Monday, 27 August 2018

ဘက်ကပ်

. . . ရွာမှာမွေးပြီး ရွာမှာကြီးခဲ့ရတယ်ဆိုပေတဲ့ ကိုယ်တွေရွာက ကိုယ်မမွေးခင်တတည်းက ရုပ်ရှင်ရုံနဲ့ လျှစ်စစ်မီးနဲ့ ကိုယ်တွေ အလယ်တန်းကျောင်းသားဘ၀မှာ တယ်လီဖုန်းနဲ့ဆိုတော့ ရေအသင့်မီးအသင့် နေခဲ့ရတယ်လို့ပြောရင် တစ်ခြား ရွာသားတွေက သိပ်မနာလိုဖြစ်ကောင်းဖြစ်ကြလိမ့်မယ်။ ဒါပေမယ့် မဖြစ်ကြပါနဲ့၊ ဒီစာက ကြွားတဲ့စာမဟုတ်ပါဘူး။ ဆက်ဖတ်ကြည့်ပါအုံး
.
. . . အိမ်မှာ အ၀ီစိတွင်းနဲ့ စက်ရေတွင်းနဲ့ ဘေးပတ်ဝန်းကျင်ကိုတောင် ရေရောင်းစားနေတဲ့ အိမ်ဆိုပေတဲ့ တစ်ခါတစ်လေ ရွာမှာ ခုနစ်ရက် ဆယ်ရက် မီးပြတ်တတ်တဲ့အခါတွေများဆို တစ်ရွာလုံး ရွာအနောက်ဘက်က ချောင်းထဲ ရောက်ရတော့တာကလား။ ပြီးတော့ မီးက ပြတ်မယ်ဆိုလည်း ကြိုသိရတဲ့အမျိုးမဟုတ်လေတော့ မီးနည်းနည်းပြတ်တာနဲ့ ရေရောင်းတာကို ချက်ချင်း ရပ်ရတယ်။ မီးပြတ်တာ ရက်ကြာမယ်ဆို သောက်ရေတောင် အနိုင်နိုင်ရယ်ဖြစ်တတ်တဲ့ သင်ခန်းစာတွေက အခါခါ ရခဲ့ပြီးမှကိုး။ ဒါကြောင့် ရေဘယ်လောက်ပဲ ပေါနေပါစေဆိုအုံးတော့ မီးလာရင် ရေဆိုတာ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ရေကန်ထဲ ရောက်လာတယ်ဆိုစေအုံးတော့ အိမ်က ရေကန်ကြီးထဲ ရေအပြည့်မရှိရင် စိတ်က တယ်ကို မလုံချင်ဘူး။ အားတာနဲ့ ရေစက်မောင်း ရေတင် ရေကန်ကို ရေအပြည့် ဖြည့်ထားတာပဲ။
.
. . . ရန်ကုန်က အိမ်တစ်အိမ်မှာ နေတော့ အဲသည်အိမ်က ကွန်ဒိုမီနီယံအခန်း၊ ရေချိုးခန်း သုံးခန်းလောက်ရှိပေမယ့်ရေလှောင်ကန်မရှိဘူး၊ ရေလှောင်ထားစရာ ပုံးတွေ ခွက်တွေလည်း မရှိဘူး။ အကြောင်းတစ်ခုခုနဲ့ မီးတွေပြတ် ရေတွေပြတ်ကုန် ဘယ့်နယ်လုပ်မလဲမေးတော့ မပြတ်ဘူးလေတဲ့။ ကိုယ့်အိမ်မဟုတ်လို့ ဘာမှ မပြောဖြစ်ပေမယ့် ကိုယ့်လက်ထဲမှာ သိုလှောင်ထားတာ မရှိဘဲ နေ၀ံ့တဲ့ သူတို့စိတ်ကို အံ့သြမိသလို တော်တော် စွန့်စားမှုကြီးတာပဲလို့လည်း တွေးမိတယ်။ ကိုယ်က ရွာမှာဆို မီးပြတ်တဲ့အခါ တစ်ရွာလုံး ဒုက္ခရောက်ရတဲ့ အတွေ့အကြုံတွေက နည်းမှ မနည်းခဲ့ပဲကိုး။
.
. . . ရန်ကုန်က မြန်မာစင်္ကာပူသင်တန်းကျောင်းက သင်တန်းတစ်ခုတက်တော့ ပို့ချတဲ့ဆရာက သူ့ပါဝါပွိုင့်မှာပါတဲ့ မူဘီကလစ်တစ်ခုကို လင့်ဖွင့်တာ အင်တာနက် မကောင်းလို့ ဖွင့်မရဘူး။ ဒီဆရာ့နှယ် မြန်မာပြည်လာတာ ဗီဒီယိုဖိုင်လိုက်ထည့်မလာဘဲ လင့်ပဲ ယူလာရတယ်လို့ တော်တော် မိုက်တဲ့ဆရာဆိုပြီး စိတ်ထဲက မှတ်ချက်ချဖူးတယ်။ ကိုယ်ကတော့ ဘယ်နေရာမှာ ဘယ်လောက် အင်တာနက်လိုင်းကောင်းပါတယ်ပြောပြော အနည်းဆုံးတော့ ကိုယ့်စက်ထဲမှာ အဲသည် မူဘီဖိုင်ကတော့ ထည့်ထားတာပဲ။ ဂျပန်လို နိုင်ငံမျိုးမှာတောင် အရေးကြီးတဲ့ တင်ဆက်မှု လုပ်စရာရှိရင် ဖိုင်ကို နှစ်နေရာ သုံးနေရာခွဲသိမ်းတယ်။ အဲလို စိုးရိမ်တတ်တာ
.
. . . အင်တာနက်ခေတ်ရဲ့ အစပိုင်းမှာ ကိုယ်တွေက ဘလော့ဂါခေတ်ကို စမီခဲ့တာပြောရမယ်။ ဘလော့တစ်ခုထောင်ပြီး ကိုယ်တိုင် ပုံမှန်စာရေးနေနိုင်ရင် အဲသည်ခေတ်ကတော့ အကောင်ပဲ။ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်တဲ့ ၂၀၀၃ ခုနှစ်မှာဆရာဦးကြည်ရွှင်ကျေးဇူးနဲ့ ကိုယ့်မှာ ကိုယ်ပိုင် ကိုယ့်နာမည်အရင်းနဲ့ အီးမေးအကောင့်တစ်ခု တည်တည်တံ့တံ့ ရှိနေပြီ။ ဘလော့စာမျက်နာတစ်ခု တည်တည်တံ့တံ့ ရှိနေပြီ
.
. . . နောက်ပိုင်း ဖေ့ဘုတ်ဆိုတာ ပေါ်လာတော့ အင်တာနက်သုံးတဲ့သူတွေ တော်တော် ပေါချာချာဖြစ်ကုန်တယ် ထင်မိတယ်။ ကိုယ်တွေ ယဉ်ပါးခဲ့တဲ့ ဘလော့ဂါခေတ်ဆိုတာ တော်တော် ရုံးကန်ခဲ့ရတာကိုး၊ နိုင်ငံရေးဘလော့တွေ မကြည့်ဖို့ တားထားတာ၊ ဘာဘာညာညာဆိုက်တွေ မကြည့်ဖို့ တားထားတာ။ ကြည့်တော့လည်း အခုလို ကိုယ့်ဘာသာ တစ်ယောက်တည်း ဖုန်းလေးပွတ်ပြီး ကြည့်ရတာမျိုးမဟုတ်ဘဲ အင်တာနက်ဆိုင်ကိုသွားပြီး လူပုံအလယ် ကြည့်ရတာ။ ကျော်ရခွရ ၊ အပိတ်ခံရ၊ သတိပေးခံရ၊ ဒီလို ဘလော့ဂါ ခေတ်ကျပ်ကြီးထဲ ကြီးခဲ့ရတာဆိုတော့ ဖေ့ဘုတ်လောကကြီးက ကိုယ့်အတွက် ပေါချာချာ နိုင်လွန်းတယ်။ လူတွေကလည်း စုံလိုက်တာ။ မဟုတ်တာတွေကလည်း များလိုက်တာ။
.
. . . ဖေ့ဘုတ်ဆိုတာ ပေါချာချာပါကွာလို့ ထင်မိတဲ့အထင်ရယ်၊ ကိုယ်တစ်သက်လုံး ရေးလာသားလာခဲ့တာတွေကို ဖေ့ဘုတ်လို ခပ်ချာချာ ငပိန်းတွေများတဲ့ နေရာမှာတင် မထားနိုင်ဘူး။ သေချာဆက်သိမ်းမယ်ဆိုပြီး ရေးသမျှ စာတိုင်းနီးပါးကို ကိုယ့်အဆင့်ဆင့် ပြောင်းသုံးလာတဲ့ ဘလော့စာမျက်နှာမျက်တွေအပေါ်မှာ လက်ဆင့်ကမ်းပြီး မှတ်တမ်းတင်လာခဲ့တာ။ ကိုယ့်ဘာသာ ဒိုင်ယာရီသဘောမျိုး သီးခြားရေးတဲ့ စာတစ်ချို့ကို သီးခြားအကောင့်တစ်ခုနဲ့ သိမ်းထားခဲ့တာက လွဲရင် အခုချိန်ထိ အများသူငါကို ထုတ်ပြတဲ့ အရေးအသားတွေကို ကိုယ့်ရဲ့ ဘလော့စာမျက်နာမှာ တင်ထားနိုင်တုန်း။
.
. . . ဖေ့ဘုတ်လို ဘက်လိုက်တဲ့ ဆိုရှယ်မီဒီယာတစ်ခုက ကိုယ့်အကောင့်ကိုသာ ဖြုတ်ချလို့ ရချင်ရမယ်။ ကိုယ့်စာတွေကိုတော့ မဖျက်ပစ်နိုင်စေရဘူး။
.
ဒီဟာကတော့ အခုအချိန်ထိ အပ်ပဒိတ်ဖြစ်နေတဲ့ ကျွန်တော့်ရဲ့ ဘလော့ပဲ။ ဖေ့ဘုတ်က ဖြုတ်ချခံထိလဲ အဲဒီမှာ ဆက်ရှိနေမယ်

No comments:

Post a Comment