Wednesday 15 April 2020

အမှတ်ပေးစည်းမျဉ်း



. . . မိန်းမနဲ့ ယောက်ျား ကွာခြားတာတွေ အများကြီးရှိတဲ့အထဲမှာ အမှတ်ပေးစနစ်ကွာခြားတာလေးကို ပြောပြချင်တယ်၊ အမှတ်ပေးစနစ်ဆိုတာ ဘာလဲဆိုတော့ သူ့အတွက် တစ်ခုခု လုပ်ပေးလို့ သူတို့တွေက အသိအမှတ်ပြုပေးလိုက်တဲ့ အမှတ်ပေးစနစ်မျိုးပေါ့၊ ဥပမာ ယောက်ျားက မိန်းမကို ပန်းတစ်စည်းပေးရင် မိန်းမက ယောက်ျားကို အမှတ်ပေးလိုက်တဲ့ဟာမျိုး၊ မိန်းမက ယောက်ျားကို အင်္ကျီတစ်ထည်ဝယ်ပေးရင် ယောက်ျားက မိန်းမကို အမှတ်ပေးလိုက်တဲ့ဟာမျိုး၊ အဲသည်လို အမှတ်ပေးပုံတွေဟာ မိန်းမနဲ့ယောက်ျားမှာ မတူကြဘူးရယ်တဲ့
.
. .. ယောက်ျားတွေဘက်က စပြီးပြောပါမယ်၊ ယောက်ျားတစ်ယောက်က ပစ္စည်းတစ်ခုခု လက်ဆောင်ရတာပဲဖြစ်ဖြစ် မိန်းမ ရည်းစားက ပေးတာဖြစ်ဖြစ် အိမ်မှာ ယောက်ျားအတွက် အသုံးဝင်တာ တစ်ခုခု ဝယ်လိုက်တာဖြစ်ဖြစ်၊ တခြား အခွင့်အရေးတစ်ခုခု ပေးတာပဲဖြစ်ဖြစ်ပေါ့၊ အဲလိုမျိုးတွေမှာ ယောက်ျားတွေက အဲသည်ပစ္စည်း အဲသည်အခွင့်အရေးအတွက် ပေးတဲ့ ပေးမှတ်က သူတို့တွေ အဲဒါကို ဘယ်လောက် တန်ဖိုးထားသလဲ ဘယ်လောက်အသုံးဝင်သလဲ ဘယ်လောက်ကြိုက်သလဲဆိုတဲ့ပေါ်မှာ မူတည်ပြီး အမှတ်ပေးတတ်ကြတယ်။ ဥပမာ ညပိုင်းထမင်းမစားခင် အာမီရမ်သောက်တာကို မိန်းမက အပြစ်မပြောဘူးဆိုရင် ငါးမှတ်၊ အမြည်းလေးပါ လုပ်ပေးတယ်ဆိုရင် ဆယ့်ငါးမှတ်၊ အမြည်းလုပ်ပေးပြီး နံဘေးမှာထိုင်အဖော်လုပ်ပေး ပြောတာလေးတွေ နားထောင်ပေးတယ်ဆို သုံးဆယ့်နှစ်မှတ်၊ ထိုင်နေကြရင်း ယောက်ျားက မပြောရဘဲ မိန်းမကချည်း မသောက်ဘဲရစ်လာပြီဆိုရင် ဆယ့်ကိုးမှတ်ပြန်နုတ် စသည်ဖြင့်ပေါ့။ အရမ်းလိုချင်နေတဲ့ အိုင်ဖုန်းနောက်ဆုံးပေါ် ဝယ်ပေးတာတို့ဘာတို့ဆိုရင် အမှတ် ငါးရာ့ခြောက်ဆယ် စသည်ဖြင့် တစ်ခါတည်း ပေးပစ်လိုက်တာ၊ အဲ ယောက်ျားမကြိုက်တတ်တဲ့ အဝတ်အစားမျိုး ဘယ်လောက်ပဲ တန်ဖိုးကြီးကြီး ဝယ်ပေးတာမျိုးပဲ ဖြစ်ဖြစ် ကိုယ့်အကြိုက်မဟုတ်ရင် ငါ့မိန်းမငါ့ကို ဝယ်ပေးရှာသားဆိုတဲ့ သနားမှတ်လေး နှစ်မှတ်သုံးမှတ်လောက်ထက် ပိုမပေးတာမျိုး ယောက်ျားတွေက လုပ်တတ်တယ်
.
. . . မိန်းမတွေကျတော့ အာ့လိုမဟုတ်ဘူး၊ သူတို့က အကြိမ်ရေနဲ့အမှတ်ပေးကြတာမျိုး၊ သူတို့ကို ဘယ်လောက်ကြိုက်တဲ့ပစ္စည်းဖြစ်ဖြစ် ဘယ်လောက်တန်ဖိုးကြီးတဲ့ပစ္စည်းဖြစ်ဖြစ် ပေးရင် တစ်ကြိမ်အတွက် ဥပမာ သူတို့က သတ်မှတ်ထားတဲ့ တစ်ခါပေးသုံးမှတ်ဆို သုံးမှတ်ပဲ အာ့ထက်ပိုမပေးဘူး။ ပစ္စည်းက ဘယ်လောက်တန်ဖိုးကြီးကြီးနော် ဘယ်လောက်သူတို့လိုချင်တဲ့ အခွင့်အရေးပဲဖြစ်ဖြစ်နော် တစ်ခါကို သုံးမှတ်က သုံးမှတ်ပဲ။ စိန်တစ်ဆင်စာဝယ်ပေးလည်း မသကာ ပိုပေးရင် သုံးမှတ်ပေးနေကျကနေ ဆယ်မှတ်လောက် တက်ရင်တက်သွားဖို့ပဲ ၊ ယောက်ျားတွေလို အမှတ်ငါးရာ့သုံးဆယ်တို့ ခြောက့်ရာ့လေးဆယ်တို့ ရော့အင့်ဆိုပြီး အပုံလိုက်မပေးဘူး။ သူတို့သွားချင်တဲ့ ကမ်းခြေကို လိုက်ပို့တယ်နော် ခါတိုင်းသုံးမှတ်ပေးရင် ရှစ်မှတ်လောက်ပေးရင်ပေးလိုက်မယ် အာ့တာမိုင်ကုန်ပဲ
.
. . . ဆိုတော့ကာ ယောက်ျားလေးတွေဆီက အမှတ်လိုချင်ရင် မိန်းမတွေက သူတို့ဘာကြိုက်တာလဲ သိဖို့က အရမ်းအရေးကြီးတယ်၊ သူတို့ ဟတ်ထိမှ အမှတ်ရမှာလေ၊ နောက်ဆုံးကုန်ကုန်ပြောရရင် ယောက်ျားလေးတွေက ဘာမှ မတွေးမတောဘဲ တီဗီရှေ့ တွေ့ကရာလိုင်းဖွင့်ပြီး ငူငူကြီးထိုင်နေတာကို သွားမနှောင့်ယှက်ရင်တောင် အမှတ်တွေ တစ်ပုံကြီးရတတ်တာမျိုး၊ သူတို့အကြိုက်သိဖို့က သိပ်အရေးကြီးတာ
.
. . . မိန်းမတွေက တစ်ကြိမ်မှာ တစ်မှတ်ပဲပေးတာဆိုတော့ အမှတ်များများလိုချင်ရင် အကြိမ်ကြိမ်ပေးနေရမှာပေါ့တဲ့၊ အမှတ်လိုချင်တဲ့ သကောင့်သားတွေအတွက် နည်းလမ်းရှိပါတယ်ဗျ၊ အဲဒါက ပစ္စည်းတစ်ခုတည်းကို သူတို့စိတ်ထဲ အကြိမ်ကြိမ်ရနေတယ်လို့ ထင်အောင်လုပ်ရတာ၊ ဥပမာပေါ့ မိန်းမက လက်စွပ်လေးလိုချင်တယ်ပေါ့ ကိုယ်ကလည်း ဝယ်ပေးမယ်လို့ သေချာပြီဆိုရင် ချက်ချင်းကြီး ဝယ်လာပြီး စပရိုက်သွားမတိုက်လိုက်နဲ့၊ အာ့လိုလုပ်ရင် ခင်ဗျား သုံးမှတ်ပဲရမှာ မတန်ဘူး၊ ဒီလိုသာလုပ်
.
. . . သူကြိုက်တဲ့ လက်စွပ်က ဘယ်တစ်ခုဆိုတာ ဘယ်လောက်သေချာနေပါစေအုံးတော့ ခင်ဗျား အွန်လိုင်းပေါ်တက်ပြီး လက်စွပ်တွေ လျှောက်ရှာ ပုံစံတွေလျှောက်ကြည့် မိန်းမကိုခဏတိုင်း အာ့အကြောင်းပြောနေလိုက်၊ ခင်ဗျားတစ်ခါပြောလို့ သူ့စိတ်ထဲ ခင်ဗျားလက်စွပ်ဝယ်ပေးမယ့်ကိစ္စ တစ်ကြိမ်သိတိုင်း ခင်ဗျား သုံးမှတ် သုံးမှတ် ရနေမှာ၊ နောက်အပြင်သွားတယ်နော် သူမပါဘူးဆိုလည်း လက်စွပ်ဆိုင်ဘက်သွား နည်းနည်းပါးပါးကြည့်လာခဲ့ပြီး အိမ်ရောက်ရင် ပြန်ပြော မိန်းမရေ လက်စွပ်ဆိုင်ဘက်ရောက်ခဲ့တယ်သိလား သဲအတွက် လက်စွပ်တွေတောင်ကြည့်လာခဲ့သေးတယ်၊ ခင်ဗျား အာ့လိုသာ ကျပ်ကျပ်လုပ်နေလိုက် အမှတ်တွေက ပွားပွားနေတာ၊ တစ်ပတ်ဆယ်ရက်လောက် အာ့လိုလုပ်ပြီးမှ လက်စွပ်ကို တကယ်ဝယ်ပေးတဲ့ အချိန်လည်းရောက်ရော အရင်က သုံးမှတ်ပဲ ရနိုင်တဲ့ကိစ္စတစ်ခုအတွက် အမှတ် သုံးရာငါးဆယ့်ခုနစ်မှတ်ဆိုလည်းဟုတ် ရှစ်ရာနှစ်ဆယ့်ကိုးမှတ်ဆိုလည်းဟုတ်၊ ခင်ဗျားပွားယူတတ်ဖို့ပဲလိုတာ
.
. . . လက်စွပ်ဝယ်ပေးပြီးပြီမို့လား အမှတ်တွေ ထပ်ယူလို့ရသေးတယ်၊ နောက်နေ့ စိတ်ကူးပေါက်တဲ့ အချိန်တိုင်း မိန်းမ လက်စွပ်လေးက လှလိုက်တာ ငါ့မိန်းမနဲ့တော်တော်လိုက်တယ် စသည်ဖြင့် သတိရတိုင်း လက်စွပ်အကြောင်း ထပြောနေလိုက်၊ တစ်ခါပြောသုံးမှတ် မပိုင်ပေဘူးလား
.
. . . ကိုယ့်ညီတို့အတွက် သင်ခန်းစာက ရည်းစားတို့ ကောင်မလေးတို့ မိန်းမတို့ နောက်ဆုံး အမေပဲဖြစ်ဖြစ် ညီမပဲဖြစ်ဖြစ် ကိုယ်က တစ်ခုခု လုပ်ပေးရမယ် ဝယ်ပေးရမယ်ဆို ဘယ်တော့မှ စပရိုက်သွားမတိုက်နဲ့ မတန်ဘူး၊ အမှတ်တွေကို ရသလောက်သာ သဲ့ယူ
.
. . . ညီမလေးတွေကတော့ ကိုယ့်ကောင်လေး ဘာကြိုက်တတ်သလဲ သိအောင်လုပ်ပေါ့ ပြောသာပြောရတာပါ၊ ညည်းတို့တွေက သိသိကြီးနဲ့ ယောက်ျားတွေ မကြိုက်တာတမင်ရွေးရွေးလုပ်တတ်ကြတဲ့သူ ရစ်တတ်ကြတဲ့သူ ပိတ်ပင်တတ်ကြတဲ့သူ လက်ဆောင်ဝယ်ပေးရင်တောင် သူကြိုက်ဖို့ထက် ကိုယ်ကြိုက်ဖို့က ပိုအရေးကြီးတယ် သဘောထားတတ်ကြတဲ့သူတွေဆိုတော့ ပြောပြနေလည်း အပိုပါပဲ
.
. . . အဲသည်အမှတ်တွေက ဘာလုပ်ရမှာတုန်း
ဟ နင့်မေကလွှား အမှတ်ပေးစနစ်မှာ ပေးမှတ်တင်ရှိတာမဟုတ်ဘူး နုတ်မှတ်တွေလည်းရှိတယ်၊ ကိုယ့်ညီတို့အနေနဲ့ အခြေအနေပေးရင်ပေးသလို အမှတ်တွေကို များများပွား များများစုထား၊ နောက်ပိုင်း နုတ်မှတ်တွေအတွက် ကာမိတာပေါ့
.
ဗိုလ်ကောင်း
၁၅ ဧပြီ ၂၀၂၀

No comments:

Post a Comment