သာမန်အားဖြင့်တော့ အိန္ဒိယနိုင်ငံရဲ့ ရုံးသုံးဘာသာစကားဟာ အင်္ဂလိပ်ဘာသာပဲလို့ မှတ်ထားခဲ့မိပါတယ်။ ဒါဟာ မှန်တယ်ဆိုပေမယ့် အပြည့်အဝ မှန်တယ်လို့လည်း မဆိုနိုင်ပြန်ပါဘူး။ လက်ရှိမှာ အခြေခံဥပဒေက အသိအမှတ်ပြုထားတဲ့ ရုံးသုံးဘာသာစကားက စုစုပေါင်း ၂၂ မျိုးတောင် ရှိနေပါတယ်။ အဲဒါတွေကတော့ အာသံ၊ ဘင်္ဂလီ၊ ဘိုဒို၊ ဒေါ့ဂရီ၊ ဂူဂျာရတီ၊ ဟင်ဒီ၊ ကန်နဒ၊ ကက်ရှိမီရီ၊ ကော့ကနီ၊ မိုင်သီလီ၊ မာလာယာလမ်၊ မဏိပူရ်၊ မာရသီ၊ နီပေါလီ၊ အောရိယ၊ ပန်ဂျပ်ဘီ၊ သက္ကတ၊ စန်သီလီ၊ ဆင်ဒီ၊ တမီလ်၊ တယ်လ်ဂူ၊ အူရ်ဒူ ဘာသာစကားတို့ပဲ ဖြစ်ပါတယ်။ တစ်ခုထူးခြားတာက တို့မြန်မာနိုင်ငံ အခြေခံဥပဒေလို ရုံးသုံးဘာသာစကား တစ်ခုတည်း သတ်မှတ်ထားတာ မဟုတ်ဘဲ နေရာဌာနကို လိုက်ပြီး သတ်မှတ်ထားခြင်းပဲ ဖြစ်ပါတယ်။ နောက်ထူးခြားတာ တစ်ခုက အခြေခံဥပဒေက အသိအမှတ် မပြုထားဘဲ ရုံးသုံးသတ်မှတ်ထားတဲ့ ဘာသာစကားတွေ ရှိပါသေးတယ်။ အဲဒါတွေကတော့ ထရိပူရ် ပြည်နယ်မှာ ကော့ဘိုရော့ခ် ဘာသာစကား၊ မီဇိုရမ် ပြည်နယ်မှာ မီဇိုဘာသာစကား၊ မဟာလယပြည်နယ်မှာ ခါစီနဲ့ ဂါရို ဘာသာစကား၊ ဂိုအာပြည်နယ်မှာ ပေါ်တူဂီဘာသာစကား၊ ပွန်ဒီချယ်ရီ ပြည်ထောင်စု နယ်မြေမှာ ပြင်သစ်ဘာသာစကားတို့ပဲ ဖြစ်ပါတယ်။ ပြည်နယ်တွေနဲ့ ပြည်ထောင်စုနယ်မြေတွေဟာ ကိုယ့်ပြည်နယ်အတွင်း ရုံးသုံးဘာသာစကား သတ်မှတ်ပြဌာန်းဖို့အတွက် အခြေခံဥပဒေ ဇယား ၈ ပါ အသိအမှတ်ပြုထားတဲ့ ဘာသာစကားတွေ ဖြစ်ဖို့ မလိုပါဘူးတဲ့ဗျာ။
ပြည်ထောင်စုအစိုးရရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီး သုံးစွဲရမယ့် ဘာသာစကားကတော့ ဒီဗာနာဂရိ အက္ခရာနဲ့ ရေးထားတဲ့ ဟင်ဒီဘာသာစကား ဖြစ်ပါတယ်။ ဂဏန်းသင်္ချာ သင်္ကေတတွေကိုလည်း နိုင်ငံတကာသုံး ဟင်ဒီသင်္ကေတနဲ့ ရေးရမယ်လို့ ပုဒ်မ ၃၄၃ မှာ ပြဌာန်းထားပါတယ်။ ချွင်းချက်အနေနဲ့တော့ အခြေခံဥပဒေ အာဏာမတည်မီက အင်္ဂလိပ်လို ရေးသားသုံးစွဲခဲ့တဲ့ ကိစ္စရပ်များမှာတော့ အခြေခံဥပဒေ အာဏာတည်ပြီး ဆယ့်ငါးနှစ်အတွင်း ဆက်လက် သုံးစွဲ ရမယ်လို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။ ဒီဆယ့်ငါးနှစ်အတွင်းမှာ အစိုးရကိစ္စရပ်များအတွက် အင်္ဂလိပ်စကားအပြင် ဟင်ဒီစကားကိုလည်း ထပ်လောင်းသုံးစွဲဖို့ သမ္မတက အမိန့်ထုတ်ပြန် ညွှန်ကြားနိုင်တယ်လို့လည်း ဆိုပြန်ပါတယ်။ ဒီဆယ့်ငါးနှစ်အတွင်းမှာ အင်္ဂလိပ်လို သုံးမလား၊ ဟင်ဒီလို သုံးမလားဆိုတာကို ပါလီမန်က ဥပဒေပြဌာန်း သတ်မှတ်ဖို့လည်း ဖော်ပြထားပါသေးတယ်။
အဲသည် ဆယ့်ငါးနှစ် လွန်မြောက်ပြီးရင် ဘယ်ဘာသာစကားကို သုံးသင့်တယ် ဆိုတာ ထောက်ခံ တင်ပြနိုင်ဖို့အတွက် ကော်မရှင်နဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး လေ့လာစုံစမ်းဖို့လည်း အခြေခံဥပဒေမှာ ပြဌာန်းထားပါသေးတယ်။ အဲသည်ကော်မရှင်ကို သမ္မတအမိန့်နဲ့ ဖွဲ့ရမှာဖြစ်ပြီး ကော်မရှင်ရဲ့ တာဝန်ကတော့ ဟင်ဒီဘာသာစကား တိုးတက်ဖြစ်ထွန်းမှု၊ အစိုးရကိစ္စတွေမှာ အင်္ဂလိပ်စကား အသုံးပြုရခြင်းရဲ့ ကန့်သတ်ချက်တွေ၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးမှာ အင်္ဂလိပ်စာ သုံးစွဲနေပုံတွေ၊ ဂဏန်းသင်္ချာ သင်္ကေတ သုံးစွဲမှုတွေ၊ ပြည်ထောင်စုနဲ့ ပြည်နယ်များကြား ပြည်နယ်အချင်းချင်းကြားမှာ သုံးစွဲနေတဲ့ ဘာသာစကားတွေ စတဲ့ အကြောင်းအရာတွေကို လေ့လာပြီး သမ္မတဆီ တင်ပြပေးရမှာ ဖြစ်ပါတယ်။ အဲသည်လို လေ့လာတင်ပြတဲ့ နေရာမှာ အိန္ဒိယနိုင်ငံရဲ့ စက်မှုလုပ်ငန်း ယဉ်ကျေးမှုနယ်ပယ်နဲ့ သိပ္ပံပညာရပ်တွေ တိုးတက်ဖြစ်ထွန်းနေတဲ့ အခြေအနေအပြင် ဟင်ဒီစကား မပြောတဲ့ ဒေသက လူတွေအတွက် ပြည်သူ့ရေးရာဝန်ဆောင်မှု လုပ်ငန်းတွေအပေါ် အကျိုးသက်ရောက်မှုကိုပါ ထည့်သွင်း သုံးသပ်ရမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အောက်လွှတ်တော် အမတ် ၂၀၊ အထက်လွှတ်တော်အမတ် ၁၀ ယောက် ပေါင်း ၃၀ ပါတဲ့ ကော်မတီတစ်ရပ်ကို သက်ဆိုင်ရာ လွှတ်တော်တွေက ရွေးကောက်တင်မြှောက် ဖွဲ့စည်းရပါမယ်တဲ့။ ကော်မတီရဲ့ တာဝန်ကတော့ အထက်မှာ ဖော်ပြခဲ့တဲ့ ကော်မရှင်ရဲ့ တွေ့ရှိချက်တွေကို လေ့လာသုံးသပ်ပြီး သဘောထားမှတ်ချက်နဲ့တကွ သမ္မတဆီ တင်ပြပေးဖို့ ဖြစ်ပါတယ်။ အဲသည် အစီရင်ခံစာကို လေ့လာသုံးသပ်ပြီး သမ္မတက လိုအပ်တဲ့ ညွန်ကြားချက် ထုတ်ပြန်ရမယ်လို့ ဆိုပါတယ်။
နောက်တစ်ခုက ဒေသဆိုင်ရာ ဘာသာစကားတွေနဲ့ ပတ်သက်ပြီး ပုဒ်မ သုံးခု ပြဌာန်းထားပါတယ်။ ပြည်နယ်တွေအနေနဲ့ သူတို့ ပြည်နယ်မှာ အသုံးပြုဖို့ ဘာသာစကားကို ပြည်နယ်လွှတ်တော်တွေမှာ ဥပဒေပြဌာန်း သတ်မှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ အဲသည်လို မပြဌာန်းခင်ကာလမှာ အင်္ဂလိပ်စကားကိုပဲ ဆက်လက် သုံးစွဲရမယ်လို့ ဆိုပါတယ်။
ပြည်နယ်အချင်းချင်း ဒါမှမဟုတ် ပြည်နယ်နဲ့ ပြည်ထောင်စုတို့ ဆက်သွယ်ပြောဆိုဖို့ ဘာသာစကားအနေနဲ့ ပြည်နယ်တွေက ဟင်ဒီစကားကို သုံးဖို့ သဘောတူတယ်ဆိုရင် ဟင်ဒီစကားကို သုံးရမယ်လို့ ဆိုပါတယ်။
ပြည်နယ်တစ်ခုထဲက လူများစု ပြောဆိုတဲ့ ဘာသာစကားကို အသိအမှတ်ပြုပေးဖို့ တောင်းဆိုလာရင် သမ္မတက အသိအမှတ်ပြုပေးရမယ်လို့ ဖော်ပြထားပါတယ်။
နောက်တစ်ခုကတော့ တရားလွှတ်တော်ချုပ်၊ တရားရုံးများနဲ့ ဥပဒေပြဌာန်းရာမှာ အသုံးပြုတဲ့ ဘာသာစကားနဲ့ ပတ်သက်ပြီး ပါလီမန်က ဥပဒေပြု မသတ်မှတ်ခင်မှာ အင်္ဂလိပ်စကားကို သုံးစွဲရမယ်လို့ ဖော်ပြထားပါတယ်။ သုံးစွဲရမယ့် နေရာတွေက တရားရုံးမှာ တရားရင်ဆိုင်တဲ့အခါ၊ တရားဝင် စာရွက်စာတမ်းမှာ၊ ဥပဒေပြဌာန်းတဲ့အခါ ပြင်ဆင်ချက်များ လုပ်တဲ့အခါ၊ သမ္မတနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတို့က ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်တွေ ထုတ်ပြန်တဲ့အခါ၊ အမိန့် ညွန်ကြားချက် လုပ်ထုံးလုပ်နည်း နည်းဥပဒေ စသည်တို့ ထုတ်ပြန်တဲ့အခါမှာ ပါလီမန်က ဥပဒေပြဌာန်း သတ်မှတ်ခြင်း မပြုသရွေ့ အင်္ဂလိပ်စကားကို ဆက်လက် သုံးစွဲရမယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် တရားရုံးကုထုတ်ပြန်တဲ့ အမိန့်တွေ စီရင်ချက်တွေကတော့ ဒီပြဌာန်းချက်နဲ့ မသက်ဆိုင်ဘူးလို့ ဆိုပါတယ်။
တကယ်လို့ ပြည်နယ်တွေက အင်္ဂလိပ်စကားမဟုတ်တဲ့ တစ်ခြားဘာသာစကားတစ်ခုကို တရားဝင် ရုံးသုံးစာအဖြစ် သတ်မှတ်လိုက်ပြီဆိုရင် အထက်မှာ တင်ပြခဲ့တဲ့ လုပ်ငန်းကိစ္စတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်တွေကို သက်ဆိုင်ရာ ပြည်နယ်ပြန်တမ်းမှာ အင်္ဂလိပ်လို ဖော်ပြပေးရမှာ ဖြစ်ပြီး အဲဒီ ဖော်ပြချက်က တရားဝင်ဖြစ်တယ်လို့ ပြဌာန်းထားပါတယ်။
နောက်တစ်ပိုင်းကတော့ ဘာသာစကားများနဲ့ ပတ်သက်တဲ့ အထူးညွှန်ကြားချက် ဖြစ်ပါတယ်။ ပြည်နယ်တွေမှာရှိတဲ့ လူနည်းစု ဘာသာစကားတွေကို သူတို့တွေ မူလတန်း ပညာရေးမှာ သုံးစွဲ သင်ကြားပေးနိုင်အောင် သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်တွေကို ကြိုးစားရမယ် ဆိုတာရယ် သမ္မတက လိုအပ်တဲ့ ညွှန်ကြားချက် ထုတ်ပြန်ပေးရမယ်ဆိုတာရယ် ဖော်ပြထားပါတယ်။ ပြီးရင်လည်း လူနည်းစုပဲ ပြောဆိုသုံးစွဲတဲ့ ဘာသာစကားတွေအတွက် အထူးအရာရှိတစ်ယောက်ကို သမ္မတက ခန့်အပ်ထားရမယ်လို့ ဆိုပါတယ်။ အဲဒီအရာရှိဟာ လူနည်းစု ဘာသာစကားဆိုင်ရာ ကိစ္စတွေကို လေ့လာပြီး အခါအားလျော်စွာ သမ္မတကို တင်ပြပြီး ပါလီမန်ကိုလည်း တင်ပြတဲ့အပြင် သက်ဆိုင်ရာ ပြည်နယ်အစိုးရများကိုလည်း ပေးပို့ရမယ်လို့ ဆိုပါတယ်။
ဘာသာစကားနဲ့ ပတ်သက်တဲ့ နောက်ဆုံးပြဌာန်းချက်ကတော့ ဟင်ဒီဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုအစိုးရမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။ အိန္ဒိယရဲ့ ယဉ်ကျေးမှု အားလုံးကို ကြွယ်ဝလှတဲ့ ဟင်ဒီစကားနဲ့ ပြောနိုင်ဆိုနိုင် သုံးစွဲနိုင်အောင် ဆောင်ရွက်ဖို့ ပြဌာန်းထားပါတယ်။ ဒါ့အပြင် အစမှာတုန်းက ဖော်ပြခဲ့တဲ့ ဘာသာစကား တွေကိုလည်း ဖွံ့ဖြိုးအောင် ဆောင်ရွက်ဖို့ ပြဌာန်းထားပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ရုံးသုံး ဘာသာစကားများနဲ့ ပတ်သက်ရင် အခု ရေးသား တင်ပြထားတာက တော်တော်ကို `ရှုပ်ထွေးတယ်လို့ ထင်စရာပါပဲ။ အမှန်တကယ်လည်း ရှုပ်ထွေးလှပြီး ဒီကနေ့အထိ အိန္ဒိယနိုင်ငံမှာ ဘာသာစကား သတ်မှတ်ရေးနဲ့ ပတ်သက်လို့ အငြင်းပွားလို့ မပြီးဆုံးနိုင်သေးဘူးလို့ သိရပါတယ်။
ဒီနေရာမှာ အလျဉ်းသင့်လို့ မြန်မာနိုင်ငံ အခြေခံဥပဒေမှာ ဘာသာစကားနဲ့ ပတ်သက်တဲ့ ဖော်ပြချက်များကို ကောက်နုတ် တင်ပြလိုပါတယ်။ အခြေခံဥပဒေ ပုဒ်မ ၂၂(က) မှာ နိုင်ငံတော်ဟာ တိုင်းရင်းသားများရဲ့ စကား၊ စာပေ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်ပေးရမယ် လို့ ပြဌာန်းထားပါတယ်။ ပုဒ်မ ၄၅၀ မှာ မြန်မာစာဟာ ရုံးသုံးစာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အခြေခံဥပဒေကို အနက်အဓိပ္ပာယ် ဖွင့်ဆိုရာမှာ မြန်မာစာနဲ့ ရေးသားထားချက်များကို အခြေခံရမယ်လို့ ဆိုပါတယ်။ အခြေခံဥပဒေ တရားဝင်စာမူမှာ အင်္ဂလိပ်လိုလည်း ပါလို့ ဒီလိုပြဌာန်းထားတာလို့ ထင်ပါတယ်။ (တစ်ချို့ကတော့ အင်္ဂလိပ်လိုလေး ပြောလိုက်ရမှ၊ အနည်းဆုံးတော့ ညှပ်ပြောလိုက်ရမှ လူရာဝင်တယ် ထင်ကြသဗျ။ ဤကားစကားချပ်) အခြေခံဥပဒေ မြန်မာစာမူတစ်ခုကို အမျိုးသား မော်ကွန်းတိုက်မှာ မော်ကွန်းတင်ထားရမှာ ဖြစ်ပြီး ပြဌာန်းချက်များအတွက် အပြီးအပြတ် သက်သေအရာ တည်စေရမယ်လို့ ဆိုပါတယ်။ အခြေခံဥပဒေကို ပုံနှိပ်ထုတ်ဝေတဲ့အခါ ဖြစ်လာနိုင်တဲ့ အမှားတွေကို ကြိုတင်ကာကွယ်ထားတယ်လို့ ယူဆရပါတယ်။
အခုထိ ရေးသားခဲ့သမျှ အိန္ဒိယနိုင်ငံ အခြေခံဥပဒေဆိုင်ရာ စာစုတွေထဲမှာ ဒီစာစုကို ရေးရတာ ခေါင်းအစားဆုံးနဲ့ နားမလည်ဆုံးပါပဲဗျာ။ ဒီထက်ပိုနားလည်အောင် ထပ်ဖတ်ကြည့်ပြီးရင် ဒီထက် ရှင်းရှင်းလင်းလင်း ရေးနိုင်အောင် ကြိုးစားလိုက် ပါအုံးမယ်။ အမှားအယွင်းရှိရင် ဗိုလ်ကောင်း ရဲ့ အားနည်းချက်လို့သာ အောက်မေ့ပြီး ထောက်ပြတည့်မတ် ပေးကြပါလို့ ပန်ကြားလိုက်ပါတယ်။
No comments:
Post a Comment