Tuesday 14 April 2020

Trace Together app

. . . ကိုရိုနာဗိုင်းရပ်စ်ရောဂါတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး စင်္ကာပူအစိုးရ အသုံးပြုတဲ့ တယ်လီဖုန်း APP တစ်ခုအကြောင်း ပြောပြချင်ပါတယ်၊ ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်မဟုတ်လို့ အစက မရေးဘူးလို့ စိတ်ကူးထားပေမယ့် ဘယ်သူမှ ရေးကြတာမတွေ့လို့ ဘယ်သူမှလည်း ဒီအကြောင်းပြောကြတာ အစိုးရကို အကြံပြုတာ မတွေ့လို့ (ကိုယ်မသိတာလည်း ဖြစ်နိုင်ပါတယ်) အထောက်အကူလေးတစ်ခု အကြံဉာဏ်လေးတစ်ခု ဖြစ်လိုဖြစ်ငြား ဒီစာကို ရေးပါတယ်
.
. . . Android & iOS နှစ်ခုလုံးမှာ သုံးလို့ရတဲ့ ဒီဟာလေးက ဘလူးတုဆက်သွယ်ရေးကိုသုံးပြီး ဒီဟာလေး ဖုန်းထဲထည့်ထားတဲ့သူတွေအချင်းချင်း အနည်းဆုံး မိနစ်သုံးဆယ် နှစ်မီတာအကွာမှာ အတူရှိနေမိရင် မှတ်တမ်းတင်ပေးထားတဲ့ app လေးဖြစ်ပါတယ်၊ အဓိက အလုပ်က တစ်ယောက်ယောက်များ ရောဂါရှိတယ်လို့ အတည်ပြုခံရခဲ့ရင် သူနဲ့ ဘယ်သူတွေ ဘယ်လောက်ကြာကြာ အတူရှိနေသလဲကို နောက်ကြောင်းလိုက်ပေးမယ့် ဟာလေးဖြစ်ပါတယ်။
.
. . . စင်္ကာပူအစိုးရနည်းပညာအေဂျင်စီက ထုတ်လုပ်ထားတဲ့ app လေးမို့ မြန်မာနိုင်ငံအနေနဲ့တော့ ဒီအတိုင်းယူသုံးလို့ မရပေမယ့် မြန်မာနိုင်ငံမှာလည်း အလားတူ app မျိုး လုပ်ပြီး ပြည်သူတွေ သုံးကြဖို့ အစိုးရက တိုက်တွန်းရင် ဖြစ်နိုင်စရာရှိပါတယ်၊ လူတိုင်းနီးပါးလက်ထဲမှာလည်း ဖုန်းတွေကိုင်ထားကြတဲ့ မြန်မာပြည်အနေနဲ့ ပိုးတွေ့သူနဲ့ ဘယ်သူတွေ အနီးကပ်နေခဲ့သလဲဆိုတာ သေချာနောက်ကြောင်းလိုက်နိုင်ဖို့ အများကြီး အထောက်အကူဖြစ်မယ်လို့ ထင်ပါတယ်
.
. . . ကုန်ခဲ့တဲ့ မတ်လ ၂၀ ရက်ကတည်းက သတင်းတွေမှာ တွေ့နေရတာမို့ အဲသည် app လေး ဘယ်လောက်အလုပ်ဖြစ်တယ်ဆိုတာ စင်္ကာပူအစိုးရလည်း သိနေလောက်ပါပြီ၊ အစိုးရချင်း ဆက်သွယ်ပြီး သူတို့ developer တွေနဲ့ချိတ်ဆက် အားသာချက် အားနည်းချက်တွေ မေးပြီးလုပ်ရင် ပိုကောင်းတဲ့ဟာကို ရနိုင်မယ်ထင်ပါတယ်
.
. . . ဒီကိစ္စက နည်းပညာနဲ့ အစိုးရမူဝါဒ ပေါင်းစပ်အလုပ်လုပ်ရမည့်ကိစ္စမို့ ဒီလောက်ပဲ ရေးပါတော့မယ်၊ အစိုးရအတွက် ထည့်သွင်းစဉ်းစားစရာတစ်ခုအနေနဲ့ အာဏာပိုင်တွေခေါင်းထဲရောက်အောင် ပို့ပေးကြဖို့ ပန်ကြားလိုပါတယ်ခင်ဗျ
.
ဗိုလ်ကောင်း
၁၄ ဧပြီ ၂၀၂၀
.
https://www.straitstimes.com/…/coronavirus-singapore-develo…

No comments:

Post a Comment