Sunday 2 September 2018

ပြန်လာချိန်တန်နေပြီမို့


. . . စက်တင်ဘာလ တစ်ရက်ဆိုတာ သာမန်အားဖြင့် ကျွန်တော်တို့ တက္ကသိုလ်ရဲ့ ပညာသင်နှစ်တစ်ခု ပထမဆုံးရက်။ ဆောင်းဦးရွက်ကြွေ၊ ဆောင်းနှင်းဝေ၊ နွေဦးပွင့်ဝေ နဲ့ နွေ ဆိုတဲ့ အတန်းလေးတန်း ရှိတဲ့အထဲ ပညာသင်နှစ်ရဲ့ ပထမဆုံး ဆောင်းဦးရွက်ကြွေရာသီရဲ့ အစဆိုလည်း မမှားဘူး။ ဒီအချိန်ရောက်တိုင်း ကျွန်တော် လွမ်းနေရတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ အဲသည်နှစ် နွေကျောင်းပိတ်ရက် သူ့နိုင်ငံကို ခဏပြန်သွားပြီး အခုလို ဆောင်းဦးရွက်ကြွေရာသီမှာ ပြန်လာခဲ့ပါမယ်ဆိုတဲ့ ကောင်လေးကို ကျွန်တော် အခုထိ ပြန်လာလေမလား မျှော်နေမိတုန်း . . .
.
. . . သူ့ကိုစတွေ့ဖြစ်တာက ကျောင်းတွေမဖွင့်ခင် ပြင်ကြဆင်ကြတဲ့အချိန်၊ ကျောင်းက မောင်မယ်သစ်လွင်ကြိုဆိုပွဲတွေ၊ ကလပ်တွေနဲ့ မိတ်ဆက်ပွဲတွေ၊ နိုင်ငံအလိုက် မိသားစုတွေရဲ့ မိတ်ဆက်ပွဲတွေ၊ အရင်စီနီယာကျောင်းသားတွေ ထားသွားတဲ့ ပစ္စည်းဟောင်းတွေကို ရောင်းပေးတဲ့အဟောင်းဈေးတွေ၊ နိုင်ငံတကာ ကျောင်းသားတွေကို ပစ္စည်းတွေ ဈေးချိုချိုနဲ့ လာရောင်းပေးတဲ့ မြို့ထဲက ကျောင်းသားကူညီရေး အသင်းဝင် မြို့ခံတွေရဲ့ ဈေးရောင်းပွဲလေးတွေ၊ လန်းဆန်းတက်ကြွတဲ့ ပတ်ဝန်းကျင်အသစ်ကို ရောက်လာကြတဲ့ ကမ္ဘာ့နိုင်ငံပေါင်း ငါးဆယ်လောာက်က ရွှင်လန်း တက်ကြွနေတဲ့ လူငယ်မောင်မယ်လေးတွေရဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေတဲ့ ကျောင်းပရ၀ုဏ်ထဲက လွမ်းစရာကောင်းတဲ့ ချယ်ရီလမ်းလေးမှာ သူ့ကို စတွေ့ခဲ့ရတာ
.
. . . ဆောင်းဦးရွက်ကြွေရာသီရဲ့ နီဝါညိုမောင်းတဲ့ သစ်ရွက်တွေ တစ်တောလုံး တစ်တောင်လုံး အရောင်ပြောင်းစ သိပ်ကို လှနေတဲ့အချိန်၊ ကျွန်တော်တို့ တက္ကသိုလ်ရဲ့ အထင်ကရ ချယ်ရီပင်တန်းတွေ သစ်ရွက်ဝါအရောင်တထိန်ထိန်နဲ့ တောက်ပနေတဲ့ ညနေခင်းတစ်ခု။ ၀င်လုလု နေမင်းကြီးက သူ့ရဲ့ ရွှေအိုရောင်နေခြည်ကို ဆမ်းပြီး စိတ်လက်ရွှင်မြူးစရာ ညနေခင်းရဲ့ အလှကို အစွမ်းကုန် ခြယ်သပေးထားတဲ့ အချိန်မှာပေါ့။
.
. . . အဲသည်ညနေက သူ့မျက်နှာကို တန်ဆာဆင်ထားတဲ့ ရွှင်လန်းအားရ တက်ကြွတဲ့အပြုံးမျိုးလောက် လှတဲ့ အလှအပတရားကို အခုကုန်ခဲ့တဲ့ လေးနှစ်အတွင်း ဒီကျောင်းပုရ၀ုဏ်ထဲမှာ၊ ကုန်ကုန်ပြောရရင် ကျွန်တော်သွားဖူး ရောက်ဖူးခဲ့သမျှ ဘယ်နေရာမှာမှ ထပ်မတွေ့ဖူးတော့ပါဘူးဆိုရင် နည်းနည်းတော့ ပိုတယ်လို့ ထင်ကြလိမ့်မယ်။ ချယ်ရီလမ်းမှာ ကြွေကျနေတဲ့ ဆာကုရရွက်ဝါလေးတွေကို မြေကြီးပေါ် မှောက်လျားထိုးမတတ် သူ့လက်ထဲက ဖုန်းကင်မရာလေးနဲ့ ရိုက်ပြီး သူရိုက်တဲ့သူ့ပုံကို ကျေနပ်ခြင်းက လှုံ့ဆော်ထားတဲ့ အပြုံးမျိုးလောက် လှတဲ့ အပြုံးမျိုး ကျွန်တော်တွေ့ဖူးခဲ့တာ အဲဒါ ဘ၀မှာ ပထမဆုံးပဲ ဆိုပါတော့။ အဲသည် ချယ်ရီရွက်ကြွေ ဓာတ်ပုံလေးကို အကြောင်းပြုပြီးတော့ပဲ သူနဲ့ကျွန်တော် သူငယ်ချင်းတွေ ဖြစ်ခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက် နှလုံးသားချင်း အနီးဆုံးနေရာမှာ မထင်မှတ်ဘဲ အတူတူ ရောက်သွားကြပြီး တစ်ယောက်ခံစားချက်ကို တစ်ယောက်က နားလည်ရင်းနဲ့ပဲ တစ်ယောက်ရဲ့ အပျော်တွေ တက်ကြွမှုတွေ ရွှင်လန်းမှုတွေ စိတ်ကူးတွေ အိပ်မက်တွေကို နောက်တစ်ယောက်က ထပ်တူထပ်မျှ ခံစားပေးဖြစ်ကြတဲ့ လူနှစ်ယောက်ရဲ့ ဆက်ဆံရေးကို သူငယ်ချင်းဆိုတာထက် ပိုတဲ့ ဝေါဟာရရှိသေးတယ်ဆိုရင် အဲသည်ဝေါဟာရနဲ့ ကင်ပွန်းတပ်ပြီး ပြောပြချင်တယ်။
.
. . . ဒီလိုနဲ့ အောက်တိုဘာလဆန်းမှာ ကျောင်းတွေဖွင့်တယ်။ တက်ရသမျှ အတန်းတွေကို သူက စိတ်လက်ရွှင်မြူးလှုပ်ရှားစွာနဲ့ တက်တယ်။ အသစ်အသစ်သော အပေါင်းအသင်းတွေ အတန်းဖော်တွေကို သူက စိတ်လိုလက်ရ မိတ်ဖွဲ့တယ်။ သူ့ကို ကြည့်လိုက်ရင် သူ့အတန်းဖော် သူငယ်ချင်းတွေ ကောင်လေးတွေ ကောင်မလေးတွေကြားမှာ အမြဲတက်ကြွရွှင်လန်းတဲ့ အပြုံးနဲ့ ရဲဝံ့မာန်ပါတဲ့ ခြေလှမ်းတွေနဲ့ အနာဂတ်ကို ယုံကြည်ကိုးစားတဲ့ လေသံတွေနဲ့ ထက်သန်စူးရှတဲ့ ဆွေးနွေးချက်တွေနဲ့ နောက်ပြီး သူများတွေ မမြင်တဲ့ ရှုထောင့်ကနေ မှတ်တမ်းတင်ထားတဲ့ မြင်ကွင်းသစ်ဓာတ်ပုံတွေကို ဖန်တီးလို့
.
. . . ဒီလိုနဲ့ ဆောင်းဦးရွက်ကြွေရာသီက တရွေ့ရွေ့ကုန်ဆုံး၊ သစ်ရွက်တွေ ၀ါရာကကြွေ အပင်ပေါ်က တဖြုတ်ဖြုတ်နဲ့ လွင့်၊ ရာသီဥတုကလည်း တဖြည်းဖြည်းနဲ့ အအေးဘက်ကိုရောက်လာ၊ ရွှေအိုရောင်ဆမ်းတဲ့ ညနေတွေ အရင်ကထက် ပိုလှလာပေမယ့် အအေးဓာတ်ရဲ့ ထွေးပွေ့မှုကို မခံနိုင်လို့ အခန်းထဲဝင်ပြေးကြရ၊ တိမ်တောက်တဲ့ ညနေတွေကို အိပ်ခန်းပြတင်းကနေ ငေးကြည့်နေလိုက်ကြရာကနေ သစ်ရွက်တွေလည်း ကုန်၊ အအေးဓာတ်က ပိုပြင်းထန်လာပြီး လောကဓာတ်တစ်ခုလုံး သစ်ပင်တွေ အရိုးပြိုင်းပြိုင်းဖြစ်သွားတဲ့ အချိန်မှာ ကျွန်တော်တို့ တစ်ခါမှ မမြင်ဖူးတဲ့ နှင်းပွင့်လေးတွေကို ဘ၀မှာ ပထမဆုံးအကြိမ် ထိတွေ့ကျီစယ်ခွင့်ရတဲ့အချိန်ကို ရောက်လာခဲ့တယ်။
.
. . . အပြင်မှာ နှင်းတွေကျလာပြီလဲဆိုရော စာသင်ခန်းထဲက ဆင်းပြေးပြီး နှင်းတွေထဲမှာ မြူးထူးခုန်ပေါက်နေတဲ့သူ့ကို ကြည့်ရတာ လွတ်လပ်ပေါ့ပါးလိုက်တာ။ တကယ့်ကို အပူအပင်ကင်းတဲ့ ကလေးလေးတစ်ယောက် ကွင်းပြင်ထဲ ပတ်ပြေးနေသလိုမျိုး၊ ကျွန်တော်တို့တွေ စိတ်လက်ပေါ့ပါးစွာနဲ့ နှင်းတွေကို ဖမ်းဆုပ်ဖို့ ကြိုးစားကြတယ်။ အစပိုင်းမှာ ဖွဲဖွဲလေးကျတဲ့နှင်းဆိုတာ ဘယ်လို ဖမ်းဆုပ်လို့ ရပါ့မလဲ။ လေထဲမှာပဲ အပွင့်အဖြစ်ရှိနေတဲ့ နှင်းတွေ လက်ထဲရောက်တာနဲ့ ချက်ချင်းပျောက်သွားတဲ့ နှင်းတွေကို ဖမ်းမိသယောင် ကစားကြတယ်။ ပြေးကြတယ် လိုက်ကြတယ်။ တကယ့် ကလေးလေးတွေလိုပဲ ကျွန်တော်တို့ ပျော်ခဲ့ကြတယ်။
.
. . . တစ်လောကလုံး မြင်မြင်ကရာ ဖြူဖြူဖွေးနေတဲ့ နှင်းတွေကလွဲပြီး ဘာကိုမျှ မမြင်ရတဲ့ ဆောင်းရာသီဆိုတာကြီးက ပျင်းစရာကြီးမို့ မြန်မြန်ကုန်စေချင်တယ်လို့ စီနီယာတွေက ပြောကြတဲ့ ဆောင်းတွင်းကို ကျွန်တော်တို့ကတော့ ဖြည်းဖြည်းပဲ ကျော်ဖြတ်ချင်ခဲ့တယ်။ အစတုန်းက ဖမ်းဆုပ်ရခက်တဲ့ နှင်းတွေက အခုကျတော့လည်း တောင်ပုံယာပုံ၊ အပြင်တောင်ထွက်လို့မရ လမ်းလျှောက်လို့မရအောင် တစ်ကိုယ်လုံးမြုပ်တဲ့ နှင်းပင်လယ်ပြင်ကြီးက အခြားသူတွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပေမယ့် သူ့အတွက်တော့ စိတ်လက်ရွှင်မြူးစရာ ကစားကွင်းအသစ်ကြီးလို။ ကျွန်တော်တို့ နှင်းထဲမှာ ထွက်ပြီး ကလေးတွေလို အော်ဟစ်မြူးတူးကြတယ်။ နှင်းတွေကို ခဲလုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် ပစ်ပေါက်ကစားကြတယ်။ နှင်းလျှောစီးကွင်းသွားပြီး မတတ်တတတ်နဲ့ နှင်းလျှောစီးကြတယ်။ ချော်လဲတဲ့အခါ နှင်းပုံထဲ ပစ်ကျတဲ့အခါ တစ်ယောက်လက်ကို တစ်ယောက်တွဲထူရင်း ခြေတွေလက်တွေ ရိုက်ချိုးထားသလို နာကျင်နေတဲ့ ကြားထဲက တစ်ယောက်မျက်နာတစ်ယောက်ကြည့်ပြီး ရယ်မောခဲ့ကြတယ်။
.
. . . ကျောင်းမှာလည်း နေသားကျလာခဲ့ကြပြီမို့ မချက်တတ်ချက်တတ်နဲ့ ချက်ထားတဲ့ ဟင်းတွေက အရသာမရှိပေမယ့်လည်း မြိန်ရေယှက်ရေ စားကောင်းခဲ့တယ်။ စာကြည့်တိုက်တွေ စာကြည့်ခန်းတွေမှာ စာထိုင်ကြည့်ရတဲ့ အရသာကို တပ်မက်တတ်လာခဲ့ပြီမို့ ညကြီးအချိန်မတော်ထိ စာကြည့်ခန်းမှာထိုင်၊ အဆောင်ပြန်ကြတဲ့အခါ မရှိရှိတာ ချက်ပြုတ်နွှေးပြုပြီး စားကြသောက်ကြ၊ မနက်ဆို ဆယ်နာရီခွဲအတန်းကို မီအောင် သူ့ထက်ငါ အိပ်ချင်မူးတူးနဲ့ ပြေးတက်ကြ၊ အတန်းထဲမှာ အိပ်ငိုက်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ရယ်ပွဲဖွဲ့ကြ၊ သင်ခန်းစာထဲက စာတွေ ဆောင်းပါးတွေ စာတမ်းတွေဖတ်ပြီး နားလည်တာမလည်တာ အပထား ငြင်းကြခုန်ကြ။ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားတွေ နိဒါန်းချီထားတဲ့ စာတမ်းတွေ အဆိုင်းမန့်တွေကို တင်ရမယ့်ရက် နီးခါမှ အပြေးအလွှား ဖြစ်သလို နိဂုံးချုပ်လိုက်ကြရ။ စာမေးပွဲရက်တွေမှာ မျက်တွင်းဟောက်ပက်နဲ့ အိပ်ရေးပျက်ကြပေမယ့် စာမေးပွဲတွေပြီးတော့လည်း မအိပ်ဘဲ လေဖောရင်း ညတွေ ကုန်ဆုံးကြရ။ သူရိုက်တဲ့ ဆောင်းမှတ်တမ်း ဓာတ်ပုံတွေကို ကျွန်တော်က ကြိုက်ကြိုက် မကြိုက်ကြိုက် ကောင်းတယ်လှတယ်ပြောပြီး သူ့ကို ပျော်အောင်ထားရနဲ့ နှင်းတွေအရည်ပျော်တဲ့ အချိန်ကို ရောက်လာခဲ့ပြန်တယ်။
.
. . . ဆရာတွေ အထပ်ထပ် သတိပေးတဲ့ကြားက နွေဦးပွင့်ဝေရဲ့ အလှမှာ ကျွန်တော်တို့ ရစ်မူး သာယာမိကြတယ်။ ဒီအချိန်ဒီအခါမှာ ပျော်စရာပါးစရာ ပွဲလမ်းသဘင်တွေများတာမို့ စာကို အာရုံထားပြီး လုပ်ဖို့လိုတယ်လို့ ဆရာတွေက သတိပေးနေတဲ့ကြားက အပျော်တွေနောက်ကို လိုက်ရင်း စာမေးပွဲနီးတော့ ကျွန်တော်တို့တွေ ဖုတ်ပူမီးတိုက်။ ဂျပန်နိုင်ငံရဲ့ ကျော်ကြားလှတဲ့ ဆာကုရတွေ ပွင့်တဲ့အချိန်၊ ဟနမိလို့ခေါ်တဲ့ ပန်းကြည့်ပွဲတော်တွေ တခြိမ့်ခြိမ့်ကျင်းပတဲ့အချိန်၊ တစ်ဆောင်းလုံး မြေကြီးအောက်မှာ ပုန်းနေရရှာတဲ့ ပန်းရောင်စုံလေးတွေသာမက တစ်ဆောင်းတွင်းလုံး အနွေးထည်ထူထူကြီးတွေအောက်မှာ ပုန်းနေကြရတဲ့ လုံမပျိုလေးတွေရဲ့ အလှတရားတွေ ပွင့်လန်းထွန်းပလာတဲ့ နွေဦးပွင့်ဝေရာသီ။ ဒီကျောင်းပတ်ဝန်းကျင်နဲ့ အသားကျဖြစ်လာပြီလို့ ဆိုပေတဲ့ ကျွန်တော်တို့ရဲ့ ထက်သန်တက်ကြွမှုတွေက အရာရာကို စူးစမ်းရင်ခုန်စိတ်နဲ့ မြင်တတ်နေတဲ့ နှလုံးသားတွေထဲမှာ မြင်မြင်သမျှ ဘယ်အရာတွေကမှ ကျွန်တော်တို့ကို ပျင်းရိငြီးငွေ့အောင် မစွမ်းဆောင်နိုင်ခဲ့ဘူး။
.
. . . သူသာ ကျောင်းကို ပြန်မလာတော့ဘူးဆိုတာ ကြိုသိခဲ့ရင် နွေကျောင်းပိတ်ရက် သူ့နိုင်ငံကိုပြန်မယ့် အစီအစဉ်ကို ကျွန်တော်က တားခဲ့မိမှာ အသေအချာ။ ဟုတ်တယ် ကျွန်တော်တို့က တစ်ယောက်နှလုံးသားကို တစ်ယောက်က ထွင်းဖောက်သိမြင်တဲ့ နှလုံးသားတစ်ခုနဲ့ လူနှစ်ယောက်လို ဖြစ်နေတာမို့ သူက နားမထောင်သည့်တိုင်အောင် သူ့ကို ကျွန်တော် တားပိုင်ခွင့်ရှိတယ်လို့ ယုံကြည်တယ်လေ။ သူကတော့ ကျောင်းဖွင့်ရင် ပြန်လာခဲ့ပါမယ်ဆိုတဲ့ ကတိတွေ အထပ်ထပ်ပေး။ ကျောင်းပရ၀ုဏ်က မခွာနိုင်တဲ့ ကျွန်တော့်ကို ထားပြီး သူပြန်သွားခဲ့။
.
. . . ကျောင်းမှာပဲ ကျန်ခဲ့တဲ့ နွေဆိုတဲ့ ရာသီဟာ ကျွန်တော့်အတွက်တော့ ပူလောင်လွန်းလှတယ်ထင်ရ။ ကျန်တဲ့ ရာသီသုံးခုက လှပနေသလောက် နွေဆိုတာ အလှတရား တစ်စက်ကမှ မရှိတဲ့ ရာသီ။ ပူလောင်လှတဲ့ နှစ်လတာနွေကို ကျော်ဖြတ်အပြီးမှာတော့ လေညင်းလေးတွေ တစိမ့်စိမ့်သွေးတဲ့ ဆောင်းဦးရွက်ကြွေကို တစ်ခါပြန်ရောက်လာပြန်တယ်။ တဖွဲဖွဲပြန်လာကြတဲ့ ကျောင်းသားတွေကြား သူ့ကို ရှာမိပေမယ့် သူကတော့ ကျောင်းကို ပြန်ရောက်မလာခဲ့။ ဘယ်သူ့ကမှလည်း သူ့အကြောင်း မပြောကြသလို ဘယ်သူ့ကိုမှလည်း သူ့အကြောင်း မေးလို့မရ။ သူပြန်လာခဲ့ပါ့မယ်ဆိုတဲ့ ကတိစကားတစ်ခုကို ကိုးစားပြီး စောင့်နေခဲ့ရတာ အခုဆို သစ်ရွက်တွေ သုံးခါဝါပြီး နှင်းတွေ သုံးခါဝေပြီးပေါ့။
.
. . . ဒီကျောင်းပရ၀ုဏ်က ကျွန်တော့်နဲ့ နှလုံးသားချင်းအတူဆုံးသူ၊ သူ့ကိုယ်သူ မိုမိုတာရောလို့ နာမည်ပေးထားတဲ့ ကျွန်တော့်ရဲ့ သူရဲကောင်း၊ အခု သစ်ရွက်တွေ အရောင်ပြောင်းချိန်ရောက်ပြန်ပြီမို့ ငါ့ဆီ ဆက်ဆက်ပြန်လာခဲ့ပါတော့။ မင်းကို စောင့်နေခဲ့ရတာ သစ်ရွက်တွေတောင် သုံးခါကြွေပြီးသွားခဲ့ပါပြီ။ ပေးခဲ့တဲ့ ကတိအတိုင်း ပြန်လာချိန်လည်း တန်နေပြီမို့ . . .
.
မောင်လွမ်းဝေ
၁ စက်တင်ဘာ ၂၀၁၈

No comments:

Post a Comment