Monday 13 April 2020

သင်္ကြန်စာ


. . . သတင်းစာ တစ်ပိုင်းလောက်အရွယ်ရှိတဲ့ စက္ကူသားခပ်ပါးပါးမှာ မင်ရောင်တစ်မျိုး နှစ်မျိုးနဲ့ ပုံနှိပ်ထားတဲ့ သင်္ကြန်စာကို ကျနော်တို့ ကလေးတွေက နားမလည်ပေမယ့်လည်း စိတ်ဝင်စားတာပါပဲ၊ အဓိက ကတော့ သိကြားမင်းလူ့ပြည်ဆင်းတဲ့ပုံကို သရုပ်ဖော်ထားတဲ့ အရုပ်ကလေးကိုကြည့်ပြီး လူကြီးတွေရဲ့ မျှော်လင့်ချက်တွေ စိုးရိမ်ပူပန်မှုတွေကို မျက်လုံးအဝိုင်းသားနဲ့ နားထောင်ခဲ့ကြရတာ
.
. . . ပန်းပွင့်လေးတို့ခေတ်ကိုရောက်တော့ တခြားကလေးတွေမသိပေမယ့် ပန်းပွင့်လေးကတော့ သင်္ကြန်စာအကြောင်း သူ့ဘာသာသိဖို့ အခွင့်အလမ်း အတော်နည်းသွားပြီ၊ သူနဲ့ အတူနေတဲ့ ကိုယ်တွေ မိဘတွေလည်း သင်္ကြန်စာကို စိတ်မဝင်စားတော့၊ သိကြားမင်းကြီး ဘာစီးပြီးဆင်းမလဲ ဘာတွေကိုင်ထားမလဲ မိုးလေဝသ ဘယ်လိုနေမလဲ ဘယ်နေ့သားသမီးတွေက ဘာတွေဖြစ်ကြမလဲ စသည်ဖြင့် သင်္ကြန်စာမှာပါတဲ့ ဟောကိန်းတွေကို စိတ်မဝင်စားကြတော့၊ ဒါကြောင့်မို့ ပန်းပွင့်လေးကို သင်္ကြန်အကြောင်း သိသင့်သိရာလေးတွေ ပြောပြတဲ့အခါ သင်္ကြန်စာအကြောင်းလည်း မပါမဖြစ်ပြောရတော့တာကိုး
.
. . . အရင်စာတစ်ပုဒ်မှာ ရေးခဲ့သလိုပဲ ကျနော်တို့က ယုံကြည်လိုက်နာသည်ဖြစ်စေ မလိုက်နာသည်ဖြစ်စေ ကိုယ့်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုတွေကို ဓလေ့တွေ အယူတွေကို သိထားဖို့ လိုတယ်လို့ ကျနော်က ခံယူထားပါတယ်၊ ဒီခေတ်ဒီအခါကြီးမှာ ဆက်သွယ်ရေးနည်းပညာတွေ တာစားနေတဲ ခေတ်ကြီးမှာ ဘယ်ဗဟုသုတမဆို အလွယ်တကူရှာနိုင်တာပဲ တမင်တကာ သင်ပေးနေရရင် သင်လို့ကို ဆုံးမှာ မဟုတ်ပါဘူးလို့ စောဒနာကောင်း နာနိုင်ပါတယ်။ ကျနော်လိုချင်တာက သိရုံသိဖို့မဟုတ်ဘဲ သိလည်းသိပြီး တန်ဖိုးလည်းထား မြှင့်တင်ဖို့လည်း စိတ်အားထက်သန်တဲ့ နှလုံးသားတစ်ခုကို ပြုစုပျိုးထောင်ချင်တာပါ၊ သိပြီးတန်ဖိုးထားတတ်ဖို့ကတော့ နှလုံးသားထဲရောက်စေမယ့် သင်ကြားမှုမျိုး လိုအပ်တယ်လို့ ခံယူထားပါတယ်၊ ဒီလိုသင်ကြားတဲ့နေရာမှာ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းရဲ့ အခန်းကဏ္ဍကလည်း အဓိကနေရာက ပါဝင်နေတဲ့အကြောင်းကို ပြထားတဲ့ပုံကိုကြည့်ပြီးသာ အတွေးပွားကြပါတော့ခင်ဗျာ
.
ဗိုလ်ကောင်း
မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်
မဟာသင်္ကြန်အကျနေ့

No comments:

Post a Comment