Sunday 26 August 2018

ပျဉ်အသစ်တွေ ခင်းသင့်သလား

. . . မန္တလေးလား အင်းဝဘက်ကလား ရှေးဟောင်းအဆောက်အအုံတစ်ခုမှာ သစ်သားကြမ်းခင်းတွေ လဲထားတာနဲ့ ပတ်သက်ပြီး လူပြောများနေလို့ ဒီစာကို ရေးပါတယ်။ အဲသည် ပြုပြင်အစားထိုးတာကိုတော့ အကျိုးအကြောင်း သေချာမသိလို့ မဝေဖန်တတ်ပေမယ့် ဒီစာကို ဖတ်ပြီးရင်တော့ ကျွန်တော်ဘာပြောချင်တယ်ဆိုတာကို သိကြမှာပါ။
.
. . . ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို ချစ်မြတ်နိုးဖို့ ငယ်ငယ်ကတည်းက နှလုံးသားလေးထဲ ထည့်ပေးထားကြတော့ ကိုယ်တွေက ချစ်တတ်တယ်။ ဘယ်လိုချစ်ရမှန်းသာ မသိတာ။
.
. . . ဒီဘက်ခေတ် အင်တာဗျူးတစ်ခုမှာ အရင်တုန်းက ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်ကို ပုဂံရှေးဟောင်းဘုရားတွေ ပြုပြင်တာနဲ့ ပတ်သက်ပြီး ရှေးဟောင်းပစ္စည်းကို ဖျက်ဆီးရာရောက်တယ်လို့ ဝေဖန်ကြတဲ့အကြောင်း ပြောတော့ ဦးခင်ညွှန့်ပြန်ပြောတာက ကိုယ်နားလည်သလောက်ဆိုရင် ဘုရားစေတီပုထိုးတွေဆိုတာ ကိုယ်တွေ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ အပျက်စီးမခံဘဲ ရေရှည်တည်တံ့အောင် ပြုပြင်ထိန်းသိမ်းသင့်တယ်ဆိုတဲ့ သဘော ပြောသွားတာတွေ့တယ်။
.
. . . ပုဂံလိုနေရာမျိုးကို ကိုယ်တိုင်လည်း ရောက်ဖူးတော့ ဘုရားပုထိုးတွေကို ပြန်ပြီး ပြုပြင်ထားတာတွေကို တွေ့တော့ ရှေးဟောင်း အမွေအနှစ်လက်ရာတွေဆိုပြီး ဒီအတိုင်းပဲ အုတ်ပုံအဖြစ် ပြိုလဲသွားတာကို စောင့်နေတာကောင်းလား၊ ပြန်ပြီး ပြုပြင်တည်ဆောက် ရေရှည်ခံအောင်လုပ်တာ ကောင်းလားဆိုတဲ့ မေးခွန်းကို ကိုယ့်ဘာသာ ထုတ်ပြီး ကိုယ့်ဘာသာ မဖြေနိုင်ခဲ့ဘူး။
.
. . . အခု ဒီနိုင်ငံမှာ နေခဲ့တဲ့ ကာလအတွင်း ရှေးဟောင်းယဉ်ကျေးမှုနေရာ တော်တော်များများကို ရောက်ခဲ့တယ်။ အဲသည် တော်တော်များများကလည်း ယူနက်စကိုကနေ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြုထားတဲ့ နေရာ တော်တော်များတယ်။ ခင်ဗျား စဉ်းစားကြည့်၊ အဲသည်နေရာတွေဆိုတာ တစ်ချို့ဆို သစ်သားနဲ့လုပ်ထားတဲ့ ဘုန်းကြီးကျောင်းဆောင်တွေ ဘုရားကျောင်းကြီးတွေ အများကြီးပဲ။ သူတို့တွေ နှစ်ပေါင်း ရာနဲ့ချီပြီး အခုထိတိုင်း မပျက်မစီး အကောင်းပကတိအတိုင်း ရှိနေကြတာ ဘာလို့လဲ။ မပြင်ဘဲနဲ့ ဒီအတိုင်းထိန်းသိမ်းထားရုံနဲ့ ကောင်းနေတာလား၊ ဒါမှမဟုတ် ပြင်ပစ်တယ်ဆိုရင်ရော ဘာလို့ ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြု ထားတာလဲ။
.
. . . အဲဒီအဖြေကို ရခဲ့တာကတော့ ဂျပန်နိုင်ငံ နစ်ကိုးဒေသမှာရှိတဲ့ ရီးနောဂျိ (輪王寺) ကျောင်းတော်ကြီး ကိုသွားလေ့လာတဲ့ ခရီးစဉ်မှာပါပဲ။
.
. . . ရီးနောဂျိ (輪王寺) ဗုဒ္ဓဘာသာ ဘုရားကျောင်းတော်ကြီးကို အေဒီရှစ်ရာစု ခရစ်သက္ကရာဇ် ၇၆၆ ခုနှစ်တုန်းက အပြီးသတ်တည်ဆောက်ခဲ့ပြီး အထဲမှာ ကြီးမားတဲ့ ဘုရားဆင်းတုတော်ကြီး သုံးဆူနဲ့ အခြားသော ယဉ်ကျေးမှု အမွေအနှစ်တွေ ထိန်းသိမ်းထားပါတယ်။ အေဒီ ရှစ်ရာစုဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင့်နှစ်ရာကျော်ပါ။ သစ်သားတွေနဲ့ တည်ဆောက်ထားတဲ့ ဘုရားကျောင်းဆောင်ကြီးတစ်ခု လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင့်နှစ်ရာကျော်ကတည်းက အဆောက်အဦတစ်ခုကို ဘယ်လိုများ ထိန်းသိမ်းခဲ့ကြပါသလဲ။
.
. . . ကျွန်တော်တို့ အဲသည်ကို ရောက်တဲ့အချိန်မှာလည်း ကျောင်းတော်ကြီးကို အကြီးစား ပြင်ဆင်ထိန်းသိမ်းမှုတွေ လုပ်နေတဲ့အချိန်ဖြစ်ပါတယ်။ အကြီးစား ထိန်းသိမ်းပြင်ဆင်မှုဆိုတာ ဘယ်လိုလဲဆိုတာ ကျောင်းတော်ကြီးထဲ ၀င်ကြည့်မိမှ သေချာသိရပါတော့တယ်။ ထိန်းသိမ်းပြင်ဆင်မှု လုပ်ဖို့အတွက် ပထမဆုံး ကျောင်းတော်ကြီးတစ်ခုလုံးကို ငုံပြီး အလုပ်ရုံကြီးတစ်ခု တည်ဆောက်လိုက်ပါတယ်။ ကျောင်းတော်ကြီးထဲက ရှေးဟောင်း ရုပ်ပွားတော်တွေနဲ့ ယဉ်ကျေးမှု အနုလက်ရာပစ္စည်းတွေကို ဘုရားဖူးတွေ ခရီးသွားတွေ လေ့လာလို့ရအောင် အထဲမှာ ပြင်ဆင်ပေးထားသလို အထပ်ပေါင်း ဆယ်ထပ်လောက်ရှိတဲ့ ပြုပြင်ထိန်းသိမ်းရေး အလုပ်ရုံကြီးကိုလည်း အထက်ထိ ပတ်ကြည့်လို့ရအောင် ပတ်လမ်းလုပ်ပေးထားပါတယ်။
.
. . . ထိန်းသိမ်းပြင်ဆင်မှုဆိုတာ သာမန်ထိန်းသိမ်းပြင်ဆင်တာမျိုး မဟုတ်ပဲ အရင်ရှိတဲ့ အမိုးတွေကိုခွာချ၊ ကြမ်းတွေကို ဖြုတ်ချပြီး အရင်သုံးထားတဲ့ သစ်သားတွေထဲက ကောင်းတဲ့အပိုင်းကို ပြန်သုံး၊ ပိုးထိုးတဲ့အပိုင်းကို အစားထိုး၊ ကြေးဝါနဲ့လုပ်ထားတဲ့ အဆက်အစပ်နေရာတွေကို ကြေးဝါပြားအသစ်တွေကို မူလလက်ရာအတိုင်း ရှေးမူမပျက် ပြန်ပြီး အစားထိုး၊ စသည်ဖြင့် လုပ်နေတာ တွေ့ရပါတယ်။ လုပ်ကြတဲ့ နေရာမှာလည်း သစ်သားတွေ ဆက်တဲ့နည်းစနစ်တွေ ထုပ်တွေ တန်းတွေထိုးတဲ့ နည်းစနစ်တွေ စတာတွေကို ရှေးတုန်းက လုပ်ခဲ့တဲ့ ပုံစံအတိုင်း အတိအကျ မှတ်တမ်းယူလုပ်နေပြီး အစားထိုးတဲ့ နေရာမှာလည်း ရှေးတုန်းက ပုံစံ အရွယ်အစား အရည်အသွေးအတိုင်း အတိအကျရအောင် လုပ်နေတာ တွေ့ခဲ့ရပါတယ်။
.
. . . ကျောင်းတော်မွမ်းမံရေး အလုပ်ရုံကြီးထဲမှာ ပြထားတဲ့ ကျောင်းကြီးကို တကယ်ပြန်လည် တည်ဆောက်နေတဲ့ လုပ်ငန်းခွင်ကို အနီးကပ် ကြည့်လို့ လေ့လာလို့ရအောင် လုပ်ပေးထားတဲ့အပြင် လှူချင်တယ်ဆိုရင်လည်း ကြေးပြားတစ်ချပ်ကို ဘယ်လောက်၊ သစ်သားတစ်ချောင်းကို ဘယ်လောက် စသည်ဖြင့် လှူဖို့ စီစဉ်ပေးထားပါတယ်။ အဲသည်တွေမှာ ကိုယ့်ဘာသာ ကိုယ့်နာမည်ကို ကမ္ဗည်းထိုးဖို့လည်း လုပ်ပေးထားပါတယ်။ နောက်ပြီး ပိုစိတ်ဝင်စားဖို့ ကောင်းတာက ကျောင်းတော်ကြီးထဲက သစ်သားထည်တွေကို ဆွေးမြေ့ပေါက်ပြဲစေတဲ့ သစ်စားပိုး အမျိုးအစားတွေ ပုံစံတွေ ဘယ်လိုစားထားသလဲ ဘာကြောင့် ပျက်စီးရသလဲ ဆိုတာတွေ၊ အဲဒါတွေ နောက်မဖြစ်အောင် ဘယ်လို ဆေးမျိုးနဲ့ သစ်သားကို ပေါင်းတယ် သုတ်တယ် စသည်ဖြင့် ပြထားတဲ့အပြင် တည်ဆောက်ရေးလုပ်ငန်းခွင်မှာ လက်တွေ့ပြန်လည်တည်ဆောက်တဲ့နေရာမှာ ကျင့်သုံးတဲ့ ရှေးဟောင်း ဂျပန်သစ်သားဆက်နည်းပညာတွေကိုပါ နမူနာ ပြထားပြီး ကိုယ်တိုင်ကိုင်ကြည့် ဆက်ကြည့်နိုင်အောင် ခင်းကျင်းပြထားတာကို တွေ့ရပါတယ်။
.
. . . ကျောင်းတော်ကြီးထဲကို လာရောက် ဘုရားဖူး လေ့လာနေကြတဲ့အထဲမှာ ကျွန်တော်တို့လို့ တိုင်းခြားသားတွေပါသလို ဂျပန် ကလေး လူကြီး လူငယ် အရွယ်စုံကိုလည်း တွေ့ပါတယ်။ ကလေးတွေ တန်းစီပြီး လေ့လာရေးလာနေကြတာကို တာဝန်ရှိတဲ့သူက တလေးတစားနဲ့ အသေအချာ ရှင်းပြနေတာ ကလေးတွေကလည်း မေးခွန်းတွေပြန်မေးနေကြတာကို စိတ်ဝင်စားစရာ တွေ့ခဲ့ရပါတယ်။
.
. . . အဲဒီကအပြန်မှာ ရှေးဟောင်းယဉ်ကျေးမှု အနုပညာလက်ရာတွေ အဆောက်အအုံတွေကို ဘယ်နည်းဘယ်ပုံ ထိန်းသိမ်းရတယ်ဆိုတဲ့ ဗဟုသုတကို ရလာခဲ့ပေမယ့် ဒီထက်ပိုအရေးကြီးတဲ့ ကိုယ့်နိုင်ငံသား လူငယ်မျိုးဆက်သစ်တွေကို ဘယ်နည်းဘယ်ပုံ အသိပညာပေး ချစ်တတ်တဲ့ နှလုံးသားမွေးမြူပေးသင့်သလဲ၊ နည်းမှန်လမ်းမှန် ချစ်တတ် မြတ်နိုးတတ် ထိန်းသိမ်းတတ်အောင် ဘယ်လိုတွေ လုပ်သင့်သလဲဆိုတဲ့ အသိကိုပါ ရလာခဲ့ပါတယ်။ ကိုယ့်ကိုယ်ကို ဟိုစပ်စပ်ဒီစပ်စပ် စိတ်ဝင်စားတတ်တဲ့သူလို့ ထင်နေတာတောင် ဒါမျိုးအသိကို အသက်လေးဆယ်နားနီးမှ ရလိုက်လို့ တော်တော်လည်း သတိတရားရသွားပါတယ်။
.
ဗိုလ်ကောင်း
၂၇ သြဂုတ် ၂၀၁၈
.
http://www.sacred-destinations.com/japan/nikko-rinnoji

ကျောင်းတော်ကြီး ပြုပြင်မွမ်းမံရန်အတွက် အလုပ်ရုံကြီး တစ်ခု တည်ဆောက် ငုံထားလိုက်ပြီး အပြင်ကကြည့်လျှင် ကျောင်းတော်ကြီးကို မူလအရွယ်အတိုင်း မြင်ရအောင် ပုံပြထားပုံ

အလုပ်ရုံထဲတွင် ကျောင်းတော်ကြီး တည်ဆောက်မှုကို လှည့်ပတ်ကြည့်ရှုလေ့လာနိုင်သော စင်္ကြန်ပတ်လမ်းကို အမြင့်ဆုံးနေရာရောက်သည်အထိ တစ်ထပ်ချင်းတွင် ထည့်သွင်းထားသည်


ကျောင်းတော်ကြီး မူလပုံစံအတိုင်း မြင်တွေ့ရစဉ်


ကျောင်းတော်ကြီး အလုပ်ရုံ အပြင်နှင့် အတွင်းပိုင်းမြင်ကွင်း


တည်ဆောက်ရေးလုပ်ငန်းခွင် အတွင်းပိုင်းနေရာ၊ အမိုးတစ်ခုလုံး ဖြုတ်ချထားပြီး အသစ်ပြန်လည်တည်ဆောက်နေသည်


တည်ဆောက်ရေးလုပ်ငန်းခွင် အတွင်းပိုင်းနေရာ၊ အမိုးတစ်ခုလုံး ဖြုတ်ချထားပြီး အသစ်ပြန်လည်တည်ဆောက်နေသည်


တည်ဆောက်ရေးလုပ်ငန်းခွင် အတွင်းပိုင်းနေရာ၊ အမိုးတစ်ခုလုံး ဖြုတ်ချထားပြီး အသစ်ပြန်လည်တည်ဆောက်နေသည်


တည်ဆောက်ရေးလုပ်ငန်းခွင် အတွင်းပိုင်းနေရာ၊ အမိုးတစ်ခုလုံး ဖြုတ်ချထားပြီး အသစ်ပြန်လည်တည်ဆောက်နေသည်


ဘုရားဖူးများ ခရီးသွားများ ကိုယ်တိုင် ကမ္ဗည်းထိုး လှူဒါန်းနိုင်သော ကြေးဝါပြားများ

No comments:

Post a Comment