Friday 24 August 2018

(မူလလက်ဟောင်း)ပရော်ဖက်ရှင်တပ်မတော်ပုံစံ (ဖော်မြူလာသစ်)ပ‌ရော်ဖက်ရှင်နယ်တပ်မတော်ပုံစံ နှင့် အရည်အချင်းရှိသည့်တပ်မတော် - Standard Army


. . . ဒီနေ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရုရှားနိုင်ငံတက္ကသိုလ်တွေမှာ သိပ္ပံနဲ့နည်းပညာဆိုင်ရာ သင်တန်းအသီးသီးတက်ရောက်နေတဲ့ တပ်မတော်သားများကို တွေ့ဆုံ အမှာစကားပြောတာကို နားထောင်မိတာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ ဧရာဝတီအွန်လိုင်းစာမျက်နှာမှာ ချင်းတိုင်းရင်းသားပါတီခေါင်းဆောင်ပိုင်းလူငယ်တစ်ယောက်ရေးတဲ့ စာတစ်ပုဒ်ကို ဖတ်ဖြစ်မိတာကြောင့် ဒီစာကို ရေးဖြစ်ပါတယ်။
.
. . . ဧရာဝတီက ပါတဲ့စာထဲမှာ "တပ်မတော်သည် ပရော်ဖက်ရှင်နယ် Professional ဖြစ်ဖို့သာလိုသည်။ ကိုယ်စားပြုခြင်းဆိုင်ရာသည် နိုင်ငံရေးအပိုင်းသာဖြစ်ပြီး အထူးသဖြင့် ရွေးကောက်ပွဲနိုင်ငံရေး (Electoral politics) ပိုင်းဖြစ်သည်။ ထို့အတွက်ကြောင့် တပ်မတော် အနေဖြင့် ကိုယ်စားပြုမှုအပိုင်းတွင် ပါဝင်ပတ်သက်လိုခြင်းသည် ပရော်ဖက်ရှင်နယ် မဆန်ဟု ဆိုရပါမည်။" လို့ မှတ်ချက်ပြုထားတဲ့သဘော စာတစ်ပိုဒ်ပါပါတယ်။
.
. . . ပရောဖက်ရှင်နယ်ဆိုတဲ့ သဘောကတော့ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုအပေါ်မှာ တကယ်ကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင်နဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိရှိ စေ့စေ့စပ်စပ် သေသေချာချာ လုပ်ပေးတာမျိုးကို ပရော်ဖက်ရှင်နယ်ဖြစ်တယ်လို့ အကြမ်းဖျင်း ဖွင့်ဆိုလို့ရနိုင်ပါတယ်။ ဒီနေရာမှာ တပ်မတော်နဲ့ ပတ်သက်ပြီး ပရော်ဖက်ရှင်နယ်ဆိုတဲ့ စကားလုံးကို သုံးကြတဲ့အခါ များသောအားဖြင့်တော့ စစ်ဘက်အရပ်ဘက်ဆက်ဆံရေးဘာသာရပ်မှာ ဆရာကြီးတစ်ဆူဖြစ်တဲ့ ဟန်တင်တန်ရဲ့ အယူအဆကို ကောက်ယူပြောဆိုကြတာများပါတယ်။ စစ်တပ်တစ်ခုဟာ သူရဲ့ စစ်ရေးစစ်ရာပိုင်းမှာ ကျွမ်းကျင်ပိုင်နိုင်အောင် လေ့ကျင့်ပြီး နိုင်ငံရေးသမားတွေရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာပြီး စစ်တိုက်ရမယ်လို့ အကြမ်းဖျင်း နားလည်ရတဲ့ ဟန်တင်တန်ရဲ့ အယူအဆက မြန်မာ့တပ်မတော်ကို နိုင်ငံရေးထဲက ထွက်သွားစေချင်ကြသူတွေ့ရဲ့ သည်းခြေကြိုက်ဖြစ်နေတာက အဓိကအကြောင်းရင်းဖြစ်နေတာကြောင့်မို့လို့ အထက်မှာ ဖော်ပြခဲ့တဲ့ တပ်မတော်ဟာ ပရော်ဖက်ရှင်နယ်ဖြစ်ဖို့သာလိုတယ်ဆိုတဲ့ အဓိပ္ပာယ်မှာ စစ်တပ်က စစ်တပ်အလုပ်လုပ် နိုင်ငံရေးထဲ ၀င်မပါနဲ့လို့ တည့်တည့်ပြောတယ်လို့ပဲ နားလည်ရပါတယ်။
.
. . . မြန်မာ့တပ်မတော်ကို နိုင်ငံရေးထဲကထွက်ပြီး ပရော်ဖက်ရှင်နယ်ကျကျ ဂုဏ်သိက္ခာရှိရှိ ရပ်တည်စေချင်ပါတယ်လို့ စေတနာသံပါတဲ့ စကားနဲ့ပဲဆိုဆို၊ စစ်တပ်က စစ်တပ်နေရာမှာပဲနေ နိုင်ငံရေးထဲ ၀င်မပါချင်နဲ့၊ စစ်တပ်ဆိုတာ အစိုးရရဲ့ကွပ်ကဲမှုအောက်မှာပဲရှိရမယ် အရပ်သားနိုင်ငံရေးသမားတွေရဲ့ ထိန်းချုပ်မှုကို နာခံရမယ်၊ စစ်တပ်က နိုင်ငံရေးမှာဝင်ပါနေတာ အလိုမရှိ ခုချက်ချင်းထွက်သွား ဆိုတဲ့ ရန်လိုတဲ့ လေသံနဲ့ပဲပြောပြော အဲသလိုပြောတဲ့သူအားလုံးက အထက်မှာပြောခဲ့တဲ့ ဟန်တင်တန်ရဲ့ ပရော်ဖက်ရှင်နယ်တပ်မတော်အယူအဆ (မူလလက်ဟောင်း ပရော်ဖက်ရှင်နယ်တပ်မတော်ပုံစံ - Old Professionalism) တစ်ခုကိုသာ သိဖူးကြားဖူးထားကြပုံရပြီး အခြားသော စစ်ဘက်-အရပ်ဘက်ဆက်ဆံရေးဆိုင်ရာ အယူအဆတွေ တွေးခေါ်ရေးသားခဲ့တဲ့ S.E. Finer ရဲ့ နိုင်ငံရေးမှာ စစ်ဘက်ရဲ့အခန်းကဏ္ဍအကြောင်းတွေ၊ နောက်ပြီး Alfred Stepan ရဲ့ (ဖော်မြူလာသစ် ပရော်ဖက်ရှင်နယ်တပ်မတော်ပုံစံ - New Professionalism) သဘောတရားတွေအကြောင်းကို တီးမိခေါက်မိ ရှိကြရဲ့လားလို့တောင် ထင်မိပါတယ်။
.
. . . မြန်မာ့တပ်မတော်ရဲ့ နိုင်ငံရေးမှာပါဝင်နေမှုအခန်းကဏ္ဍကို သုံးသပ်ကြည့်ရင် ဟန်တင်တန်ရဲ့ (မူလက်ဟောင်း) ပရော်ဖက်ရှင်နယ်တပ်မတော်သဘောတရား တွေထက် Alfred Stepan ရဲ့ (ဖော်မြူလာသစ်)ပရော်ဖက်ရှင်နယ်တပ်မတော်သဘောတရား တွေနဲ့ ပိုပြီး အပ်စပ်မှုရှိတာကို တွေ့ရမှာဖြစ်ပါတယ်လို့ မြန်မာ့တပ်မတော်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဆရာကြီး တင်မောင်မောင်သန်းက သုံးသပ်ထားပါတယ်။ အဲသည်တော့ (ဖော်မြူလာသစ်)ပရော်ဖက်ရှင်နယ်တပ်မတော်သဘောတရား တွေက ဘာတွေလဲဆိုတာကြည့်ကြရအောင်ပါ။ (မူလလက်ဟောင်း) နဲ့ (ဖော်မြူလာသစ်) ဘာတွေ ကွာခြားလဲ နှိုင်းယှဉ်ကြည့်ပါမယ်။
.
. . . မူလလက်ဟောင်း ပရော်ဖက်ရှင်နယ်လစ်ဇင်ဟာ ပြည်ပအန္တရာယ်ကို ကာကွယ်ဖို့ အဓိကထားပေမယ့် ဖော်မြူလာသစ်မှာတော့ ပြည်တွင်းလုံခြုံရေးကို ပိုပြီး ဇောင်းပေးပါတယ်။ မူလလက်ဟောင်း သဘောတရားမှာ နိုင်ငံရေးနဲ့ကင်းကင်းနေဖို့ နိုင်ငံရေးမှာ အစွဲကင်းကင်းရပ်တည်ဖို့ဖြစ်ပေမယ့် ဖော်မြူလာသစ်မှာတော့ နိုင်ငံရေးမှာ တပ်မတော်ရဲ့ ပါဝင်မှုအခန်းကဏ္ဍကို ကန့်သတ်မထားဘဲ တပ်မတော်ကို နိုင်ငံရေးဇာတ်သွင်းထားရမယ့်သဘောကို ပြောထားပါတယ်။
.
https://www.facebook.com/bokaunghtet…/posts/709377776092167…
.
. . . ဆက်ပြီး မေးရမယ့်မေးခွန်းက မြန်မာ့တပ်မတော်ဟာ ဘာကြောင့် အနောက်နိုင်ငံစစ်တပ်တွေလို (မူလလက်ဟောင်း) ပုံစံမပေါက်ဘဲ (ဖော်မြူလာသစ်) ပုံစံပေါက်နေရတာလဲ။ အဓိက အကြောင်းရင်းကတော့ တပ်မတော်က နားလည်သဘောပေါက်ပြီး အဆင့်ဆင့် လက်ဆင့်ကမ်းလာခဲ့ကြတဲ့ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းဆိုင်ရာ တပ်ဘက်အမြင်ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
.
. . . မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနဲ့အတူ ပေါ်ပေါက်လာတဲ့ (ဒီစကားက ခဏခဏသုံးလို့ရိုးနေပေမယ့် ဒီခေတ်နိုင်ငံရေးသမားတွေ အဲဒါကို အရေးမထား လျစ်လျူရှုကြ) တပ်မတော်ရဲ့ ပထမဆုံးမျိုးဆက်ခေါင်းဆောင်တွေဟာ ကမ္ဘာ့အခြားနိုင်ငံတွေက စစ်တပ်တွေမှာလို ဂန္တ၀င်စစ်သားကြီးတွေ မဟုတ်ဘဲ ဆိုရှယ်လစ်ဝါဒကိုတိမ်းညွှတ်တဲ့ အမျိုးသားရေးသမားကြီးများ ဖြစ်ကြပါတယ်။ နိုင်ငံရေးသမားဆိုသူတွေ ကဂျိုးကဂျောင်လုပ်လို့ နိုင်ငံရေးတွေ ဖရိုဖရဲဖြစ်ရပြန်ပြီဆိုလည်း ၀င်ထိန်းလိုက်ရ၊ နိုင်ငံရေးနယ်ပယ်မှာလည်း တပ်မတော်က နေရာတော်တော်များများ လွှမ်းမိုးမှုရဆိုတဲ့ အခြေအနေတွေကြောင့် တပ်မတော်ရဲ့ နန်းတော်စောင့်လူစွမ်းကောင်းစစ်သည်တော်ဇာတ်ရုပ်ကလည်း တဖြည်းဖြည်းနဲ့ ပီပြင်လာတယ်လို့ ဆိုပါတယ်။ မြန်မာ့တပ်မတော်ရဲ့ ပထမဆုံးမျိုးဆက်ဖြစ်တဲ့ ဖက်ဆစ်တော်လှန်ရေး ဘီအိုင်အေ တပ်မတော်လက်ထက်ကတည်းကိုက တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်တွေဟာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို နိုင်ငံတော်ကာကွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းတာထက်ပိုပြီး ထမ်းဆောင်တဲ့ အစဉ်အလာရှိခဲ့ပါတယ်။ အဲသည်လို နိုင်ငံတော်လုံခြုံရေးသာမက ပြည်သူလူထုရဲ့ သက်သာချောင်ချိရေးဝန်ဆောင်မှုသဘောတရားတွေကိုပါ ထည့်သွင်းစဉ်းစားလုပ်ဆောင်လာတဲ့ တပ်မတော်ဟာ နန်းတော်စောင့်စစ်သည်တော်အဖြစ်သာမက ရာဇပလ္လင်ကိုစောင့်ရှောက်တဲ့နတ်မင်းကြီးလိုအဖြစ်ကို ရောက်ခဲ့ပါတယ်လို့ ဆိုပါတယ်။
.
. . . တပ်မတော်က ချမှတ်ထားတဲ့ အဓိကတာဝန်ကြီးတွေမှာကိုက နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန် ဆိုပြီး ပြည်သူ့အကျိုးပြုဖို့ဆိုတာကို အဓိကတာဝန်ကြီးတစ်ရပ်အနေနဲ့ ထည့်သွင်းထားတာဖြစ်ပါတယ်။ (အရင်ကတော့ စစ်တိုက်ရန်၊ စစ်တိုက်ရန်မရှိက လေ့ကျင့်ရန်၊ စစ်တိုက်ရန်နှင့် လေ့ကျင့်ရန်မရှိက ပြည်သူ့အကျိုးပြုလုပ်ငန်းလုပ်ရန် လို့ ရေးကြပါတယ်။) တပ်မတော်က ပြောပြောနေတဲ့ အမျိုးသားနိုင်ငံရေး ဆိုတဲ့ သဘောတရားကလည်း ပါတီနိုင်ငံရေးကြောင့် အလုပ်မဖြစ် ခရီးမတွင်တဲ့ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေအတွက် တကယ်အလုပ်ဖြစ်မယ့်လမ်းစဉ်လို့ ယုံကြည်တဲ့ အမျိုးသားနိုင်ငံရေးသဘောတရားတွေနဲ့ တပ်မတော်ကို တည်ဆောက်ပုံဖော်ရင်း ပေါ်လာရတာဖြစ်ပါတယ်။
.
. . . Alfred Stepan လေ့လာဖော်ထုတ်ခဲ့တဲ့ ပရော်ဖက်ရှင်နယ်တပ်မတော်(ဖော်မြူလာသစ်) သဘောတရားဟာ မြန်မာ့တပ်မတော်ရဲ့ ၀ိသေသလက္ခဏာတွေနဲ့ အပ်စပ်ပါပေတယ်လို့ ဆိုပေမယ့်လို့ မြန်မာ့တပ်မတော်မှာတော့ ပရော်ဖက်ရှင်နယ်ဆိုတဲ့ ဝေါဟာရမျိုးကို ကြားရတွေ့ရဖတ်ရမှာ မဟုတ်ပါဘူး။ မြန်မာ့တပ်မတော်မှာ ဒီစကားလုံးကို မသုံးပါဘူး။ ဒီနေ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုရှားနိုင်ငံမှာ ပညာတော်သင်ရောက်နေကြတဲ့ တပ်မတော်သားတွေကို ပြောတဲ့ အမှာစကားအရ အရည်အချင်းရှိသည့်တပ်မတော် Standard Army ဆိုတဲ့ အသုံးမျိုးကိုပဲ တွေ့ရမှာပါ။ ဒီကနေ့တပ်မတော်က ယုံကြည်ထားတဲ့ တို့တာဝန်အရေးသုံးပါးဆိုတဲ့ အမျိုးသားနိုင်ငံရေးသဘောတရားအရ တပ်မတော်ရဲ့ ပုံစံဟာ ဟန်တင်တန်ပြောခဲ့တဲ့ (မူလလက်ဟောင်း)ပရော်ဖက်ရှင်နယ်တပ်မတော် ပုံစံမျိုးဖြစ်မှာ မဟုတ်ဘဲ Alfred Stepan လေ့လာဖော်ထုတ်ခဲ့တဲ့ (ဖော်မြူလာသစ်)ပရော်ဖက်ရှင်နယ်တပ်မတော်ပုံစံသာဖြစ်နေအုံးမယ်လို့ သုံးသပ်ထားပါတယ်။
.
. . . ဒါကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြားတဲ့ အမှာစကားထဲမှာပါတဲ့ အရည်အချင်းရှိသည့် တပ်မတော် Standard Army ဆိုတာ တပ်မတော်ရဲ့ မူလစစ်ဘက်တာဝန်တွေကို ထက်မြက်ထူးချွန်စွာ တာဝန်ကျေကျေ ထမ်းဆောင်နိုင်တဲ့အပြင် ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တည်ဆောက်ရာမှာ လိုအပ်တဲ့ အရည်အသွေးအရည်အချင်းတွေကိုပါ ဖြည့်ဆည်းထားပြီး စစ်ဘက်မဟုတ်တဲ့ နိုင်ငံ့ရေးရာတာဝန်တွေကိုပါ ကောင်းမွန်သေသပ်စွာထမ်းဆောင်နိုင်မယ့် တပ်မတော်သားတွေနဲ့ ဖွဲ့စည်းထားတဲ့တပ်မတော်တစ်ရပ်ကို ရည်ညွှန်းတဲ့ စကားလုံးဖြစ်တယ်လို့ ယူဆနားလည်မိပါကြောင်း . . .
.
ဗိုလ်ကောင်း
၂၄ သြဂုတ် ၂၀၁၈
.
ဝေါဟာရများ
နန်းတော်စောင့်လူစွမ်းကောင်းစစ်သည်တော်ဇာတ်ရုပ် (praetorian ethos)
မူလလက်ဟောင်း ပရော်ဖက်ရှင်နယ်တပ်မတော်ပုံစံ (old professionalism)
ဖော်မြူလာသစ် ပရော်ဖက်ရှင်နယ်တပ်မတော်ပုံစံ ( new professionalism)
အရည်အချင်းရှိသည့်တပ်မတော် (Standard Army)
.
Ref:
Tin Maung Maung Than. "Burma: the “new professionalism” of the Tatmadaw." Military Professionalism in Asia: Conceptual and Empirical Perspectives, edited by Muthiah Alagappa (Honolulu, HI: East-West Center, 2001) (2001): 163-78.

No comments:

Post a Comment