Saturday 11 April 2020

မြန်မာမိန်းကလေး

ကိုယ့်ရဲ့ ပန်းပွင့်လေးကို မြန်မာမိန်းကလေးတစ်ယောက်ပဲ ဖြစ်စေချင်တယ်ဆိုတာ အရင်တုန်းက ပြောပြဖူးပါတယ်၊ ကျွန်တော်ပြောတဲ့ မြန်မာမိန်းကလေးဆိုတာ ထမိန်ကြီးခြေမျက်စိဖုံးနဲ့ ဆံပင်ကြီး ဒူးလေက်အရှည်ကြီးကို ဘီးဆံပတ်ကြီးနဲ့ ရင်ဖုံးအင်္ကျီကြီး တဖားဖားနဲ့ မျက်လွှာကြီးချပြီး သိမ်မွေ့နေတဲ့ မိန်းကလေးမျိုးကို ပြောတာမဟုတ်ပါဘူး။ မြန်မာစိတ်ရှိတဲ့သူ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို သိပြီး တန်ဖိုးထားလေးစားတတ်တဲ့သူ၊ မြန်မာမှုကို နားလည်တဲ့သူ၊ နှလုံးသားထဲမှာ မြန်မာ့သွေးတွေ စီးဆင်းနေတဲ့သူကို ဆိုလိုတာပါ
.
. . . အခုလို ကပ်ဆိုးကြီးဖြစ်တော့ အတူတူ နီးနီးကပ်ကပ်နေရတဲ့ အခွင့်အခါကို ကောင်းကောင်းအသုံးချပြီး မြန်မာမှုတွေကို တတ်နိုင်သလောက် သင်ပေးမယ် နားလည်အောင် ရှင်းပြမယ်လို့ စိတ်ကူးထားပါတယ်။
မင်္ဂလသုတ်ကိုလည်း ပါဠိလိုကျက် အဓိပ္ပာယ်ရှင်းပြလုပ်နေတာ တစ်ဝက်ကျော် ရနေပါပြီ၊ မြန်မာလတွေရဲ့ လဆန်းလဆုတ် သဘောတရားတွေကိုလည်း လမင်းကြီးကိုပြပြီး သင်ပြီးပါပြီ၊ တန်ခူးလကနေ တပေါင်းလအထိ တစ်လမှာ ဘယ်နရက်ကို ဘယ်လိုတွက်တယ်ဆိုတဲ့ နည်းကိုလည်း နားလည်အောင်ရှင်းပြပြီးပါပြီ၊
.
. . . မြန်မာအက္ခရာတွေရဲ့ သက်ဆိုင်ရာရက်တွေအကြောင်းလည်း သင်ပြီးပါပြီ၊ ဥပမာ ကခဂဃင ဆိုရင် တနင်္လာနေ့ရဲ့ အက္ခရာတွေဖြစ်ကြောင်း စသည်ဖြင့်ပေါ့
.
. . . ဒေါက်တာထင်အောင်ရေးတဲ့ မြန်မာပုံပြင်များ စာအုပ်ကိုလည်း ဖတ်ပြီးပါပြီ၊ အဲသည်ထဲက ပုံပြင်အချို့ကတော့ ဆယ်တန်းပြဌာန်းစာမှာ ပါခဲ့တော့ သူဖတ်ပြီးသားတွေပါ၊ အခုတော့ အကုန်ဖတ်ပြီးသွားပါပြီ
.
. . . ရုပ်ရှင်ကြည့်ရတာ ဝါသနာပါတဲ့အတွက် မြန်မာရုပ်ရှင်ကားတွေ ပြချင်ပေမယ့် ကလေးတွေနဲ့ သင့်တော်၏မတော်၏ မခွဲတတ်တာရယ် ကိုယ်တိုင်လည်း မြန်မာကားရယ်လို့ သိပ်ပြီး မက်မက်မောမော မကြည့်တတ်တာရယ်ကြောင့် ဇာတ်ကားမရွေးတတ်ဘူးဖြစ်နေတာ ဘယ်ကားတွေ ပြရင်ကောင်းမလဲ အကြံပေးကြပါအုံး။ တီဗီကလာတဲ့ အရိပ်ဇာတ်လမ်းတွဲကိုလည်း သူကြိုက်ပါတယ်
.
. . . နောက်နေ့တွေကျရင် ရက်ရာဇာ ပြသဒါး သတ်မှတ်ချက်တွေ၊ နဂါးခေါင်းအလှည့်တွေ စတာတွေကို ကိုယ်လည်း လက်လှမ်းမီသလောက် ဆက်သင်ပေးပါအုံးမယ်၊ ပြီးရင် မြန်မာတွေရဲ့ နတ်ကိုးကွယ်တဲ့ အလေ့တွေ၊ သုံးဆယ်ခုနစ်မင်းနတ်တွေအကြောင်း၊ အိမ်တွင်းနတ်အုန်းအကြောင်း၊ အောက်ပြည်အောက်ရွာက ရေငံပိုင်ဦးရှင်ကြီးနဲ့ နံကရိုင်းမယ်တော်အကြောင်းတွေလည်း ပြောပြရပါအုံးမယ်၊
.
. . . ကိုယ်တိုင် မယုံကြည်လို့ လိုက်နာကျင့်သုံးခြင်း မရှိရင်တောင် မြန်မာ့ရှေးရိုးအယူတွေ ဓလေ့တွေ စရိုက်နဲ့ အတွေးအခေါ်တွေအကြောင်း သိထားဖို့ လိုမယ်လို ယုံကြည်ပါတယ်၊ ပန်းပွင့်လေးကိုလည်း တတ်နို်ငသလောက် သင်ပါမယ်၊ မြန်မာ့ယဉ်ကျေးမှုတွေအကြောင်း အင်္ဂလိပ်လို ဂဃနဏ ရေးထားတဲ့ စာအုပ်တွေဘာတွေရှိရင်လည်း သိသလောက် ညွှန်းပေးကြပါအုံးခင်ဗျ။ မြန်မာလိုဖတ်ခိုင်းရင် လက်ဝင်လွန်းလို့
.
ဗိုလ်ကောင်း
၁၁ ဧပြီ ၂၀၂၀

No comments:

Post a Comment