Tuesday 14 April 2020

ရောဂါနဲ့ပတ်သက်တဲ့ ဥပဒေနှစ်ခု

ကိုရိုနာရောဂါကာကွယ်နှိမ်နင်းရေးနဲ့ ပတ်သက်ပြီး လိုအပ်လို့ တရားဥပဒေအရ တရားစွဲ အရေးယူမှုတွေ လုပ်နေကြတဲ့ နေရာမှာ ဥပဒေ ၂ ခုကို အဆင်ပြေသလို သုံးနေကြတာတွေ့လို့ စဉ်းစားမိတာလေးတွေ ရေးလိုက်ပါတယ်
.
. . . သတင်းတွေအရဆိုရင် ရန်ကုန်က ဘာသာရေးဝတ်ပြုဆုတောင်းပွဲလုပ်ခဲ့သူ လေးဦးကို #သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ နဲ့ အရေးယူခဲ့ပြီး နေပြည်တော်က စည်ပင်ရိပ်သာမှာထားတဲ့ စောင့်ကြည့်နေတဲ့ စည်းကမ်းမလိုက်နာသူပြည်တော်ပြန်( ၃) ဦးကို #ကူးစက်ရောဂါများကာကွယ်နှိမ်နင်းခြင်းဥပဒေပုဒ်မ( ၁၈)အရ အရေးယူထားတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီဥပဒေ နှစ်ခုနဲ့ ပတ်သက်ပြီးလေ့လာထားတာလေးတွေရယ် တွေးမိတာလေးတွေရယ်ကို ပြောပြပါမယ်
.
. . . #သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေမှာ
“လူသို့မဟုတ် တိရစ္ဆာန်များတွင် ကူးစက်ရောဂါ ဖြစ်ပွား ခြင်းကြောင့် သော်လည်းကောင်း၊ . . . အများပြည်သူ၏ အသက်အိုးအိမ်ဥစ္စာပစ္စည်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ အခြေခံအဆောက်အအုံများ၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး သို့မဟုတ် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုများကို ဆိုသည်” လို့ ပုဒ်မ ၂ မှာဖော်ပြထားတဲ့အတွက် ကူးစက်ရောဂါတွေနဲ့ ပတ်သက်ပြီးတော့လည်း ဒီဥပဒေက အကျုံးဝင်တာကိုတွေ့ရပါတယ်။ ပြစ်မှုနှင့်ပြစ်ဒဏ်များအခန်းမှာ ရန်ကုန်က ဘာသာရေးဆရာတွေကို စွဲဆိုနိုင်ဖွယ်ရှိတဲ့ ပုဒ်မ ၂ ခုတွေ့မိပါတယ်။ ပုဒ်မ ၂၅ နဲ့ ပုဒ်မ ၂၉ တို့ဖြစ်ပါတယ်။ ဘာတွေရေးထားလဲ ကြည့်ရအောင်ပါ
.
ပုဒ်မ ၂၅။ မည်သူမဆို ဆန်းစစ်ချက်မပြုလုပ်ဘဲ ပေါ့ဆစွာဆောင်ရွက်မှု တစ်ခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ် တစ်စုံ တစ်ရာ ကျရောက်နိုင်သည်ကိုသိလျက်နှင့် တမင်ပြုလုပ်မှုကြောင့် ဖြစ်စေ၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လျှင် သို့မ ဟုတ် ဖြစ်ပေါ်စေရန်အကြောင်းရှိလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့် အပြင်ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ပုဒ်မ ၂၉။ မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သောနည်းဥပဒေများ၊ အမိန့်ကြော်ငြာစာနှင့် အမိန့်တို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုတစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။
.
တစ်ခါ ဒီဥပဒေရဲ့ ပုဒ်မ ၄၁ မှာ “ ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ဖြင့်သာ တရားစွဲဆိုရမည်။” လို့လည်း ပါနေတာကို တွေ့ရပြန်ပါတယ်။
.
. . . ဒါကြောင့် မေးစရာမေးခွန်းက ရန်ကုန်က ဘာသာရေးဆရာလေးယောက်ကို တရားစွဲဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ရဲ့ ကြိုတင်ခွင့်ပြုချက် ယူထားပြီးပြီလား၊ အဲသည်အဖွဲ့က ဖွဲ့ရောဖွဲ့ထားရဲ့လားဆိုတာဖြစ်ပါတယ်။
.
#ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေ ပုဒ်မ ၁၄ မှာ
“ကျန်းမာရေးဝန်ကြီးဌာနက လုပ်ပိုင်ခွင့် အပ်နှင်းခြင်းခံရသော အဖွဲ့အစည်းသို့မဟုတ် အရာရှိသည် အောက်ပါကိစ္စရပ်များအတွက် တားမြစ်ပိတ်ပင်သည့် သို့မဟုတ် ကန့်သတ်သည့်အမိန့် ထုတ်ပြန်နိုင်သည်” လို့ပါရှိပြီး “14 (ဃ)။ မီးရထား၊ မော်တော်ယာဉ် လေယာဉ် ရေယာဉ် သို့မဟုတ် အခြားယာဉ်တစ်မျိုးဖြင့်ရောက်ရှိလာသူများအနက် အဓိက ကူးစက်မြန်ရောဂါဖြစ်ပွားနေသူ ပါရှိလာပါက ကျန်းမာရေးစစ်ဆေးရန်အလို့ငှာ သီးခြားထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သောအချိန်အထိ ပြင်ပသို့ထွက်ခွာသွားလာခွင့်” ဆိုပြီး ပြဌာန်းထားတာကိုတွေ့ရပါတယ်။
.
နေပြည်တော် စည်ပင်ရိပ်သာမှာ စောင့်ကြည့်နေတဲ့ ပြည်တော်ပြန်တွေကို ဒီဥပဒေ ပုဒ်မ ၁၄ အရ ကန့်သတ်မိန့်ထုတ်ပြန်ထားတာရှိရဲ့လားဆိုတာ မေးစရာရှိပါတယ် (ဥပဒေအရ ကန့်သတ်မိန့် တရားဝင်ထုတ်ပြန်ထားတာ မဟုတ်ဘူးဆိုရင် အဲသည်ဂယ်ပေါက်ကို စွပ်စွဲခံရသူက ဖောက်ထွက်နိုင်ပါတယ်)။ နောက်တစ်ခုက သူတို့ဟာ ရောဂါဖြစ်ပွားနေသူအဖြစ် သတ်မှတ်ခံထားရတဲ့သူမဟုတ်တဲ့အတွက် ပုဒ်မ ၁၄(ဃ) နဲ့လည်း ကင်းလွတ်ခွင့်ရနိုင်စရာအကြောင်းရှိနေပါတယ်
.
. . . ကမ္ဘာမှာရော မြန်မာမှာပါ တစ်ခါမှ မကြုံဖူးတဲ့ ဒီလိုအဖြစ်အပျက်မျိုးကို ဥပဒေအရ ကိုင်တွယ်ဖို့ လိုလာတဲ့အခါမှာ တည်ဆဲဥပဒေတွေမှာ အားနည်းချက်တွေ ရှိနေနိုင်ပါတယ်၊ အပေါ်က ကျနော်ထောက်ပြခဲ့တဲ့ အချက်တွေက ဥပဒေရဲ့ဂယ်ပေါက်တွေပါ၊ ဒါတွေကို အချိန်မီ ပြင်ဆင်ဖို့လိုနေပေမယ့် အခုချိန်မှာ လွှတ်တော်ကလည်း အလုပ်လုပ်ဖို့မဖြစ်နိုင်တဲ့အတွက် တည်ဆဲဥပဒေတွေထဲမှာ ပြဌာန်းထားတဲ့အတိုင်း လိုအပ်တဲ့ တားဆီးမိန့် ကန့်သတ်မိန့်တွေကို လိုအပ်သူတွေက အတည်တကျ ထုတ်ပြန်ထားဖို့ လိုနေပြီဖြစ်ပါတယ်၊ ဆိုလိုတာက မေတ္တာရပ်ခံသလိုလို ပန်ကြားသလိုလို လုပ်နေရင် တကယ်လိုအပ်လို့ တရားစွဲ အရေးယူတဲ့အခါ တရားစွဲသူတွေအတွက် အားနည်းချက်ဖြစ်ပြီး စွပ်စွဲခံရသူတွေအတွက် ဂယ်ပေါက်တွေ အများကြီးဖြစ်နေနိုင်ပါတယ်
.
ကိုယ်က ဥပဒေ ပညာရှင်မဟုတ်တော့ ဒီလောက်ပဲ ပြောတတ်ပါတယ်၊ သိသူများ ဝေဖန်ဆန်းစစ်ကြည့်ကြပါကုန်
.
ဗိုလ်ကောင်း
၁၄ ဧပြီ ၂၀၂၀
.
မူရင်းဥပဒေတွေကို ဒီမှာဖတ်ပါ

#သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေ
https://www.mlis.gov.mm/lsScPop.do?lawordSn=288
#ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေ
https://www.mlis.gov.mm/lsScPop.do?lawordSn=8355

No comments:

Post a Comment