Wednesday 22 August 2018

မျောက်လောင်းလေးတွေ


. . မနေ့က စင်ကာပူလက်ချာမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့အထဲက ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲ အာဆီယံမှာ အဆင့်တစ် ရခဲ့တယ်ဆိုတဲ့ မြန်မာလူငယ်အဖွဲ့အကြောင်း ဂုဏ်ယူစွာ ကြားလိုက်ရပါတယ်။ ကျွန်တော်တို့ဒီလိုများများ ဂုဏ်ယူနိုင်ဖို့ ဘာတွေ လုပ်ကြရင်ကောင်းမလဲ စဉ်းစားမိတာလေး ပြောချင်လို့ပါ။
.
အချက်လေးချက် ပြောလိုပါတယ်
.
. . . နိုင်ငံတကယ်ဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင် သိပ္ပံနဲ့ နည်းပညာ သင်္ချာဘာသာရပ်တွေမှ ထူးချွန်ဖို့လိုကြောင်း၊ အဲသည်ဘာသာရပ် ထူးချွန်တဲ့ နိုင်ငံတွေက ကမ္ဘာ့ထိပ်တန်းကို ရောက်နေကြောင်းတွေကို မကြာခဏကြားခဲ့ကြပြီးပါပြီ။ အဲဒါနဲ့အတူတူ အရေးကြီးတဲ့ နောက်ထပ် အချက်တစ်ခုက အသင်းအဖွဲ့နဲ့လုပ်တတ်တဲ့ စိတ်ရင်းခံဖြစ်ပါတယ်။ ဒါကိုလည်း ငယ်စဉ်ဘ၀ကတည်းက ကျောင်းတွေမှာ လေ့ကျင့်ပေးလို့ ရနိုင်ပါတယ်။ တတိယမြောက် အရေးကြီးတဲ့အချက်က တီထွင်ဖန်တီးမှုအတွက် စာပေ အနုပညာနဲ့ ဂီတ ပန်းချီတို့ကိုပါ ခံစားတတ်ဖို့ ငယ်စဉ်ကတည်းက သူတို့လေးတွေရဲ့ နှလုံးသားကို ပြုစုပျိုးထောင်ပေးဖို့ လိုတာပါ။
.
. . . အထက်ပါ အချက်သုံးချက်နဲ့ ပြည့်စုံအောင် ပြုစုပျိုးထောင်ပေးထားတဲ့ တီထွင်ဖန်တီးဥာဏ်အားကောင်းတဲ့ သင်္ချာနဲ့ သိပ္ပံထူးချွန်တဲ့ မျိုးဆက်သစ်တွေအတွက် နောက်ထပ် စတုတ္ထမြောက် အရေးကြီးတဲ့ အချက်ကတော့ သူတို့တွေ လက်ရည်စမ်းနိုင်မယ့် အခွင့်အရေးများများ ရရှိအောင် အခြေခံအဆောက်အအုံပိုင်းမှာ အားဖြည့်ပေးထားဖို့ လိုပါတယ်။
.
. . . အခြေခံအဆောက်အအုံဆိုလို့ စက်ရုပ်တီထွင်ဖန်တီးတဲ့ ၀ပ်ရှော့ကြီးတွေ စက်ကိရိယာအစုံအလင်နဲ့ အလုပ်ရုံကြီးတွေကိုချည်းပဲ ပြေးပြီး မမြင်သင့်ပါဘူး။ ကျွန်တော်တို့ ကလေးတွေ ရှာရှာကြံကြံ တီထွင်ဖန်တီး (ဆော့ကစား) ဖို့အတွက်ကို အခွင့်အရေးတွေ ဖန်တီးပေးသင့်ပါတယ်။ အနည်းဆုံးတော့ ကလေးတွေ ကစားတာကို အားပေးအားမြှောက်ပြုမယ့် ၀န်းကျင်ကို ဖန်တီးပေးသင့်ပါတယ်။
.
. . . ဥပမာ တစ်ခုပြောမယ်ဆို ကျွန်တော်ငယ်ငယ်က ရှာရှာကြံကြံ အင်မတန်လုပ်တတ်ပါတယ်။ ရွှေသွေးတေဇ စာအုပ်တွေထဲမှာပါတဲ့ ကစားနည်းတွေကိုကြည့်ပြီး တီတီထွင်ထွင်လည်း လုပ်တတ်ပါတယ်။ လေညွှန်တံတို့ လေဖိအားသုံးကိရိယာတို့ လေတိုက်ရင်လည်တဲ့ စကြ်ာ သီတင်းကျွတ်မှာထွန်းမယ့် မီးပုံး စတာတွေကို အိမ်မှာရှိနေတဲ့ ဘောပင်ဟောင်းတွေ ၀ါယာကြိုးတွေ ပင်အပ်တွေ ချောကလက်ဘူးခွံတွေသုံးပြီး လုပ်ဖူးပါတယ်။ ဒါပေမယ့် ကလေးတစ်ယောက် အဲသလို ရှာရှာကြံကြံတွေ လုပ်ဖို့အတွက် အားပေးမယ့် ၀န်းကျင်မရှိခဲ့ပါဘူး။ ဒီလိုလုပ်နေတာဟာ ကလေးတစ်ယောက်အတွက် လိုအပ်တဲ့ အရည်အသွေးတွေပါလားလို့ ဘယ်သူကမှ အသိအမှတ်မပြုကြသလို အားပေးကြဖို့ဆိုတာ ဝေလာဝေးပါ။ ကျောင်းစာတွေ အလွတ်ကျက်နေဖို့ထက် ကျန်တာဘာမှ အရေးမပါသလို တွေးခေါ်တုန့်ပြန်တဲ့ ပတ်ဝန်းမှာ ဒီလိုအလုပ်တွေကို အားပေးကြဖို့ နေနေသာသာ ပေါက်ကရဆော့တယ်ဆိုပြီး ပိတ်ပင်တားမြစ်တဲ့ ပတ်ဝန်းကျင်မှာသာ ကြီးခဲ့ရတာပါ။ ဒါက အိမ်နဲ့ပတ်ဝန်းကျင်ကို ပြောတာပါ။
.
. . . ကျောင်းကိုကြည့်ကြပါစို့။ ဆိုရှယ်လစ်ခေတ်မှာ မူလတန်းတက်ပြီး စစ်အစိုးရခေတ်မှာ အလယ်တန်းအထက်တန်းရောက်ခဲ့တဲ့ ကျွန်တော်တို့ ကျောင်းသားဘ၀တုန်းက ပုဂ္ဂလိက စာသင်ကျောင်းဆိုတာ ရှိမှန်းတောင် မသိခဲ့ရသလို ကိုယ်တက်နေတဲ့ အစိုးရတန်းကျောင်းတွေမှာလည်း တီထွင်ဖန်တီးမှုဆိုတာ ချိုနဲ့လားလို့ မေးရလောက်အောင် ခေါင်းပါးခဲ့ပါတယ်။ ရွာကျောင်းမှာနေခဲ့ရလို့ ပြေးလွှားကစားခုန်စား၊ ဆရာဆရာမတွေရဲ့ ပုံပြောကောင်းတာရဲ့အကျိုးဆက် စာတွေကဗျာတွေ ချစ်တတ်တာက ကျွန်တော်တို့ ကျောင်းက ရခဲ့တဲ့ အစွမ်းကုန်သော ကိုယ်ရည်ကိုယ်သွေးတွေ ဖြစ်ပါတယ်။ အဲဒါမျိုးတွေကလွဲရင် ကျောင်းစာဆိုတာ စာအုပ်ထဲမှာပဲ ရှိနေတဲ့အရာဖြစ်ခဲ့ပါတယ်။
.
https://www.facebook.com/bokaunghtetsan/posts/706673079695970?__tn__=K-R
.
. . . တစ်ခြားသော ရှာရှာကြံကြံ တီတီထွင်ထွင် လျှောက်လုပ်ဖို့ အသာထားလို့ သင်ခန်းစာထဲမှာပါတဲ့ အကြောင်းအရာတွေကို လက်တွေ့ဘ၀နဲ့ ထင်ဟပ်ပြတာမျိုး အားနည်းခဲ့တယ်လို့ ထင်ပါတယ်။ ဥပမာတစ်ခုပြောရရင် နေကြတ်တာမျိုးပေါ့။ ကိုယ်တွေအိမ်က သတင်းစာယူတဲ့အိမ်မို့ နေကြတ်လကြတ်တွေကို အိမ်ကလူကြီးတွေပြောတာနဲ့ သတင်းစာမှာ ဖတ်တာနဲ့ သိနေပါတယ်။ နာရီအတိအကျ မဟုတ်ရင်တောင် နေ့လည် ထမင်းစားနားပြီး ကျောင်းပြန်တက်ပြီးရင် နေကြတ်မယ်ဘာညာ ဆိုတာလောက် အမှတ်သညာ ထားတဲ့နေ့မျိုးတွေမှာ အပြင်မှာတကယ်နေကြတ်တဲ့အချိန် ကျွန်တော်တို့က စာသင်ခန်းထဲမှာ ကဗျာတွေ အော်ဆိုနေရတာမျိုးဖြစ်ပါတယ်။ နေကြတ်နေပြီဆိုတာ စိတ်က သိနေပေမယ့် နေကြတ်တာကို ကြည့်ချင်တယ်ရယ်လို့လည်း ဘယ်သူ့ကိုမှ မပြောရဲသလို နေကြတ်တဲ့အကြောင်းကိုလည်း ကျောင်းမှာ ဘယ်သူမှ တခုပ်တရလုပ်ပြီး ပြောတာမျိုး မကြုံခဲ့ဖူးပါဘူး။ ကျောင်းသားတွေကို နေကြတ်တဲ့အကြောင်း တစ်ခါတည်း လက်တွေ့ပြ ရှင်းပြသင်ပြဖို့ဆိုတာ ဝေလာဝေးပေါ့။
.
. . . ဆိုရှယ်လစ်ခေတ်သဘောတရားတွေအရ ငွေကြေးကြွယ်ဝချမ်းသာတာဟာ ၀ိသမလောဘဆိုတဲ့ သဘောတရားနဲ့ ဆက်စပ်မြင်မြင်နေတတ်တာက ဆိုရှယ်လစ်ခေတ်ကြီးပျက်သွားပြီးနောက်ပိုင်း တော်တော်ကြာကြာထိ ရှိနေတယ်လို့ ထင်တာပါပဲ။ ဒါကြောင့် လောကမှာ ငွေနဲ့ဂုဏ် (ပိုက်ဆံချမ်းသာတာနဲ့ အတန်းတွေအောင်ဘွဲ့တွေရတာ) ဟာ အဆက်အစပ် မရှိဘူးလို့ပဲ တွေးမိပြီး ငွေ နဲ့ ဂုဏ် ဆိုတာ တစ်ခုလိုချင် တစ်ခုစွန့်လွှတ်ရမယ်ဆိုတဲ့ ယုံကြည်ချက်မျိုး ပေါက်ဖွားလာရတဲ့အထိပါပဲ။
.
. . . အဲသည်လို ယုံကြည်မှုမျိုးက ဘယ်အထိ သက်ရောက်သလဲဆိုရင် မင်းစာတော်အောင်လုပ်မလား ပိုက်ဆံချမ်းသာအောင်လုပ်မလား၊ တစ်ခုကိုပဲ မင်းရမယ်ဆိုတဲ့ သဘောတရားထိရောက်သွားပြီး ကျောင်းမှာ စာတော်တာ ထူးချွန်တာက သပ်သပ်၊ တကယ့်လက်တွေ့ဘ၀မှာ ကိုယ့်ကိုယ်ကို ကြီးပွားချမ်းသာအောင် လုံ့လပြုတာက သပ်သပ်ဆိုတဲ့ အတွေးမျိုးနောက်မှာ ကျောင်းပညာဆိုတာ စာအုပ်ထဲမှာသက်သက်ပဲ အပြင်လောကမှာ အသုံးမ၀င်ပါဘူးလေဆိုတဲ့အထိ ရောက်သွားခဲ့သလိုပါပဲ။
.
. . . ကျွန်တော်တို့ ငယ်ငယ်က တီထွင်ဖန်တီးမှုပိုင်းမှာ အားပေးအားမြှောက်မခံရတာ၊ ကျောင်းစာဆိုတာ တစာစာအံနေပြီး စာမေးပွဲမှာ မှန်မှန်ပြန်ချရေးတတ်ရင် အမှတ်ကောင်းရင် ထူးချွန်တယ်လို့ အသိအမှတ်ပြုခံရတာတွေရဲ့ အကျိုးဆက်က အခု ကျွန်တော်တို့ မြင်နေရတဲ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေပဲလို့ ထင်ပါတယ်။
.
. . . တကယ်တမ်းကျတော့ ကျောင်းပညာထူးချွန်တာက ပြင်ပလောကမှာ ထူးချွန်ထက်မြက်ဖို့အတွက် အောင်မြင်ပေါက်မြောက်ဖို့အတွက် အဓိကကျတဲ့ အကြောင်းရင်းဆိုတာ တဖြည်းဖြည်း လူလားမြောက်မှ သိသိလာရတာပါ။ ဟိုနိုင်ငံဒီနိုင်ငံတွေရောက်မှ ကျွန်တော်တို့ ကြီးမှသိတဲ့ အသိမျိုး အတွေးမျိုးကို သူတို့ဆီမှာ ငယ်ငယ်ကလေးတည်းက နှလုံးသားထဲခေါင်းထဲ ထည့်ပေးထားကြတာပါလားဆိုတာ သိလိုက်ရတာပါ။
.
. . . တစ်ခါတစ်လေမှာ အက်ဒီဆင်တို့ဘာတို့ တန်းကျောင်းမနေဘဲ ထူးချွန်ထက်မြက်တဲ့အကြောင်းတွေကို ပြောကြရင်း တန်းကျောင်းက အရေးမပါသလိုမျိုး အကောက်အယူလုပ်ကြတာ ကြားဖူး မြင်ဖူးပါတယ်။ ဒါကို ကျွန်တော်က သဘောမတူပါဘူး။ လူတိုင်းက သာမန်လူသာဖြစ်ပြီး အက်ဒီဆင်လို သူများနဲ့ ဥာဏ်ရည်မတူလို့ အိမ်မှာ စာသပ်သပ်သင်ပေး သူ့ဘာသာ ရှာဖွေလေ့လာ တီထွင်ဖန်တီးနိုင်တဲ့ ဥာဏ်ကြီးရှင်မျိုးမှာ တစ်ခေတ်မှာတစ်ယောက်လောက်သာ ထွန်းပေါက်တတ်တာပါ။ သူ့အမေက စာသင်ပေးနိုင်လို့သာ သူက ထွန်းပေါက်တာပါ။ ကျန်တဲ့ အများစုသော ကလေးများအတွက် ကျောင်းပညာရေးလို စနစ်ကျတဲ့ သင်ယူဝန်းကျင်မျိုးကို ကျောင်းပညာရေးကသာ ပေးနိုင်ပါတယ်။
.
. . . နောက်တစ်ခုက လောကမှာ အက်ဒီဆင်လို တစ်ယောက်ကောင်း ထွန်းပေါက်နိုင်တာမျိုးထက် အသင်းအပင်း အစုအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်တာမျိုးကိုသာ ပိုပြီး အားပေးထိုက်ပါတယ်။ ဆရာဖေမြင့်စာတစ်ပုဒ်မှာပါသလိုပဲ ငွေတစ်ရာနဲ့တစ်ရာ ပေါင်းလိုက်ရင် ငွေနှစ်ရာသာဖြစ်သွားပေမယ့် ဥနှောက်တစ်ခုနဲ့တစ်ခုပေါင်းလိုက်ရင် ဥနှောက်နှစ်ခုမက ဆယ်ခုလည်းဖြစ်နိုင်တယ် တစ်ရာလည်းဖြစ်နိုင်တယ်။ တစ်ထောင်လည်း ဖြစ်နိုင်တယ် ဆိုတာမျိုးလိုပါပဲ။ ဒါကြောင့် တစ်ဦးကောင်းတစ်ယောက်ကောင်း လူစွမ်းကောင်းတွေထက် အသင်းအပင်းအဖွဲ့အစည်းနဲ့ စုစည်းညီညွှတ် စုပေါင်းလုပ်ဆောင် တီထွင်ဖန်တီးတာမျိုးက ပိုပြီး အားပေးထိုက်တယ်လို့ ယုံကြည်ပါတယ်။
.
. . . အပေါ်မှာ ပြောခဲ့တာတွေကို ခြုံငုံကြည့်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံအတွက် မျိုးဆက်သစ်တွေကို ရင်းနှီးမြှပ်နှံပြုစုပျိုးထောင်တဲ့နေရာမှာ သင်္ချာနဲ့သိပ္ပံပညာကို အလေးထားသင်ကြားဖို့၊ ပူးပေါင်းဆောင်ရွက်တတ်တဲ့ အကျင့်ကို လေ့ကျင့်မွေးမြူဖို့၊ တီထွင်ဖန်တီးမှုအတွက် စာပေ ဂီတ ပန်းချီ အနုပညာတွေကို ကလေးဘ၀ကတည်းက နှလုံးသားနဲ့ ယဉ်ပါးနေစေဖို့ စတဲ့ အချက်သုံးချက်အပြင် တီထွင်ဖန်တီးမှုကို အားပေးအားမြှောက်ပြုတဲ့ စိတ်ထားတွေရင်းနှီးကျွမ်းဝင်နေတဲ့ ပတ်ဝန်းကျင်ကောင်းကို ကျွန်တော်တို့ လူလတ်ပိုင်းတွေကိုယ်တိုင် တည်ထောင်ဖို့ အရေးကြီးကြောင်း ပြောလိုရင်းဖြစ်ပါတယ်။ ဒါက လောလောဆယ် တွေးမိသလောက်ဖြစ်ပြီး ဒီထက်မက ပြောမယ်ဆို ပြောစရာတွေ အများကြီး ရှိနေအုံးမှာပါ။
.
. . . ကျွန်တော်တို့ သားသမီးတွေကို အနည်းဆုံးတော့ အထက်ကပြောတဲ့ အချက်လေးချက်နဲ့ ဖြည့်ဆည်းထောက်ပံ့ပေးနိုင်အောင် ကျွန်တော်တို့ ကိုယ်စီကိုယ်စီ ကိုယ့်အိမ်မှာကိုယ် စလိုက်ကြရအောင်ပါ
.
ဗိုလ်ကောင်း
၂၂ သြဂုတ် ၂၀၁၈
.
ဓာတ်ပုံ။ ဂျပန်နိုင်ငံ နိဂတခရိုင် စက်မှုလက်မှု အထက်တန်းကျောင်း ကောလိပ် တက္ကသိုလ် တစ်ခုကို သွားလေ့လာတုန်းက တွင်ခုံအခန်းတစ်ခုထဲမှာ ရိုက်ခဲ့တဲ့ပုံဖြစ်ပါတယ်။ အခြားသော စက်ရုပ်ခန်း ဆားကစ်ခန်း ဂဟေခန်း စသည်ဖြင့် ကိုယ့်စိတ်ကူးတွေကို လက်တွေ့ဖော်နိုင်တဲ့ ကိရိယာတွေကို အလုံးအရင်းနဲ့ ထားပေးပြီး စုပေါင်း လုပ်ဆောင် လေ့ကျင့် သင်ကြား တီထွင် ဖန်တီး နေကြတာပါ။

No comments:

Post a Comment