်ရှိနေသေးတဲ့ အိန္ဒိယအခြေခံဥပဒေဆိုင်ရာ အပိုင်းများကို လေ့လာ တင်ပြသွားပါအုံးမယ်။

No comments:

Post a Comment